ဒေါသနည်းအောင်နေနည်း

>> Tuesday, December 8, 2009

ယခုတလောမှာ ဘ၀ရဲ့အဆင်မပြေမူများကြောင့် ဒေါသ၊သောကတွေဖြစ်ခဲ့မိပါတယ်။ အဲဒီအချိန်မှာ ယခုစာပေတရား အားဆေးတစ်ခွက်ကို သောက်လိုက်ရပါတယ်။ ရင်တွင်းက ဒေါသ၊သောကမီးတွေ အေးငြိမ်းသွားလို့ တဆင့်မျှဝေပေးလိုက်မိပါတယ်။
နှစ်သက်သောစာစုများ
ရွှေလမ်းငွေလမ်းဝင်းကြည်


“ဒေါသနည်းအောင်နေနည်း"
လူတိုင်းစိတ်ပင်ပန်းရတာ သက်သာအောင် အကောင်းဆုံး လုပ်နည်းက
တတ်နိုင်သလောက်ကြိုတင်ကာကွယ်တဲ့ နည်းပါပဲ။

• သွားစရာရှိရင် လိုက်မယ့်သူတွေကို ကြိုကြိုတင်တင် ပြောထားပါ၊
ကပ်ပြီးမှပြောရင်ပြင်ဆင်ချိန်မလောက်လို့စောင့်နေတဲ့အခါမှာ စိတ်တို တတ်တယ်။

• သုံးနေကျပစ္စည်းကို ကြိုကြိုတင်တင်ဝယ်ထားပါ၊ သုံးချင်တဲ့အချိန်ကျမှ ကုန်နေလို့
စိတ်တိုတာမဖြစ်အောင်နော်။

• ကတိအကြွေးတွေဟာ စိတ်ကို ပင်ပန်းစေတယ်၊ ဒါကြောင့် ကတိကို
လွယ်လွယ်နဲ့မပေးပါနဲ့။ ကတိပေးပြီးမှမတည်နိုင်တဲ့အခါစိတ် ဆင်းရဲ ရတယ်၊
စိတ်တိုရတယ်၊ ကတိမတည်တဲ့သူလို့အပြောခံရတဲ့အခါ ရှက်တယ်၊ ဒေါသဖြစ်တယ်။

• မတတ်နိုင်လောက်အောင် မြင့်လွန်းနေတာမျိုးကို မမှန်းပါနဲ့။
ကိုယ့်ရည်မှန်းချက်ဟာ ကိုယ့်အခြေအနေနဲ့ ကိုက်ညီဖို့လိုတယ်။ ကိုယ့်
ရည်မှန်းချက်ကို နဲနဲချင်း ဖြေးဖြေးမြှင့်ပါ ။

• ကိုယ့်အတွက် အရေးကြီးတဲ့ ကိစ္စကိုလုပ်ဖို့ အချိန်လုံလောက် အောင်စီစဉ်ထားပါ။
အရေးမကြီးတာတွေကို အရင်လုပ်ပြီး ပင်ပန်းသွားတဲ့အခါကျမှ အရေးကြီးတာကိုလုပ်ရင်
ပိုပြီးစိတ်ပင်ပန်း တယ်။ ဒါကြောင့် အရေးကြီးတာကို အရင်လုပ်ပါ။ အရေးကြီးတာကို
အရင်လုပ်ပြီးရင် စိတ်ပေါ့ပါးသွားလို့ သိပ်အရေးမကြီးတာကိုလုပ်ဖို့ အားတက်လာမယ် ။

• စနစ်တကျလုပ်တတ်တဲ့အကျင့်ကို လေ့ကျင့်ထားပါ။ စနစ်ရှိရင် အချိန်ကုန်သက်သာတယ်၊
အမှားနည်းတယ်၊ စိတ်ပင်ပန်း လူပင်ပန်း ရတာလဲနည်းတယ်။ အဲဒါကြောင့် စိတ်တိုရတာ
ဒေါသဖြစ်ရတာပါ နဲသွားတယ်။ ပုံမှန်အချိန်ဇယားနဲ့ လုပ်လို့ဖြစ်တာမျိုးကို
သူ့အချိန်ကျ ရင်လုပ်ဖြစ်အောင် အကျင့်လုပ်ထားတာကောင်းတယ်။ အခုလုပ် ရမလား၊
နောက်မှလုပ်ရမလားလို့ တွေးမနေရတော့ဘူး။ အဲဒါကိုက အချိန်ကုန်သက်သာသလို
စိတ်ပင်ပန်းတာလဲ သက်သာပါတယ်။

• ကိုနေရတဲ့နေရာ၊ ကိုယ်အလုပ် လုပ်တဲ့နေရာကို တတ်နိုင်သလောက်
သန့်ရှင်းသပ်ရပ်အောင် လှပအောင်ပြုပြင်ပါ။ ရှုပ်ထွေး၊ ညစ်ပတ်၊ နံစော်
နေတဲ့နေရာမျိုးမှာ အလုပ်လုပ်ရရင် စိတ်ကြည်လင်မှာ မဟုတ်ဘူး။

• စိတ်ကြည်လင်စေမှုကို ဖျက်စီးတတ်တဲ့ အရာမျိုးတွေကို ကိုယ်မြင်နိုင်
တဲ့နေရာမှာမရှိပါစေနဲ့။ နံရံပေါ်မှာ၊ စာအုပ်စင်ပေါ်မှာ၊ အလုပ်စားပွဲ ပေါ်မှာ
စိတ်ကိုအနှောက်အယှက်ပေးနိုင်တဲ့အရာတွေကို မရှိပါစေနဲ့။ စိတ်တိုစရာကိစ္စ၊
စိတ်ညစ်စရာကိစ္စ၊ အဟောင်းကိုအသစ်ဖြစ်အောင် လုပ်မဲ့ ပစ္စည်းမျိုးကို
မြင်နိုင်တဲ့နေရာမှာ မထားတာကောင်းတယ်။ ကြည့်လိုက်တာနဲ့
စိတ်ကိုကြည်လင်အေးချမ်းသွားစေနိုင်တဲ့ ရှုခင်း ဓါတ်ပုံမျိုးကို မြင်သာတဲ့နေရာမှာ
ထားပါ။ ရေခဲတောင် ဓါတ်ပုံမျိုး၊ ရေကန်ကြီးကြီး ဓါတ်ပုံမျိုးကို ကြည့်ပြီး
အဲဒိနေရာမျိုးမှာ ကိုယ်ရောက် နေတယ်လို့ မှန်းကြည့်ပါ။ ကိုမြင်သမျှ
ကြားသမျှအရာတွေဟာ ကိုယ့်စိတ်ကို လွှမ်းမိုးတယ်။ ဒါကြောင့် မမြင်ရရင်ကောင်းတဲ့
အရာတွေကို ဝေးဝေးပို့ထားပါ၊ ဝေးလေကောင်းလေပဲ။ ပစ္စည်းတွေက ကိုယ့်စိတ်ကို
ချောက်ချားစေနိုင်တယ်။ ဘာပစ္စည်းမှမရှိရင် ဘာအနှောက်အယှက်မှ မရှိဘူး။

• အနံ့အသက်ဆိုးတွေ၊ မီးခိုးတွေ၊ ဆူညံသံတွေ မရှိအောင် လုပ်နိုင်ရင်ကောင်းတယ်။
မရှိအောင်မတတ်နိုင်ရင်တော့ နဲနိုင်သမျှ နဲအောင် လုပ်ပါ။

• ကိုယ်ကအောင်မြင်လေလေ ကိုယ့်ကိုတွေ့ချင်တဲ့သူ၊ ကိုယ့်ဆီက
အကူအညီတောင်းချင်သူတွေ များလာလေဖြစ်တတ်တာ သဘာဝပဲ။ တစ်ခါတစ်လေ ကိုယ်မအားတုန်း
အလုပ်များနေတုန်း သူတို့ကတွေ့ချင် အကူအညီတောင်းချင်နေလို့ မရမက လုပ်လာရင်လည်း
စိတ်အနှောက်အယှက်ဖြစ်ရတယ်။

• စိတ်အေးအေးချမ်းချမ်းနေချင်ရင် သူများအကြောင်းကို တတ်နိုင် သလောက်
မပြောပဲနေတာကောင်းတယ်။ အထူးသဖြင့် သူများ မကောင်းကြောင်းကို
မပြောပဲနေတာကောင်းတယ်။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်ပြီး ပြောတာမျိုးကို
အထူးရှောင်သင့်တယ်။ ကိုယ်ကသူများ မကောင်းကြောင်းကိုပြောရင်
ကိုယ့်မကောင်းကြောင်း ကိုလည်း သူများက ပြောမှာသေချာတယ်။ အဲဒါနဲ့ပဲ
ကိုယ့်စိတ်ကြည်လင်မှု ပျက်ရတယ်။ ကိုယ့်အကြောင်းကို သူများကမကောင်းပြောရင်တောင်မှ
သူပြောတာမဟုတ်ကြောင်းကိုပဲ အေးအေးဆေးဆေးပြောပြီး သူ့မကောင်း ကြောင်းကိုတော့
ဟုတ်နေရင်တောင်မှ မပြောပဲထား လိုက်တာက ပိုကောင်းတယ်။ ကိုယ်ကသဘောထားကြီးကြီး
ထားဖို့လိုတယ် ။

• စိတ်အနှောက်အယှက်ဖြစ်ရတာ နဲချင်ရင် မလိုအပ်ပဲနဲ့ လူများ များနဲ့မရောပါနဲ့။
အလုပ်များတဲ့သူဟာ တစ်နေ့ တစ်နေ့ လူတွေနဲ့စကားပြောရတာ နဲမှာမဟုတ်ဘူး။
အခက်အခဲရှိလို့ပြော ချင်ရင်၊ တိုင်ပင်ချင်ရင် တကယ်ကောင်းတဲ့ အကြံဥာဏ်မျိုး
ပေးနိုင်မဲ့သူကိုပဲပြောပါ။ မဆိုင်တဲ့သူတွေကိုမပြောပါနဲ့။ စိတ်ပျက် စရာကို
ပြောတတ်တဲ့သူတွေကို ဘယ်တော့မှ မပြောပါနဲ့။
စိတ်ပျက်စရာကိုပြောတတ်တဲ့သူကိုပြောရင် ကိုယ်ပါစိတ်ဓါတ်ကျမယ်။
စိုးရိမ်စိတ်တွေများလာမယ်။ စိတ်ပင်ပန်းမယ်။ ကိုယ်လုပ်မဲ့ အလုပ်မျိုးကို
လုပ်နေတဲ့သူ၊ အတွေ့အကြုံများတဲ့သူမှသာ ကိုယ့်အခက်အခဲကိုနာလည်မယ်။
ဒါကြောင့်ဘယ်သူနဲ့ တိုင်ပင်တယ် ဆိုတာကို သေသေချာချာစဉ်းစားပါ။

• အေးအေးဆေးဆေး ပြောတတ်အောင် လေ့ကျင့်ပါ။ အေးအေး ဆေးဆေးလုပ်တတ်အောင်လေ့ကျင့်ပါ။
အလျင်လိုတဲ့အကျင့်ဟာ စိတ်ပင်ပန်းစေတယ်။ အလျင်လိုနေရင် စိတ်မရှည်ဘူး။ အလျင်လိုနေ
တဲ့သူဟာ စိတ်တိုဖို့ပိုများတယ်။ မှားလို့ပြန်လုပ်ရရင် အချိန်ပိုကုန်တယ်။
ဒါကြောင့် ``အရင်လိုရင် အရနှေးတယ်´´ လို့ပြောတာ။ စိတ်ရှည်ရှည်နဲ့ သေသေချာချာ
တိတိကျကျ လုပ်တတ်တဲ့အလေ့အကျင့်ဟာ ရေရှည်မှာ စိတ်အေးချမ်းမှုကိုပေး တယ် ။

• လတ်တလောအဆင်ပြေအောင်လွယ်လွယ်နဲ့ကတိမပေးလိုက်ပါနဲ့။
ကိုယ့်ကိုသဘောကျအောင်ဘာတွေပေးမယ်၊ ဘာတွေလုပ်ပေးမယ်၊ ဘယ်လိုအခွင့်အရေးတွေပေးမယ်
ဆိုတာမျိုးကို မစားရ၀ခမန်း မပြောပါနဲ့။ ကိုယ်ကို အင်မတန်သဘောကောင်း
တယ်လို့မြင်စေချင်လို့ ချက်ချင်းဝမ်းသာသွားအောင်မပြောပါနဲ့။ ပြောတုန်းမှာ
လွယ်လွယ်နဲ့ ပြောပြီး တကယ်လုပ်တဲ့အခါ ကိုယ်မတတ်နိုင်ရင် မူလက ကိုယ့်
စေတနာမှန်ပေမယ့်လည်း ကိုယ့်စေတနာကို တဖက်ကယုံမှာ မဟုတ်ဘူး။ အပြောနဲ့
အလုပ်မညီတာတွေများလာတဲ့အခါ ကိုယ့်စကားကို ကြာတော့ ဘယ်သူမှ
ယုံတော့မှာမဟုတ်တော့ဘူး။ တကယ်ပေးနိုင်မှ၊ တကယ်လုပ်ပေးနိုင်မှပဲ ပြောပါ။
ပေးနိုင် တာထက် နည်းနည်းလျှော့ပြောတာကောင်းတယ်။

• အရေးမကြီးတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ညင်းတာခုံတာကို မလုပ်ပါနဲ့။
ဘာမှမဟုတ်တာကို ညင်းခုံကြရင်း ရန်ဖြစ်ရတာ စိတ်ဆင်းရဲရတာတွေ တော်တော်များပါတယ်။
ဒါကြောင့်အရေးကြီးတဲ့ အလုပ်တွေကို လုပ်နေတဲ့သူဟာ အရေးမကြီးတာတွေကို
ကိုသိတိုင်းလည်း မပြောသင့်ဘူး။ မေးတိုင်းလည်းမဖြေသင့်ဘူး။

• အရေးမကြီးတဲ့ကိစ္စမှာ သူများမှားနေလည်း သူ့အမှားကို သူသိလာအောင်
စောင့်သင့်တယ်။ ကိုယ်မှန်တိုင် ၀င်ပြောပြီး အနိုင်မယူသင့်ဘူး။
နိုင်လို့ရတိုင်းနိုင်ချင်တာဟာ မရင့်ကျက်တဲ့ စိတ်ထားဖြစ်တယ်။
စိတ်ချမ်းသာချင်ရင် ရင့်ကျက်တဲ့စိတ်ထား၊
သဘောထားကြီးတဲ့စိတ်ထားမျိုးကိုမွေးယူရမယ်။

• ဘယ်အလုပ်မျိုးဖြစ်ဖြစ် အဆင်မပြေမှုရှိပါတယ်၊ အခက်အခဲရှိပါတယ်။
ဆရာဝန်အလုပ်ခက်သလို၊ ကျောင်းဆရာအလုပ်လည်းခက်ပါတယ်။ ဈေးရောင်းတဲ့အလုပ်ခက်သလို
ကားမောင်းတဲ့အလုပ်လည်း ခက်ပါ တယ်။ ကားမောင်းတဲ့အလုပ်က စိတ်ရှည်ဖို့
တော်တော်လိုပါတယ်။ ဆရာဝန်အလုပ်လည်းစိတ်ရှည်ဖို့လိုပါတယ်။ လူနာရဲ့ အသက်ကို
လုနေရတဲ့အခါမျိုးမှာ သေးမင်းနဲ့ရင်ဆိုင်တိုက်ပွဲလိုဖြစ်နေတဲ့အခါမှာ
တော်တော်ပင်ပန်းပါတယ်။ လူနာက အားကိုး တကြီးနဲ့ကြည့်တဲ့ မျက်လုံရဲ့အဓိပ္ပါယ်ဟာ
ဆရာဝန်တွေရဲ့ စိတ်မှာ ပြင်းထန်တဲ့ ကရုဏာကို ဖြစ်စေတယ်။ ကျောင်းဆရာ၊
ဆရာမတွေကလည်း စိတ်ရှည်ဖို့လိုပါတယ်။ စာမေးပွဲကျတဲ့ကျောင်းသားရဲ့ စိတ်မှာ
ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတော့သလိုဖြစ်သွားတာဟာ တော်တော်
သနားစရာကောင်းပါတယ်။ ကိုယ့်တပည့်လေးအောင်ပါ့မလားဆိုပြီး ဆရာတွေ ဆရာမတွေ
သောကဖြစ်ရတယ်။ မိဘတွေ ဆင်းဆင်းရဲရဲနဲ့ သားသမီးကို ပညာတတ်စေချင်လို့
ကျောင်းထားတယ်။ စားမေးပွဲကျရင် ဆက်ထားဖို့မလွယ်တော့ဘူး။

• လူများများနဲ့ ဆက်ဆံရတဲ့အလုပ်တွေက ဆက်ဆံရေးအခက်အခဲ အမြဲရှိပါတယ်။
လူတိုင်းကိုစိတ်ကျေနပ်အောင်ဘယ်သူမှ လုပ်မပေး နိုင်ဘူး။ မကျေနပ်တဲ့သူက
အပြစ်တင်မယ်၊ မကောင်းပြောမယ်။ အဲဒီအခါ စိတ်တိုမယ်၊ ဒေါသဖြစ်မယ်၊ စိတ်ဓါတ်ကျမယ်။
ဒါကြောင့် ကိုယ့်အလုပ်နဲ့ပတ်သက်ပြီး ဖြစ်နိုင်တဲ့အခက်အခဲတွေကို ကြိုတင်ပြီး
တွေးထားပြီးတော့ ဒီအခက်အခဲမျိုးကတော့ တွေ့ရမှာသေချာတယ်၊ ဒီလိုအပြောမျိုးတော့
ခံရမှာသေချာတယ်၊ ဒါကြောင့် အခက်အခဲနဲ့တွေ့ရတဲ့အခါ၊ အပြောခံရတဲ့အခါ
စိတ်မပျက်ဘူး၊ စိတ်မညစ်ဘူ။ စိတ်ရှည်ရှည်ထားမယ်လို့မကြာခဏ နှလုံးသွင်းပါ။

လူတွေပေါ်မှာ တတ်နိုင်သလောက် စိတ်ရှည်ရှည်ထားပါ။ သူတို့ကိုနားလည်ဖို့ကြိုးစားပါ။
ဒေါသအလျောက် နာသွားအောင် မပြောပါနဲ့၊ ကိုယ့်စေတနာက မှားနေရင် ကိုယ့်စေတနာက
ကိုယ့်ကိုအကျိုးပေးမှာပါပဲ။ ပြဿနာ တော်တော်များများဟာ ဆက်ဆံရေးအဆင်မပြေလို့
ဖြစ်ရတာပါ။ တစ်ယောက် ပြောချင်တာကို တစ်ယောက်ဆုံးအောင် နားမထောင်ရင် တစ်ယောက်ကို
တစ်ယောက် နားလည်မှာမဟုတ်ဘူး။ တစ်ယောက် စကားကို တစ်ယောက် အဓိပ္ပါယ်မှန်အောင်
မကောက်နိုင်ရင် အထင်လွဲတာတွေ ဖြစ်လာမယ်။ ဒါကြောင့် ဆက်ဆံရေး အဆင်ပြေချင်ရင်
တဖက်သား ပြောချင်နေတာကို ဂရုတစိုက် နားထောင်ပါ။ သူ့စိတ်ထဲမှာ ပြောချင်နေတာကို
ပြောခွင့်ပေးပါ။ အထူးသဖြင့် အရေးကြီးတဲ့ ကိစ္စပြောမယ်ဆိုရင် အထင်လွဲတာမဖြစ်ဖို့
ပိုပြီးအရေးကြီးတယ်။ သူပြောချင်နေတာကို ပြည့်ပြည့်စုံစုံ ပြောနိုင်အောင် သူ့ကို
မေးခွန်းတွေမေးပြီး ရှင်းခိုင်းပါ။ သူ့အခက်အခဲကို ကိုယ်က ကိုယ်ချင်စာပါတယ်
ဆိုတာကို သူသိအောင်ပြောပါ။ တစ်ယောက်ရဲ့ အခက်အခဲကို တစ်ယောက်ကူညီပြီးနေသွားရတာ
ကျေနပ်စရာ သိပ်ကောင်းပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် တစ်ကယ် နားလည်မှုရသွားရင်
စိတ်သက်သာမှုရတယ်။ ကိုယ့်ဘ၀မှာ အရေးပါတဲ့သူရဲ့ အထင်လွဲမှုကို ခံရတာ စိတ်ဆင်းရဲစရာ
သိပ်ကောင်းတယ်။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် အထင်လွဲနေရင်
လေးလေးစားစားဆွေးနွေးပါ။

လောကီအတွက်ပါ အကျိုးပေးတဲ့ ဆုံးမသြ၀ါဒပါ။ ၀ိပဿနာတရားတွေကို
အမြဲရှုပွားနေနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဆရာတော်ရဲ့ သြ၀ါဒက ချက်ချင်းစိတ်ကို
ငြိမ်းချမ်းစေနိုင်ပါတယ်။ စိတ်ကလေးကြည်လင်နေတဲ့အခါ ခန္ဓာဉာဏ်ရောက်တရားများကို
အားစိုက်နာကြည့်လိုက်ပါ။ ဒါမမဟုတ် ၀ိပဿနာတရားအားထုတ်ကြည့်ပါ။ အင်မတန်ကို
ချမ်းသာသုခ ရနေတဲ့အချိန်ပါ။ ဓမ္မမိတ်ဆွေများလည်း ဆရာတော် ပြောပြဆုံးမသည့်အတိုင်း
လိုက်နာကျင့်သုံးနိုင်ပါစေ။ ဘ၀မှာ စိတ်အချမ်းသာဆုံးနေနိုင်ကြပါစေ။
*ဆရာတော်ဦးဇောတိက
http://refineplace.myanmarbloggers.info/
ကိုငယ် ဘလော့မှ ကူးယူဖော်ပြပေးပါသည်။
ဝိမုတ္တိသုခ ဘလော့မှ ကျွန်တော်က ပြန်လည် ကူးယူဖော်ပြပါသည်

Read more...

သင်ဘာရည်ရွယ်ချက်နဲ့လူဖြစ်နေတာလဲ ...သီတဂူဆရာတော်

>> Monday, December 7, 2009

အားလုံးသော လူတိုင်း လူတိုင်းကိုပေါ့ ဘာရည်ရွယ်ချက်နဲ့ လူဖြစ်နေသလဲ? လူဖြစ်ရခြင်းရဲ့ ရည်ရွက်ချက်က ဘာလဲ? လို့မေးရင် တိကျမှန်ကန်စွာ ဖြေနိုင်ဖို့တော့ ခက်ခဲမယ် ထင်ပါရဲ့

ဥပမာ ဆိုပါစို့
လူတစ်ယောက်ကို မေးမယ် သူက ဆရာဝန်ကြီး လုပ်မယ်၊ တစ်ယောက်က အင်ဂျင်နီယာ၊ တစ်ယောက်က ဂျာနယ်လစ် တစ်ယောက်က သတင်းစာဆရာ ဘာ ညာ စသဖြင့်ပေါ့ သူတို့တွေ အားလုံးရဲ့ ရည်ရွက်ချက်တွေ မတူညီတာကို တွေ့ရပါလိမ့်မယ်။ တူညီမူ မရှိဘဲ ထွက်လာပါလိမ့်မယ်။ ကဲ ဒီလိုဆိုရင် လူတစ်ထောင်ရှိရင် ရည်ရွယ်ချက် တစ်ထောင် ထွက်လာနိုင်တာ ပေါ့နော်။

လူသားတိုင်းမှာ မရှိမဖြစ်တဲ့ ရည်ရွယ်ချက် ရှိသင့်တာပေါ့။ အဲဒီ ရည်ရွယ်ချက်က လူသားအားလုံးနဲ့ ဆိုင်တဲ့ common ဖြစ်တဲ့ ရည်ရွယ်ချက် ဖြစ်ရမယ်။ အဲဒီ ရည်ရွယ်ချက်က ဘာလဲဆိုလို့ရှိရင် တို့များရဲ့ ဗုဒ္ဓ ဘုရားရှင်က ဟောထားပါတယ်။ အားလုံးလဲ သိကြ၊ ရဖူးကြမှာပါ ပရိတ်ကြီးးထဲက ရတနာ့ သုတ်ထဲမှာ ပါပါတယ်။

လောကတ္ထစရိယ၊ ဥာတတ္ထစရိယ၊ ဗုဒ္ဓတ္ထစရိယာတိ တိေဿာ စရိယာယော......လို့

လောကတ္ထစရိယ- ဆိုတာ
ချစ်သူ၊ မုန်းသူ၊ လူကောင်း၊ လူဆိုး၊ ဝေးသူ၊ နီးသူ၊ ဖြူသူ၊ မဲသူ၊ ကိုးကွယ်တဲ့ ဘာသာအမျိုးမျိုး အသားအရောင် အမျိုးမျိုး၊ လူမျိုး အထွေထွေ ဘယ်မျက်နှာမှ မကြည့်ဘဲနဲ့ အသက်ရှိသတ္တ၀ါ အားလုံးရဲ့ ကောင်းကျိုးကို ငါဆောင်ရွက်မယ် ဆိုတဲ့ ရည်ရွယ်ချက်ကို လောကတ္ထ စရိယ လို့ဆိုပါတယ်။ ဒီလူ့အကျိုးတော့ ငါဆောင်ရွက်မယ်၊ ဟိုလူ့အကျိုးတော့ ငါမဆောင်ရွက်ဘူး ဒီလို မဟုတ်ဘဲ အလွန် ကျယ်ပြန့်တဲ့ ရည်ရွယ်ချက် နံပါတ် တစ် လောကတ္ထစရိယ၊ အားလုံး သေသည်အထိ နှလုံးသားထဲမှာ စွဲနေအောင် မှတ်ထားစေချင် ပါတယ်။ တစ်လောကလုံး အတွက် မတတ်နိုင်ရင် နည်းနည်းလေး လျှော့လိုက်၊ ဒုတိယက ဥာတတ္ထစရိယ တဲ့

ဥာတတ္ထစရိယ- ဆိုတာ
ဆွေမျိုးများ၊ မိတ်ဆွေများ အတွက် အကျိုးစီးပွား ဖြစ်အောင် အားထုတ်ခြင်း၊
(၁) တစ်တိုင်းလုံး တစ်ပြည်လုံးမှာ ရှိတဲ့ လူသားအားလုံးတို့ရဲ့ အကျိုးစီးပွားကို ငါဆောင်ရွက်မယ်။
(၂) အဲဒီလောက် မလုပ်နိုင်ရင် ဘယ်လောက် လုပ်မလဲ၊ ကိုယ့်ရပ် ကိုယ့်ရွာက ကိုယ့်ဆွေကိုယ့်မျိုး များရဲ့ အကျိုးစီးပွား အတွက် ငါဆောင်ရွက်မယ်။ ရည်ရွယ်ချက် နှစ်ပါးနော် အဲဒီ ရည်ရွယ်ချက် နှစ်ပါးစလုံးက ပရဟိတ တွေချည်းပဲ။

ဗုဒ္ဓတ္ထစရိယ- ဆိုတာ
မြတ်ဗုဒ္ဓကတော့ သူ့အတွက် ဗုဒ္ဓ ဖြစ်ဖို့ဆိုတော့ “ဗုဒ္ဓတ္ထစရိယ” လို့ ပြောတာနော်၊ အဲဒါကို ဦးဇင်းတို့ စာဖတ်သူတို့နဲ့ ကိုက်ညီအောင် စကားလုံးပြောင်းပြီး ပြောရမယ် “အတ္တတ္ထ စရိယ” လို့။ အတ္တတ္ထ စရိယ - မိမိ ကိုယ်ကျိုးစီးပွားအတွက်နော်

ငါသည် လောကလူသားအားလုံးရဲ့ အကျိုးစီးပွားအလို့ငှါ လူဖြစ်လာတာ လောကတ္ထစရိယ၊ အဲဒီလောက် မတတ်နိုင်ဘူး ဆိုရင် ငါသည် ငါ့ရပ် ငါ့ရွာရဲ့ အကျိုးစီးပွါးအတွက် လူဖြစ်လာတာ ဥာတတ္ထစရိယ အဲဒီ ရည်ရွယ်ချက် နှစ်ပါးကို ဆောင်ရွက်နိုင်ဖို့ အတွက် လူသား တစ်ယောက်သည် ဘာလုပ်ရမလဲ အတ္တတ္ထ စရိယ - မိမိရဲ အကျိုးစီးပွါး ပြည့်စုံအောင် ဆောင်ရွက်ရမယ်။ အတ္တတ္ထ စရိယ- ကိုယ်ကျိုး စီးပွားလို့ ဆိုလိုက်လို့ စာဖတ်သူတို့ တစ်မျိုး သွားပြီးတော့ စိတ်မကူးနဲ့နော်၊ ငါ တိုက်ဆောက်ဖို့ ကားစီးဖို့ အရင်လုပ်ရမယ် ဆိုတာမျိုး သွားမတွေးနဲ့၊ အဲဒါ ပြောတာ မဟုတ်ဘူး ကိုယ်ကျိုးစီးပွား ဆိုတာ မိမိကိုယ်တိုင် ကိုယ်ကျင့်တရားနှင့် ပြည့်စုံဖို့၊ သီလ နဲ့ပြည့်စုံဖို့ အရင်လုပ်ရမယ်လို့ ဆိုလိုတာ သီလ ဆိုတော့ ဒို့ သီလ မတတ်နိုင်ဘူးလို့ ဒီလို သွားမတွက်နဲ့။

သီလဆိုတာ ဘာလဲ လို့မေးရင်
Bodily discipline and Verbal discipline.
This is Sila.

Bodily discipline- ဆိုတာ ကိုယ်၏ စည်းကမ်း၊
Verbal discipline- ဆိုတာ ပါးစပ်စည်းကမ်း အဲဒါကို သီလ လို့ခေါ်တယ်။

ပါဏာတိပါတာ ဝေရမဏိ- အသက်ရှိသတ္တ၀ါတွေကို မသတ်ဘူး
Not to kill any living beings.

အဒိန္နာဒါနာ ဝေရမဏိ- ပိုင်ရှင် မပေးတဲ့ပစွည်း ဘာမှ မယူဘူး၊
Not to take anything, not given by owner.

Not to do sexual misconduct -သူတပါးသားမယားကို မဖျက်စီးဘူး
လိင်နဲ့ပတ်သက်တဲ့ မှားယွင်းတဲ့ အကျင့်ကို မကျင့်ဘူး ဒါတွေဟာ ကာယကံ စည်းကမ်း၊

နောက် ဒုတိယ က
Verbal discipline- ပါးစပ်စည်းကမ်း
မုသာဝါဒါ ဝေရမဏိ -မဟုတ်မမှန်တဲ့ စကားကို မပြောဘူး
I undertake the precept not telling lie.

ရှင်းအောင် ထပ်ပြောကြစို့ ဘုန်းကြီးပြော ပြောမယ်ဆိုရင်ပေါ့
မုသာဝါဒါ၊ ပိသုဏ၀ါစာ၊ ဖရုသ၀ါစာ၊ သမ္ဖပ္ပလာပ၀ါစာ လို့လာပါတယ်။
ဒါကို ခေတ်နဲ့ ကိုက်ညီအောင် ပြောရရင်

Must be true
မှန်တာကို ပြော၊ မှန်တိုင်းလည်း ပြောရမလား ဆိုတော့ မှန်တိုင်းလည်း မပြောနဲ့တဲ့ မှန်တာတွေ အကုန်လျှောက်ပြော နေလို့ ဖြစ်တာ မဟုတ်ဘူး မဟုတ်လား။

Must be honest
ရိုးရိုးသားသား ပြော၊ ရိုးသားတဲ့ စိတ်နဲ့ပြောတဲ့

Must be polite.
ယဉ်ယဉ်ကျေးကျေးပြော တဲ့ ဒီလောက်နဲ့ ဒီစကားဟာ လုံလောက်ပြီလား ဆိုရင် မလုံလောက် သေးဘူး

Must be beneficial for others and oneself.
မိမိအတွက်ရော သူတစ်ပါးအတွက် အကျိုးဖြစ်မယ့် စကားကို ပြောရမယ်။

Must be harmonious
ညီညွတ်ရမယ် တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်ရမယ့် စကားမျိုးတွေ သွားမပြောနဲ့ ချစ်ခင်နေတဲ့ လူနှစ်ယောက် ကွဲသွားအောင် သွားမပြောနဲ့ ကွဲနေတဲ့လူကို စေ့စပ်တဲ့ စကားမျိုးပဲပြောတဲ့

Must be pleasant.
နားချမ်းသာ အောင်ပြောရမယ်

စကားအရာ အင်္ဂါ ခြောက်ပါးနော် နှလုံးသားထဲမှာ စွဲနေအောင် ဖတ်ပါ မှတ်သားပါ၊ ထိုကဲ့သို့ စကားကို ကောင်းစွာ ပြောခြင်းသည် ဘာ မင်္ဂလာ ဖြစ်သလဲ ဆိုရင် မင်္ဂလ သုတ်ထဲမှာ ပါပါတယ်၊

သုဘာသိတာစ ယာဝါစာ ဧတံမင်္ဂလ မုတ္တမံ ဆိုတာ ဘယ်လောက် ကောင်းသလဲ၊ စကားကို ကောင်းစွာ ပြောခြင်းသည် သုဘာသိတ မင်္ဂလာ ဖြစ်နေတယ်တဲ့ ဘယ်လောက် လူတွေနဲ့ ဆက်စပ်တဲ့ အဆုံးအမ တွေကို မြတ်ဗုဒ္ဓ ဆုံးမတော် မူထားသလဲ?

ကိုးကား
သီတဂူ ဆရာတော် ဘုရား၏ တောင်ကြီးတက္ကသိုလ်တွင် ဟောကြားအပ်သော တက္ကသိုလ် တရားတော်
++++++++++++++++++++++++++++++++++++++
အဖြူရောင်မေတ္တာမှကူးယူဖော်ပြပါသည်။

Read more...

မာန



ထောင်လွှား တက်ကြွခြင်း သဘောကို “မာန” လို့ ခေါ်ပါတယ်၊ ဒီမာနဟာ ထောင်လွှား တက်ကြွခြင်း သဘော ရှိပါတယ်၊ လောကမှာ ပုဂ္ဂိုလ်အတန်းအစားခွဲရင် -

၁။ သေယျပုဂ္ဂိုလ် = အထက်တန်းစားလူမျိုး၊
၂။ သဒိသပုဂ္ဂိုလ် = အများနှင့် တန်းတူလူမျိုး၊
၃။ ဟီနပုဂ္ဂိုလ် = အောက်တန်းစားလူမျိုး
ဒီလို (၃) မျိုးကို တွေ့နိုင်ပါတယ်၊ တစ်မျိုးတစ်မျိုးမှာ -

က။ သေယျမာန် = အမျိုးဥစ္စာ ပညာအဆင်း အစရှိတာနဲ့ အဖက်ဖက်က သူများထက် သာတယ် - လို့ မှတ်ထင်မှု၊
ခ။ သဒိသမာန် = အမျိုးဥစ္စာ ပညာအဆင်း အစရှိတာနဲ့ သင်းတို့နှင့် ဘာထူးသလဲ - လို့ မှတ်ထင်မှု၊
ဂ။ ဟီနမာန် = သူတို့အောက်ကျတော့ ငါက ဘာအရေးစိုက်ရမှာလဲ - လို့ မှတ်ထင်မှု။
ဒီလို သုံးမျိုးစီ ကွဲပြားနိုင်ပါတယ်။

ဒီ (၉) မျိုးထဲက သေယျပုဂ္ဂိုလ်ရဲ့ သေယျမာန်၊ သဒိသပုဂ္ဂိုလ်ရဲ့ သသိသမာန်၊ ဟီနပုဂ္ဂိုလ်ရဲ့ ဟီနမာန်ဟာ ဟုတ်မှန်တဲ့အတိုင်း မာန်မူခြင်း (ယာထာဝမာန်) မည်ပါတယ်၊ ဒီယာထာဝမာန်မျိုးကို အရဟတ္တမဂ်ကသာ ပယ်နိုင်ပါတယ်။

ဇာတိမာန်

မျိုးရိုး ကောင်းတဲ့အတွက် မာန်တက်တာ မျိုးကို ဇာတိမာန်လို့ ခေါ်ပါတယ်၊ ယခုခေတ်မှာလည်း အသင့်အတင့် မျိုးရိုး ကောင်းသူတွေ ရှိနေတတ်ပါတယ်၊ ဒါပေမယ့် ဟန်ကြီးပန်ကြီး လုပ်ကာ မာန်မာန တက်လောက်အောင် တစ်ဖက်သားကို ကိုယ့်ခြေဖ၀ါး အောက်ကလို မှတ်ထင်ရ လောက်အောင် မျိုးရိုး ကောင်းကြတာ မျိုးတော့ မဟုတ်ပါ။

ရှေးဘ၀က မထောင်လွှား မတက်ကြွ မာန်မာန မကြီးခဲ့လို့ မြင့်မြတ်တဲ့ အမျိုးဖြစ်ရတာကို အကြောင်းပြုပြီး ယခုဘ၀မှာ ထောင်လွှား တက်ကြွ မာန်မာန ကြီးနေခဲ့ပါလျှင် နောင်ဘ၀ သံသရာမှာ ယုတ်ညံ့ အောက်ကျ သူတစ်ပါးရဲ့ ခြေဖ၀ါးအောက်သို့ ရောက်ရမယ့် အရေးကို အဖန်ဖန်တွေးလို့ မိမိရဲ့ စိတ်ဓာတ်ကို ဖြူဖွေးသန့်စင် မာန်မာန မ၀င်အောင် ပြုပြင်သင့်ပါတယ်။

ဓနမာန်

ပစ္စည်းဥစ္စာ ချမ်းသာ ကြွယ်ဝတာကို အကြောင်းပြုလို့ ဖြစ်ပေါ်လာတဲ့ မာန်မာနမျိုးကို ဓနမာန် (ဥစ္စာမာန်) လို့ ခေါ်ပါတယ်၊ ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝသူတွေက ပစ္စည်းဥစ္စာ မရှိသူတွေနှင့် အတူမသွားနိုင်၊ အတူမစားနိုင်၊ အတူစကား မပြောနိုင်ဘဲ မာန်မာန တက်ကာ အဖက်မတန် သလို ဟန်ကြီးပန်ကြီး လုပ်မနေသင့်ပါ၊ ရှေးက အလှူ ဒါနည်းခဲ့လို့ ယုခုဘ၀မှာ ဆင်းရဲနေကြရတာ ပဲလို့ သနားကြင်နာ ကရုဏာသက်ပြီး သူတို့ကို နှုတ်နဲ့လည်း ကူညီသင့်ပါတယ်၊ ကိုယ်နဲ့လည်း ကူညီသင့်ပါတယ်၊ အခြေနေ အားလျော်စွာ ပစ္စည်းဥစ္စာ နဲ့လည်း ကူညီသင့်ပါတယ်၊ အဲဒီလို ကူညီလိုက်တဲ့ အတွက် မိမိမှာ ဂုဏ်တက် လာစရာသာ ရှိပါတယ်၊ ဂုဏ်ယုတ်စရာ မရှိပါ၊ မိမိမှာ အကြောင်းကိစ္စ ရှိတဲ့ အခါမှာလည်း သူတို့ရဲ့ အကူအညီကို ရနိုင်ပါ သေးတယ်၊ ဒါပေမယ့် သူ့ကျေးဇူးကို မသိတတ်ဘဲ အင်မတန် မိုက်တွင်းနက် နေသူတွေကိုတော့ သတိ ထားသင့်ပါတယ်။

ဒီ ပစ္စည်းဥစ္စာ ဆိုတာဟာ တစ်သက်စာ မျှသာ ဖြစ်ပါတယ်၊ ဘေးအန္တရာယ်လည်း အလွန် များလှပါတယ်၊ ခိုင်မြဲမှု သဘောလည်း မရှိပါ။ ပစ္စည်းသင်္ခါရ လူသင်္ခါရသာ ဖြစ်ပါတယ်၊ တစ်နေ့မှာ ပစ္စည်းဥစ္စာက ဖြစ်စေ၊ ပစ္စည်းဥစ္စာရဲ့ ပိုင်ရှင်က ဖြစ်စေ စွန့်ခွာသွားတတ် ပါတယ်၊ ဒါ့ကြောင့် ဒီဘ၀မှာ ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝ သလို နောက်ဘ၀မှာလည်း ချမ်းသာ ကြွယ်ဝအောင် ဥစ္စာမာန် တက်နေမယ့် အစား အလှူဒါနကို စွမ်းအားအလျောက် ပြုလုပ်ကာ ကိုယ့်နောက်ကိုသာ အပါ ယူသွားသင့်ပါတယ်။

ပညာမာန်

စာပေ တတ်ကျွမ်းသူ တွေရဲ့ မာန်ကို စာပေမာန်လို့ ခေါ်ပါတယ်၊ စာပေ ပညာဆိုတာဟာ မသင့်တော်တာကို မသင့်တော်မှန်း သိအောင် အသိအလိမ္မာ ကိုလည်း ပေးတတ်ပါတယ်၊ သင့်တော်တာကို သင့်တော်မှန်း သိအောင် အသိ အလိမ္မာကိုလည်း ပေးတတ်ပါတယ်၊ တစ်ဦးနှင့် တစ်ဦး ပေါင်းသင်း ဆက်ဆံရာမှာ ယဉ်ကျေး သိမ်မွေ့အောင်၊ အဆင်ပြေအောင် အသိ အလိမ္မာကိုလည်း ပေးတတ်ပါတယ်၊ ဒါပေမယ့် ဒီပညာကို အကြောင်းပြုပြီး မာန်မာန ကြီးနေမယ် ဆိုရင် အင်မတန် ရှက်စရာ ကောင်းလှပါတယ်။

ရှေးဘ၀က သူတော်မြတ် တွေကို ချဉ်းကပ် လျှောက်ထား ဆွေးနွေး လာခဲ့တဲ့ အတွက် ဒီဘ၀မှာ မိမိကိုယ်တိုင်က ပညာကြီးသူ ဖြစ်လာရပါတယ်၊ ပညာ သင်ခွင့်လည်း ရခဲ့ပါတယ်၊ ဒီလို အခွင့်သာလို့ ပညာတတ်လာတဲ့ ပုဂ္ဂိုလ်က အကြောင်း မညီညွတ်လို့ ပညာ မသင်ရသူတွေ၊ ပညာ သင်ရစေကာမူ ဥာဏ်ထိုင်းလှတဲ့ အတွက် ပညာ မတတ်သူတွေကို တွေ့ရတဲ့ အခါမှာ မောက်မာမော်ကြွား မာန ထားနေမယ့်အစား သနားကြင်နာ ကရုဏာ ထားသင့်ပါတယ်၊ သို့မဟုတ် အခွင့်အခါ သင့်ပါက တစ်ဆင့် သင်ကြားပေးသင့် ပါတယ်၊ ပညာမာန် တက်ကာ ကိုယ့်ဘ၀ကို မနစ်နာစေသင့်ပါ။

အဆင်းမာန်

အလှဂုဏ် အတွက် မာန်တက်ခြင်းကို အဆင်းမာန်လို့ ခေါ်ပါတယ်၊ ရှေးဘ၀က အစစ အရာရာမှာ သည်းခံကာ အမျက်ဒေါသ နည်းလာခဲ့တဲ့ အတွက်လည်း အဆင်း လှတတ်ပါတယ်၊ ဘုရားဝင်း ကျောင်းဝင်း စသည်တို့ကို သုတ်သင် ရှင်းလင်းခဲတဲ့ အတွက်လည်း အဆင်း လှတတ်ပါတယ်၊ ပန်း စသည်တို့ကို လှူဒါန်းခဲ့တဲ့ အတွက်လည်း အဆင်း လှတတ်ပါတယ်၊ ဒီလို ကုသိုလ် ကောင်းမှုတွေကြောင့် ရလာတဲ့ ကိုယ့်အဆင်းကို အကြောင်းပြုပြီး ဟန်ကြီးပန်ကြီး မလုပ်သင့်ပါ၊ အလှမာန် တက်ကာ ဘ၀င် မမြင့်သင့်ပါ၊ အလှဂုဏ် ကိုးကာ မဆိုးသင့်ပါ၊ ရှေး ကုသိုလ်ကံကြောင့် ရလာတဲ့ အဆင်းကို အကြောင်းပြုပြီး အကုသိုလ်မာန် တက်နေတာဟာ အင်မတန် မှားတဲ့ ကိစ္စ ဖြစ်ပါတယ်၊ အပြင်အဆင်း လှသလို အတွင်းစိတ်ကို အစွမ်းကုန် ပြုပြင်လို့ ဣနြေ္ဒရှင် သူတော်စင်တွေ ဖြစ်အောင်သာ ကြိုးစားသင့်ပါတယ်။

လိုရင်းမှာ - ရှေးဘ၀က မထောင်လွှား မတက်ကြွ မာန်မာန မကြီးခဲ့လို့ ယခု မြင့်မြတ်တဲ့ အမျိုးမှာ ဖြစ်လာရပါတယ်၊ ရှေးဘ၀က အလှူဒါန ပြုလုပ်ခဲ့လို့ ဒီဘ၀မှာ ပစ္စည်းဥစ္စာ ချမ်းသာ ကြွယ်ဝလာရ ပါတယ်၊ ရှေးဘ၀က သူတော် သူမြတ်တွေကို ချဉ်းကပ် လျှောက်ထား ဆွေးနွေး မေးမြန်းလာခဲ့တဲ့ အတွက် ဒီဘ၀မှာ ပညာ ကြီးလာရ ပါတယ်၊ ရှေးဘ၀က အမျက်ဒေါသ နည်းခဲ့၊ ဘုရားဝင်း၊ ကျောင်းဝင်း စသည်ကို သုတ်သင်ခဲ့၊ ပန်း စသည်ကို လှူဒါန်းခဲ့လို့ ယခုဘ၀မှာ အဆင်း လှခဲ့ရပါတယ်၊ ဒီလို မိမိမှာ ကုသိုလ် ကောင်းမှုကြောင့် ရရှိလာတဲ့ အမျိုး၊ ဥစ္စာ၊ ပညာ၊ အဆင်းကို အကြောင်းပြုပြီး မာန်မာန တက်ကြွနေတာဟာ နောင် ယုတ်နိမ့်တဲ့ ဘ၀မှာ ဖြစ်စရာ အကြောင်းပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့် နောက်နောက် ဘ၀တွေမှာ အဆင့်အဆင့် မြင့်တက်မယ့် အရေးကို မျှော်တွေးပြီး ထောင်လွှားတက်ကြွ မိမိတို့ရဲ့ မာန်မာနကို အစွမ်းကုန် နှိမ်ချိုးနိုင်ကြပါစေ။ အဖြူရောင်မေတ္တာမှ တဆင့်ကူးယူဖော်ပြပါသည်။

Read more...

About This Blog

Lorem Ipsum

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP