အေးချမ်းစေသော စကားလုံးကလေးများ

>> Monday, January 10, 2011

၂၀၁၀-ခုနှစ်ကုန်ခါနီး တနှစ်တာအတွက် မှတ်တမ်းဟောင်းများကို စိစစ်ပြီးနောက် နှစ်သစ်အတွက် မှတ်စုစာအုပ်များကို ပြင်ဆင်ရင်း
ယခုဆောင်းပါးကို နှစ်သစ်ကူးလက်ဆောင်အဖြစ် ရေးလိုက်ရပါသည်။
အိမ်ထောင်သက်တမ်း တလျှောက်မှာ ကျွန်တော့်အတွက် အကျပ်အတည်း အခက်အခဲများ
တွေ့တိုင်း ချစ်ဇနီးက ကျွန်တော့်ကို အားပေးပြောကြားသော စကားလုံးများ
ဖြစ်ပါသည်။

ဤစာကို ရေးနေသော ဒီဇင်္ဘာ ၂-ရက်နေ့သည် ကျွန်တော်တို့ အိမ်ထောင်သက်တမ်း
၂၈-နှစ်ရှိ၍ အသက်အရ ၅၅-နှစ်နှင့် ၅၀-ပြည့်ခါနီး အချိန်လည်းဖြစ်ပါသည်။
မေတ္တာစေတနာအပြည့်နှင့် ရင်တွင်းကနေ ပြောပြထားထားသဖြင့် ဘ၀တခုလုံးကို
ပြောင်းစေနိုင်သည်ဟု စာရှုသူများ ယူဆကြမည်ထင်ပါသည်။ ကျွန်တော်၏ဇနီးသည်
ကျွန်တော်နှင့်ထပ်တူ အိမ်ထောင်၏တာဝန်ကို ယူရသည့်အပြင် သားတွေ မြေးတွေ
ကိစ္စအတော်များများကိုလည်း ၀တ္တရားမပျက် ဆောင်ရွက်နေရသူ ဖြစ်သည်။

အိမ်ထောင်သက်တမ်းတလျှောက် တခါမျှ အပြင်းအထန် စိတ်ဆိုးခြင်းမရှိပါ။
မိသားစုနှင့် အဆင်မပြေခြင်း မရှိပါ။ ဒေါသထွက်၍ ဆူပူခြင်း မတွေ့ခဲ့ဘူးပါ။
အိမ်ထောင်ကိစ္စ အခက်အခဲများရှိလာတိုင်း ကျွန်တော့်ကို စိတ်အေးအေးထား
စဉ်းစားပြီး လုပ်နိုင်သောလမ်းကို အစရှာပေးသည်။ တိုင်ပင်အားပေးသည်။
ကျွန်တော့်မှာသာ အိပ်မပျော် စားမရနှင့် အပူတွင်းမှာ နစ်နေသလို
ခံစားခဲ့ရသည်။

ယခုတင်ပြသည်တို့မှာ ဖတ်မိသူများနှင့် ကျွန်တော်၏ သားသမီးများ တနေ့တချိန်
ဖတ်မိနိုင်ခဲ့လျှင် အကျိုးရှိနိုင်သည်ဆိုသော ဆန္ဒနှင့် ဘ၀ တကွေ့က မထင်မှတ်
ဂရုမမူမိခဲ့သော ကိစ္စအသေးကလေးများသည် မည်မျှထိရောက် အရေးကြီးသည်ကို
သိစေလို၍ ဖြစ်ပါသည်။

( ဉာဏ်စွမ်းရည် )

နားလည်သဘောပေါက်နိုင်စွမ်း ဉာဏ်မရှိသောသူကို ဘာတွေပြောပြော ဘယ်တော့မှ ထူးလာမှာ မဟုတ်ပါ။ နားမလည်သရွေ့ သဘောမပေါက်နိုင်ပါ။ သဘောမပေါက်လျှင်
ဘယ်တော့မှ အကြံဉာဏ်သစ်ကို ပြောင်းဖို့ လက်ခံမှာ မဟုတ်ပါ။ အချိန်ကုန်၊
ဒေါသထွက်ခြင်းသာ ကိုယ့်အတွက် ရလဒ်ဖြစ်သည်။

( ဝေဖန်မှု )

သူများကိုဝေဖန် သုံးသပ်နေလျှင် မပြေလည်မှုများ ပိုများလာမည်၊ ကိုယ့်ဖြစ်ရပ်များ ကိုယ့်ကိစ္စများကိုသာ အချိန်များများသုံးပြီး
အမှားများကို ဝေဖန် စိစစ်သုံးသပ်ပါ။ လမ်းမှန်ပေါ် ရောက်ရန် ကြိုးစားပါ။
သူများတွေနှင့်လည်း ပို၍ အဆင်ပြေလာမည်။

( အားလုံးနှင့် ပြေလည်လိုလျှင် )

ကျွန်မဘ၀မှာ အားလုံးနှင့် အဆင်ပြေအောင်နေဖို့ ဒီလိုနေကြည့်တာ အောင်မြင်တယ်။ လုပ်ကြည့်စမ်းပါလား-ရှင်။ သူများမကြိုက်တာ ဆန့်ကျင်တာ
ဝေဖန်တာတွေကို မပြောမိအောင် နေတယ်။ ကိုယ့်အကြောင်း မကောင်းတာ၊
ကိုယ်မနှစ်သက်တာကို ကိုယ့်ရှေ့မှာပဲ ပြောပြော ဘာမှ ပြန်မပြောမိအောင်နေပြီး
ကြိုးစားနားထောင်ပေးလိုက်ပါတယ်။

သတ္တိမရှိ ကြောက်လို့ ပြန်မချေပဘဲ ငြိမ်နေတာမဟုတ်ပါ။ ပြောတတ်
ပြောချင်တဲ့စကားလုံးတွေ လျှာဖျားအထိ ရောက်လာပေမဲ့ ပြန်မျိုချထားလိုက်တယ်။
ခုလိုအောင့်အည်း သည်းခံလိုက်ရတဲ့ ဒုက္ခက ခဏလေးပါ။ သည်းမခံနိုင်လို့ လက်
နှုတ်နှင့်ပြန်ချေပမိလိုက်ရင် တွေ့ရမယ့် အရှုပ်အရှင်းပြဿနာက ပိုကြီးမယ်။
လုပ်ငန်း အလုပ်ဌာနမှာ ဆိုရင် အဆင်မပြေတာတွေ များလာပြီး အလုပ်လက်မဲ့
ဖြစ်နိုင်တယ်။ နှုတ်ပိတ်သည်းခံလိုက်ရတဲ့ ဒုက္ခက နောက်ထပ်
တွေ့ရမယ့်ပြဿနာတွေနဲ့ ဘာမှ မယှဉ်သာပါဘူးရှင်။
သည်းခံလိုက်ရတဲ့အကျိုးကြောင့် ပတ်ဝန်းကျင်နဲ့ အဆင်ပြေတာတွေလည်း
တိုးလာပါတယ်။

( ဘ၀အဖြစ်အပျက်နှင့် ခံယူချက် အဆက်အစပ် )

လူတိုင်းရဲ့ ဘ၀အဖြစ်အပျက်-အားလုံးဟာ သူခံယူထားတဲ့ ခံယူချက်နဲ့ တိုက်ရိုက်ဆက်စပ်နေတယ်။ ခံယူချက်-မပြောင်းသရွေ့ အခြေအနေ ဘယ်တော့မှ
မပြောင်းပါ။ မွေးစကလေးမှာ ဗီဇ-ပါလာတယ်လို့ ပြောကြပေမယ့်
သူ့ကိုယ်ပိုင်ဉာဏ်ကနေ ပတ်ဝန်းကျင်မှာ တွေ့ထိသမျှကို ဝေဖန်ပြီး
ခံယူချက်-အနေနဲ့ လက်ခံလိုက်တာပဲ။ အချိန်ကြာသွားလေလေ ခံယူချက်-က
ပြောင်းဖို့ ခက်လေလေပါပဲ။

ပထမဆုံးလိုအပ်တာက အမှား-အမှန် ကောင်း-မကောင်း လုပ်သင့်-မလုပ်သင့်ကို
ဝေဖန်နိုင်စွမ်းရှိတဲ့ဉာဏ်။ ဒုတိယက ၄င်းဉာဏ်ဖြင့် မှန်သော၊ ကောင်းသော
လုပ်သင့်သော အချက်များကို လက်ခံနိုင်စွမ်းရှိတဲ့ အသိစိတ်၊။
တတိယအချက်က မှားနေသော လက်ခံယူထားပြီးသား ခံယူချက်များအစား မှန်သော
ကောင်းသော လုပ်သင့်သော ခံယူချက်-အသစ်များဖြင့် အစားထိုး
ပြောင်းလိုသည့်ဆန္ဒ-နဲ့ ပြောင်းနိုင်စွမ်းရှိတဲ့ စွမ်းရည်များ အဓိက
လိုအပ်ပါတယ်။

( မကျေနပ်မှုဖြစ်တိုင်း ဒီလိုမြင်ပါ )

လူတယောက်ကို မကျေမနပ် ကိုယ်စိတ်တိုင်းကျ ဖြစ်မလာတိုင်း စိတ်ဆိုးပြီး ဆုံးဖြတ်ချက် လွယ်လွယ်လေးနဲ့ အပြစ်မမြင်ပါနဲ့။ သူဘာတွေဖြစ်နေလဲ သူဘယ်လောက်
ဒုက္ခတွေ့နေလဲ ဆိုတဲ့ သနားတဲ့စိတ်နဲ့ သူ့နေရာကနေ နေပြီး
ခွင့်လွှတ်စိတ်အပြည့်နဲ့ တွက်တတ်ပါ။ ကိုယ်လည်း အခက်အခဲ
အများကြီးတွေ့ဖူးလို့ တခြားတယောက်က ကိုယ့်ချွတ်ယွင်းချက်ကို
ခွင့်လွှတ်ဆက်ဆံရင် ဘယ်လောက် ၀မ်းသာမလဲရှင်။

( အခက်အခဲ ပြဿနာများ၏ တရားခံ )

အိမ်ထောင်တိုင်းမှာ တွေ့ဆုံနေရတဲ့ အခက်အခဲ ပြဿနာတွေရဲ့ ၇၀%ဟာ ကိုယ့်ကြောင့်၊ ကိုယ်မဆင်ခြင်၊ ကြိုတင် မစီစဉ်လို့ ဖြစ်တာတွေ များပါတယ်။
ခက်နေတဲ့ကိစ္စကို ရှင်းဖို့ လမ်းရှာတာထက် လွယ်နေတာကို ရှုပ်အောင်လုပ်ပစ်ပြီး
နောက်ဆုံး အခြေအနေနဲ့ ပတ်ဝန်းကျင်-ကိုသာ အပြစ်တင်ကြတာ များတယ်။

( စိတ်ညစ်ချိန်မှာ )

စိတ်ညစ် စိတ်ရှုပ်စရာတွေ တွေ့ချိန်တိုင်းမှာ စိတ်ကို အေးအောင် ကြည်အောင် ရှင်းအောင် ထားပါ။ ခက်သွားအောင် မလုပ်ပါနဲ့၊ အပိုစိတ်ရှုပ်အောင်
အပူတွေ ထပ်မပေါင်းပါနဲ့။ ပို၍ စိတ်ညစ်စရာတွေ ရှုပ်ပြီး များလာလျှင်
ပြေလည်အောင် ဖြေရှင်းဖို့၊ အကြံဉာဏ်ကောင်းတွေ ၀င်လာဖို့ နေရာရှိမှာ
မဟုတ်တော့ပါ။ စိတ်အေးအေးထား ဆုံးဖြတ် အစီအစဉ်ဆွဲတတ်ပါစေ။

( အကောင်းဆုံးအမြင်-စိတ် )

ဘာအကြောင်းကလေးပဲဖြစ်ဖြစ် ကောင်းတဲ့ရှုထောင့်က တွေးပါ။ မြင်ပါ။ သနားခွင့်လွှတ်နိုင်တဲ့ စိတ်ကို အခြေခံထားပါ။ ကိုယ့်နေရာ
ကိုယ်ဖြစ်ချင်တဲ့ပုံ၊ ဆန္ဒတွေနဲ့မြင်ပြီး မကျေမနပ်ဖြစ်ပြီး စိတ်တိုင်းမကျ
အပြစ်တင်နေသရွေ့ ဘယ်သူနဲ့မှ ဆက်ဆံမှု ပြေလည်မှာ မဟုတ်ပါ။ သူ့နေရာကနေ
ကိုယ်ချင်းစာပြီး တွက်ပါ။ သူ့ရဲ့အဖြစ်မှန် အခြေအနေကို ဘာမှသေချာမသိဘဲနဲ့
ကိုယ်လိုချင်တဲ့ဆန္ဒ အတိုင်းအတာအတိုင်း ဖြစ်မလာတာကို
ဝေဖန်အပြစ်တင်တတ်တာမျိုး ရှောင်ပါ။ ဒီလိုအကောင်းဆုံး-အသိ-အမြင်-စိ
တ်
အားလုံးအပေါ် ထားနိုင်ရင် လူတိုင်းနဲ့ ပြေလည်ပါမယ်။

( ဒေါသ နှင့် မေတ္တာ )

တခုတည်းသော ချွတ်ယွင်းချက် မရှိ၊ ထာဝရမှန်နေသည့် နိယာမမှာ ဤသို့ဖြစ်ပါသည်။
ဒေါသတိုင်းမှရသော ရလဒ်သည်-ဘာကောင်းကျိုးမှ မပေး။ ဆုံးရှုံးမှုနှင့် အဆုံးသပ်သည်။
နှစ်သက်မြတ်နိုးသူ မရှိ။ ဒေါသကို ပိုင်ထားသူတိုင်း အပူသောကနှင့်
စိတ်ဆင်းရဲနေရသည်။

မေတ္တာတိုင်းမှရသော ရလဒ်သည်-
အမြဲကောင်းကျိုးပေး၏။ အောင်မြင်မှုနှင့် အဆုံးသပ်သည်။
လူတိုင်းနှစ်သက်မြတ်နိုး၏။ မေတ္တာကို ပေးတတ်သောသူနှင့် လက်ခံရသူ
နှစ်ဦးစလုံး စိတ်ချမ်းမြေ့ အေးချမ်းမှုကို ရယူနိုင်ကြသည်။

( ကုန်ကျမှု နှင့် ၀င်ငွေ )

အသက်ရှင်နေသော အသက်အရွယ်ရောက်သူတိုင်းမှာ စားဝတ်နေထိုင်မှု ကုန်ကျစရိတ် ကာမိအောင် ၀င်ငွေရတဲ့ အလုပ် ရှိကိုရှိရမည်။ လောကမှာ အလုပ်က နှစ်မျိုးပဲ
ရှိသည်။ သန့်ရှင်းသောအလုပ်က ရသော ငွေနှင့် မဖြောင့်မတ်သောလမ်းနှင့်
ရှာ၍ရသော ငွေ။

( ချမ်းသာလိုလျင် )

ချွေတာမှ စုနိုင်မည်။ စုနိုင်မှ ချမ်းသာမည်။

( သုံးသပ်ခြင်း )

သူများအကြောင်း အခြေအနေကို အချိန်များများယူ သုံးသပ်ဝေဖန်နေလျှင် သူများနှင့် အဆင်မပြေလည်မှု ပိုများလာမည်။ ကိုယ့်ကိုယ်ကို
များများသုံးသပ်ဝေဖန်ပြီး မှားနေတာတွေကို ပြင်နိုင်လျှင် သူများတွေနှင့်
ဆက်ဆံရတာ ပို၍ အဆင်ပြေလာမည်။

( မှတ်သားလိုက်နာခြင်း )

သင်ခန်းစာအဖြစ် မှတ်ယူသင့်သည့်စကားလုံး စာကြောင်းစာတန်းများကို အခွင့်အခါကြုံတိုင်း ရေးယူ မှတ်သားခြင်းတို့သည် အလွန်ကောင်းသောအကျင့်ပင်။
ရေးထားသမျှ မှတ်တမ်းတွေကို စာအုပ်အဖြစ်ရေးဖို့ တခုတည်းသာ ရည်ရွယ်လျှင်
စာဖတ်ပရိသတ်အတွက် တန်ဖိုးရှိသော စာအုပ်ရေးတတ်သည့် စာရေးဆရာပင်
ဖြစ်သွားနိုင်သည်။ ကိုယ်ရေးမှတ်ထားသော စာတွေထဲက တန်ဖိုးရှိသော
စာသားတွေအတိုင်း ကိုယ်ကြိုးစား လိုက်နာနိုင်ဖို့လည်း မမေ့သင့်ပါ။

( မှတ်ချက် )
ရေးသမျှ စာအားလုံးအတိုင်း လိုက်နာနိုင်ဖို့ ကျွန်တော့်မှာ အရည်အချင်း
မရှိသေးပါကြောင်း ၀န်ခံပါသည်။ အတတ်နိုင်ဆုံး ကြိုးစားနေပါကြောင်း
ကတိပြုပါသည်။

( ဖိုးဝမောင် )
http://mawluu.blogspot.com/2009/09/blog-post_2156.html

မှ တဆင့် ဖော်ပြပေးခြင်းဖြစ်ပါသည်။

Read more...

အဆိုးဆုံးကို ရင်ဆိုင်ရင်း အကောင်းဆုံးကိုလည်း မျှော်လင့်ထားပါ (အပိုင်း ၂)

>> Tuesday, July 6, 2010

သမီးကို စွန့်ပစ်သွားတဲ့ အမေ

အမေဟာ ကိုယ့်ကိုယ်ကိုတောင် မစောင့်ရှောက်နိုင်ပါ့လား ဆိုတဲ့ အသိ က ကျမကို တွန်းအားတွေပေးခဲ့တယ်။ ကျမဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိရမယ်၊ စိတ်ဓာတ်ခိုင်မာရမယ်။
ကလေးဘ၀မှာ လောကဓံလှိုင်းရဲ့ ရိုက်ခတ်မှု ခံခဲ့ရတဲ့ အခြားကလေးတွေလိုပဲ ကျမဘ၀ကလည်း ဒီလိုနဲ့ ကြီး ပြင်းလာခဲ့ပါတယ်။
ဘယ်လိုအခြေ အနေမျိုးမှာဖြစ်ဖြစ် လိုက်လျောညီထွေ ဖြစ်အောင် ကျမ နေခဲ့တယ်။ ရဲစခန်းလို နေရာမျိုးရောက်ရင်တောင် သူတို့ သဘောကျအောင် ပြောခဲ့တယ်။
ကျမအမေက စိတ်ကယောင်ချောက်ချား ဖြစ်ပြီး သူ့ကိုယ်သူ ပြန်ပြီး နှိပ်စက်တဲ့အခါမျိုးမှာလည်း ကျမ သူ့ကို နှစ်သိမ့် စကားတွေပြောရင်း ပြုစုခဲ့တယ်။ သူစိတ်ငြိမ်သွားတဲ့အခါ ညစာပြင်ကျွေးပြီး အမေကို ပွေ့ဖက်ပြီးအိပ်ခဲ့တယ်။
ဒါပေမဲ့ တစ်ခါတစ်လေတော့ ထိန်းမနိုင် သိမ်းမရတဲ့ အခါမျိုးတွေ ကြုံခဲ့ရတယ်။ အမေက သူ့ကိုယ်သူ သေကြောင်းကြံ ဖို့လုပ်တတ်တယ်။ အဲဒီလိုဖြစ်တဲ့အခါတိုင်း သူ့ကိုယ်သူ သတ်သေချင် လောက်အောင် စိတ်ဆင်းရဲရတာဟာ ငါညံ့လို့။ သူစိတ်ချမ်းသာအောင် ငါလုပ် မပေးနိုင်လို့ ဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင်မိပါတယ်။
တစ်ခါတစ်ခါကျ တော့လဲ ဒီထက်တော့ ငါဘာများ လုပ်ပေးနိုင်အုံးမှာမို့လို့လဲဆိုပြီး ကျမ စိတ် တွေရှုပ်လာတယ်။ ပြန်စဉ်းစားကြည့်ရင် ကျမမြင်ယောင်နေဆဲပါ။
တစ်ခါက အမေဟာ ချုံးပွဲချငိုနေတယ်။ သူဟာ မကောင်းတဲ့ အမေတစ်ယောက်၊ သူမရှိမှ ကျမဘ၀ အတွက် ပိုကောင်းမယ်လို့ သူခံစားနေရတယ်။ ဒါဟာ သူ့ရဲ့ စိတ်ကျရောဂါ ကြောင့်ပါ။ ဒါပေမဲ့ သူဘာပဲပြောပြော ကိစ္စမရှိပါဘူး။ ကျမက လည်း အမေမရှိဘဲ မနေချင်ပါဘူး။
တစ်ခါမှာတော့ ကျမ ရင်ကွဲမတတ် ခံစားလိုက်ရတယ်။ အမေက ကျမကို စွန့်ခွာပြီး သူ့ချစ်သူ ဒေး (ဗ်) ၀ှီး (တ်) နဲ့ နေမယ်လို့ ဆုံးဖြတ်လိုက် တုံးကပေါ့။
အဲဒီလူဟာ ရက်စက်ကြမ်းကြုတ်တဲ့ လူတစ်ယောက်ပါ။ သူဟာ အမေ့ရဲ့ဘ၀ထဲမှာ နှစ်အတော်ကြာတဲ့အထိ ရှိနေခဲ့သူပါ။ သူအပြီးထွက်သွား ပြီလို့ ကျမထင်ထားခဲ့တာ။
ကျမ (၁၂) သမီးအရွယ် လောက်က အမေနဲ့အတူ မြို့ရဲ့မြောက်ပိုင်းမှာ ရှိတဲ့ အဆောင်တစ်ခုမှာ နေကြတုံးကပေါ့။ အမေဟာ လေး၊ ငါးရက်လောက် ပျောက်သွားတယ်။ နောက်တော့မှ သိလိုက်ရတာက လန်ဒန်မြို့ အရှေ့ပိုင်းမှာရှိတဲ့ ဒေး (ဗ်) ဆီကို သွားနေတာတဲ့။
ကျမ အဲဒီလူနဲ့ အတူမနေချင်ပါဘူး။ ဒါပေမဲ့ အမေနဲ့လဲ ခွဲမနေနိုင်ဘူး။ ဒါနဲ့ပဲ သူတို့နဲ့ အတူ သွားနေခဲ့ရတယ်။ (မကြာခဏဆိုသလို သူတို့လင်းမယား စကားများတတ် ကြတယ်။) တစ်ခါမှာတော့ ဒေး (ဗ်) သောင်းကြမ်း လို့ လူမှုစောင့်ရှောက်ရေး အဖွဲ့က သိသွားတယ်။
အဲဒီအခါမှာ အမေဟာ ကျမကို စွန့်မလား၊ ဒေး (ဗ်)ကို စွန့်မလားလို့ ရွေးချယ်ရမဲ့ အခြေ အနေမျိုးနဲ့ ကြုံလိုက်ရတယ်။ အမေဟာ ကျမကို စွန့်ပြီး ဒေး(ဗ်)ကို ရွေးလိုက်တာပါ။ ကျမကတော့ ကျမကို မွေးစားတဲ့ မိသားစုတစ်စုနဲ့ သွားနေရတယ်။
အဆင်ပြေတယ် ဆိုရမှာပါ။ ကျမ အမေ့ကို သတိရနေမိတယ်။ ဒါပေမဲ့ ကျမ အတွက် အခြားရွေးစရာ ဘာအခွင့်အလမ်း များ ရှိသေးလို့လဲ။ အရာရာဟာ ကောင်းမွန်လာပါစေလို့ ထိုင်ပြီး ဆုတောင်း နေနိုင်ပါတယ်။ ဒါမှ မဟုတ် ကိုယ့်ကိုယ်ကို ဖြေသိမ့်ပြီး ရလာတာကို ကျေကျေ နပ်နပ် လက်ခံလိုက်ရုံပါပဲ။


အကောင်းမြင်စိတ်

ဒီလိုပြောလိုက်လို့ ကျမဟာ အမြဲတမ်း ပြုံးပြုံးလေး နေနိုင်သူတစ် ယောက်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဘယ်သူမှ အဲဒီလို မနေနိုင်ပါဘူး။
ကျမ ဘ၀မှာ စိတ်ရိုင်းဝင်တဲ့ အမှောင်ကာလတွေ ရှိခဲ့ပါတယ်။ တစ်စုံတစ်ယောက် ကို အမှုန့်ကြိတ်ပစ်ချင်လောက်အောင် ခက်ထန်တဲ့ စိတ်ခံစားမှုတွေ၊ လက်စား ချေလိုတဲ့ အတွေးတွေ၊ ဒေါသခိုးလျှံနေတဲ့ စိတ်ကြမ်းတွေ၊ ၀မ်းနည်းကျေကွဲရ တဲ့ ခံစားမှုတွေနဲ့ ကြုံခဲ့ရပါတယ်။
တစ်ခါက အဖြစ်အပျက်လေးကို ကျမ မှတ်မိနေသေးတယ်။ ဒေး (ဗ်) နဲ့ အမေက ကျမကို ခေါ်ပြီး အရက်သောက်ဖို့ ယုန်သုံးကောင် (Three Rabbits) ဆိုတဲ့ အရက်ဆိုင်ကို ထွက်လာခဲ့ကြ တယ်။ အဲဒီဆိုင်က လမ်းသရဲ ဂိုဏ်းတွေ ကျက်စားတဲ့ ဆိုင်မျိုးပါ။
သူတို့က သေနတ်တွေ၊ ဓားတွေဆောင်ပြီး လှုပ်ရှားနေကြတာ။ ပြီးတော့ လက်မရွံ့ သမားတွေပါ။ ဒေး (ဗ်) က ကျမကို အမြဲတန်း ခြောက်လှန့်တတ်တယ်။ သူက အဲလိုဂိုဏ်းနဲ့ ပတ်သက်တယ်လို့ နာမည်ဆိုး ထွက်သူတစ်ယောက်ပေါ့။
အဲဒီညက အရက်ဆိုင်ကအထွက် ကားဆီပြန်ရောက်ချိန်မှာ သူတို့ လင်းမယား စကားစများကြတော့တယ်။ ဒေး (ဗ်)က အမေ့ကို လက်သီးနဲ့ ထိုးလိုက်တော့ ရန်ပွဲက ပြီးသွားတယ်။
အိမ်ပြန်ရောက်တော့ ထပ်ဖြစ်ကြ ပြန်တယ်။ ဒီတစ်ခါတော့ အခြေအနေ အတော်ဆိုးပါတယ်။ ဒေး (ဗ်)က အမေ့ကို ခြေနဲ့ လှိမ့်ကန်တယ်။ လက်သီးနဲ့ ထိုးတယ်။ အဲဒီအချိန်မှာ အမေက ဒေး (ဗ်) ကျမဘက် လှည့်ပြီး ရန်မူမှာ စိုးလို့ ကျမကို အပေါ်ထပ်က အခန်းထဲ သွားနေဖို့ လှမ်းပြောတယ်။
ကျမလည်း အခန်းထဲမှာ သွားနေလိုက်တယ်။ ဒါပေမဲ့ အောက်ထပ်က အမေ့ရဲ့အော်သံကြားလို့ ပြန်ဆင်းကြည့်လိုက်တဲ့ အချိန်မှာတော့ အမေ့ခြေထောက်က သွေးတွေထွက်နေတာကို တွေ့လိုက် ရတယ်။
ဒေး (ဗ်)ရဲ့ လက်ထဲမှာလည်း ဓားကိုကိုင်ထားတယ်။ သူကျမကို မြင်သွားတဲ့အခါ မှာ ကျမတော့ အသတ်ခံရပြီလို့ တွေးလိုက်မိတယ်။ ကျမ သူ့ဆီကိုပြေးသွားပြီး သူ့ကို ပွေ့ဖက်လိုက်ရင်း ကျမတို့ရဲ့ ပျော်စရာကောင်းတဲ့ နေ့တွေဟာ ဒီလို တွေပဲလားလို့ ပြောလိုက်တယ်။
ဒီလိုလုပ်တာဟာ အရင်က အသုံးဝင်ခဲ့ဖူးတဲ့ နည်းပရိယာယ် တစ်ခုပါ။ ကံကောင်းချင်တော့ ဒီတစ်ခါ လည်း အောင်မြင်သွား ပါတယ်။ သူစိတ်ပြေသွားတဲ့အထိ ကျမ သူ့ကို ချွေး သိပ်နိုင်ခဲ့တယ်။
ပြီးတော့ သူ့လက်ထဲက ဓားကိုယူပြီး မီးဖိုချောင်ထဲ သွား ထားလိုက်တယ်။ နောက်ဆုံးတော့ သူအိပ်မောကျသွားခဲ့တယ်။ အဲဒီအချိန်မှာ ကျမ သူ့ကိုသတ်မယ်လို့ တွေးလိုက်မိတယ်။ မသတ်ဖြစ်လိုက်တဲ့ အကြောင်း ကတော့ သူနိုးလာပြီး ကျမကို ပြန်သတ်နိုင်တယ်လို့ စဉ်းစားမိလိုက်လို့ပါပဲ။
ကျမရဲ့ အကောင်းမြင်စိတ်ဟာ ကျမကို အတိတ်ဆိုးတွေကနေ ကယ် တင်ပြီး ဘ၀လမ်းမှာ ကံကောင်းခြင်းတွေကို သယ်ဆောင်ပေးတဲ့ အကြောင်း ရင်း တစ်ခုလို့ ကျမ ယုံကြည်ထားပါတယ်။
အခုအချိန်အထိတောင် အဲဒီအ တိုင်း မြင်တတ်အောင် ကျိုးစားနေဆဲပါ။ ပြဿနာနဲ့ ရင်ဆိုင် ကြုံတွေ့ရတဲ့ အချိန်မျိုးမှာ ဒီစိတ်ဓာတ်ဟာ ပိုလို့တောင် အရေးကြီးပါသေးတယ်။ မရောက် သေးတဲ့ နောက်ခြောက်လအကြောင်း တွေးတောနေမည့်အစား လက်ရှိဒီက နေ့ အကြောင်းကိုပဲ စဉ်းစားမယ်ဆိုရင် ဖြေရှင်းရတာ ပိုပြီး လွယ်ကူပါတယ်။


ဘယ်အရာမဆို ထိုက်တန်တဲ့ တန်ဖိုးပေးဆပ်ရမြဲ

ဘယ်အရာကမှ ကျမရဲ့ အိမ်မက်တွေကို မဟန့်တားနိုင်ခဲ့ပါဘူး။ ကျမ ပြောခဲ့ဖူးတဲ့အတိုင်းပါပဲ။ ကျမ ကလေးဘ၀တုန်းက မိသားစုနဲ့ သူငယ်ချင်း တွေရဲ့ ရှေ့မှာ ကပြရတာ၊ သီချင်းဆိုပြရတာကို သဘောကျခဲ့တယ်။
အဲဒီ တော့ (နာမည်အကျော်ကြားဆုံး အမျိုးသမီးတီးဝိုင်းတစ်ခုဖြစ်လာမည့်) အက်တမ်မစ် ကစ်တင်ရဲ့ ပထမဆုံး အဖွဲ့ဝင်အဖြစ် ကမ်းလှမ်းခံရတာဟာ အလွန်ကံကောင်းတဲ့ အခွင့်အရေးပါ။
ဒီလိုအခွင့်အရေးမျိုးကို လက်ခံရလိုက် တဲ့ အချိန်မှာ ကျမ ဘယ်လိုခံစားရမယ်ဆိုတာ စဉ်းစားသာကြည့်လိုက်ပေါ့။ ဒါဟာ ကျမဘ၀ရဲ့ အကောင်း၊ အဆိုး ဒွန်တွဲနေတဲ့ အံသြစရာ အပြောင်းအလဲ တစ်ခုပါပဲ။

နာမည်ကျော်ကြားမှုဟာ ပျော်ရွှင်ကျေနပ်စရာ ဖြစ်ပေမဲ့ မကောင်း တဲ့ ဆိုးကျိုးတွေလည်း ရှိနေတတ်ပါတယ်။
အများပြည်သူကြားမှာ ကျော်ကြား တဲ့ဘ၀ မရောက်ဖူးသေးရင်တော့ မလုံခြုံတဲ့ စိတ်ခံစားချက် အကြောင်းကို သင် သိနိုင်မှာ မဟုတ်သေးပါဘူး။
ဒီလိုစိတ်ခံစားချက်မျိုး ဖြစ်ပေါ်လာအောင် ဘယ်အရာကမှ လုပ်ပေးတာတော့ မဟုတ်ပါဘူး။
အက်တမ် မစ် ကစ်တင် အဖွဲ့ နာမည်ကြီးလာတဲ့အခါ ကျမကို စကားပြောဖို့ ချဉ်းကပ် လာကြတဲ့ လူစိမ်းတွေနဲ့ ဆက်ဆံရတာ ကျမအတွက် ပိုခက်လာတယ်။ သတင်းမီဒီယာ သမားတွေက ကိုယ့်ဘ၀ထဲ ချဉ်းကပ်လာပြီဆိုရင် ပိုတောင် ဆိုးပါသေးတယ်။
နာမည်ကျော်ကြားလာတဲ့ အခါမှာ ဘယ်အရာမဆို ထိုက်တန်တဲ့ တန်ဖိုးပေး ဆပ်ရတာပဲ ဆိုတဲ့အချက်ကို ကျမ ကောင်းကောင်း သဘောလာပါတယ်။


မနက်ဖြန်ဟာ သင့်အတွက် ကံကောင်းခြင်းလက်ဆောင်

ကျမ ဘရိုင်ယန်နဲ့ တွေ့တဲ့အချိန်မှာ သူတို့ရဲ့ ၀က် (စ်) (တ်) လိုက် (ဖ်) တီးဝိုင်းဟာ အောင်မြင်ကျော်ကြားတဲ့ တီးဝိုင်းတစ်ခုဖြစ်နေပါပြီ။
ပြန်စဉ်းစား ကြည့်ရင် ပျော်ရွှင်ကြည်းနူးစရာကောင်းတဲ့ တကယ့်အကောင်းဆုံး ပုံပြင်တစ် ပုဒ်လိုပါပဲ။ ရေပန်းစားနေတဲ့ မိန်းကလေးတီးဝိုင်းက ကောင်မလေး တစ်ယောက်နဲ့ နာမည်ကျော် ယောက်ျားလေးတီးဝိုင်းက ကောင်းလေးတစ် ယောက်တို့ တွေ့ဆုံမိကြပြီး ချစ်ကြိုးသွယ်ခဲ့ကြတယ်။ ပြီးတော့ လက်ထပ် ဖြစ်ကြတယ်။
ဒီလိုဖြစ်လာတဲ့အခါမှာ ဒါဟာ ကိုယ့်ကြိုးစားမှုရဲ့ ရလဒ်ပဲလို့ ကျမ တကယ်ယုံကြည်တယ်။ နောက်ဆုံးတော့ ကျမ အမြဲမျှော်လင့် တောင့်တခဲ့တဲ့ မိသားစုဘ၀ကို ပိုင်ဆိုင်ရပြီလို့ တွေးခဲ့မိပါတယ်။
ကျော်ကြားမှု ဂုဏ်ပကာသနတွေ၊ ခမ်းနားတဲ့ တိုက်တာစည်းစိမ်တွေကို ပြောတာမဟုတ် ပါဘူး။ မိသားစုတစ်ခုကနေ ပေါက်ဖွားလာတဲ့ မေတ္တာနဲ့ လုံခြုံမှုမျိုးကို ဆိုလို တာပါ။
အဲဒီအခြေအနေမျိုး ပြန်ဖြစ်လာမှာ မဟုတ်တော့ပါဘူး။ ဘရိုင်ယန်နဲ့ အိမ်ထောင်ကွဲသွားတာဟာ ကျမအတွက် အတော်နာကျင်ခံစားရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ ကျမနဲ့သူရဲ့ ပြတ်စဲခြင်းသာ မဟုတ်ပါဘူး။
ကျမ ရဲ့ အိမ်မက်လေးလဲ ပျက်သုဉ်းသွားလို့ပါပဲ။ သူက ကျမကို စွန့်သွားခဲ့တယ်။ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြင်မှာ မဟုတ်တော့ပါဘူး။ ကျမရဲ့ စိတ်ကျရောဂါ ပိုဆိုးလာခဲ့တယ်။ အဲဒီဒဏ်ကို ကျမ အပြင်းအထန် ခံစားခဲ့ရတယ်။
အခု အချိန်အထိ ရောဂါနဲ့ နပန်းလုံးနေရဆဲပါ။ ကျမအမေရဲ့ အခြေအနေလောက် မဆိုးဘူး ဆိုပေမဲ့ သူလောက်နီးနီးပါပဲ။ ကျမရဲ့ ဘ၀ကို အချိန်အတော်ကြာတဲ့ အထိ အရုပ်ကြိုးပြတ် ဖြစ်သွားစေနိုင်ပါတယ်။
ကျမဟာ သူများတွေထက် ပိုပြီး ရုန်းကန်ကြိုးစားခဲ့ရတယ် ဆိုတာ ကျမသိပါတယ်။ ရက်ပေါင်းများစွာ၊ လပေါင်းများစွာ ပါပဲ။ သက်သာအေးဆေးတယ်ဆိုတာ လုံးဝ မရှိခဲ့ပါဘူး။
အဲဒီ အမှောင်ကာလတွေနဲ့ ဝေးရာကို ကျမ ရောက်နိုင်ပါအုံးမလား။ ဖြစ်နိုင်မယ် မထင်ပါဘူး။
ကျမ သိနေတာ တစ်ခုလည်း ရှိပါသေးတယ်။ ကလေးဘ၀တုန်း က ကျမ စိတ်ဓာတ်ကျ သောကရောက်နေတတ်တဲ့ အခါမျိုးမှာ တစ်စုံတစ်ခု က မှောင်ရိပ်မှာ စောင့်ကြိုပြီး ကျမဆီကို ရောက်လာတတ်ပါတယ်။
ဒုက္ခသုက္ခ သဗ္ဗရနံပေါင်းစုံကို ရင်ဆိုင်ဖြေရှင်းခဲ့ဖူးတဲ့ အတွေ့အကြုံက ကျမရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးသလို ခွန်အားတွေလည်း ပေးခဲ့ပါတယ်။
အဲဒီလို အခက်အခဲ တွေနဲ့ ရင်ဆိုင်ကြုံတွေ့ရတိုင်း ကိုယ့်ကိုယ်ကို အပူတပြင်း ဖိအားမပေးဘဲ နေ့စဉ်ဖြေရှင်းကျော်လွှား နိုင်ခဲ့ပါတယ်။

ဒီနေ့ဟာ ကျမအ တွက် ကံဆိုးတဲ့နေ့ဖြစ်မယ်ဆိုရင် မနက်ဖြန်ကို မျှော်လင့် စောင့်စားနေမှာပါ။ ကံကောင်းခြင်းတွေ တပတ် ပြန်လည်လာအုံးမယ်ဆိုတာ ကျမ သိနေတယ်။
စိတ်ရှည်ရှည်နဲ့ သည်းခံနိုင်ဖို့ပါပဲ။ ဘ၀မှာ နာကျင်မှုတွေ၊ အခက်အခဲ ဒုက္ခ တွေနဲ့ ဘယ်သူမှ ကင်းမှာမဟုတ်ပါဘူး။

စိုးရိမ်သောကတွေ ကြုံရတိုင်း ဒီစကားလေးတွေကို စိတ်ထဲမှာ စွဲမှတ်ထားသင့်ပါတယ်။
ကျမကို ယုံပါ။
မနက်ဖြန်ဟာ သင့်အတွက် ကံကောင်းခြင်း လက်ဆောင်ပါ။ ဒီစကားလေးကို ရင်မှာ ပိုက်ထားဖို့ပါပဲ။

မင်းမဟော် (ဘီးလင်း)

ကောင်းလွန်းလို့ မျိုးချစ်သွေး ဘလော့ကနေ ကူးယူထားတာပါဗျာ။

Read more...

အဆိုးဆုံးကို ရင်ဆိုင်ရင်း အကောင်းဆုံးကိုလည်း မျှော်လင့်ထားပါ

>> Friday, June 25, 2010

အခုတလောမှာ မြန်မာနိုင်ငံက နာမည်ကြီး မင်းသမီးနဲ့ ဂျာနယ်သတင်း ထောက်မလေးတို့ရဲ့ အဖြစ်အပျက်လေပွေဟာ ပြည်တွင်းရာသီဥတုကို သာမက ပြည်ပမြန်မာအသိုင်းအ၀ိုင်းကိုပါ ၀င်ရောက် တိုက်ခတ်သွားပါတယ်။ အဲဒီလောကအကြောင်း ဘာမျှ မသိ၊ စိတ်လဲမ၀င်စား၊ ခပ်ဝေးဝေးမှာပဲ ရှိနေတဲ့ စာရေးသူရဲ့ စိတ်လေဟာနယ်ထဲမှာတောင် မလွတ်ပါဘူး၊ ဒါကတော့ ဒီလိုဖြစ်သင့် တာပေါ့… ဘာညာ စသဖြင့် စိတ်ထဲမှာ မှတ်ချက်လေးတွေ ချမိတဲ့ အထိပါပဲ။ တိုက်ဆိုင်မှုလေးတွေ ကြုံလာတိုင်း ကိုယ်တွေ့ကြုံခဲ့ရ၊ ကြားသိခဲ့ရတာတဲ့ အလားတူ အဖြစ်အပျက် လေးတွေနဲ့ ဆက်စပ် တွေးတောကြည့်တတ်တာက စာရေးသူရဲ့ အကျင့်တစ်လို ဖြစ်နေပါ တယ်။ ဒါနဲ့ပဲ စဉ်းစားနေရင်း အင်္ဂလန်နိုင်ငံက နာမည်ကျော် အဆိုတော် ကယ်ရီ ကာတိုနား (Kerry Katona)ရဲ့ အကြောင်းလေးကို သတိရမိလိုက်ပါတယ်။

ကယ်ရီဟာ အက်တမ်မစ် ကစ်တင်း (Atomic Kitten)လို့ ခေါ်တဲ့ နိုင်ငံကျော် ဂီတအဖွဲ့ရဲ့ အရေးပါတဲ့ အဆိုကျော် တစ်ယောက် ပါ။ ဒီလိုဖြစ်လာဖို့အတွက် နတ်တို့ဖန် ရေကန်အသင့် ကြာအသင့်ဖြစ် လာတာတော့ မဟုတ်ပါဘူး။ သူဟာ စိတ်ကျရောဂါသည် မိခင်ကြီးရဲ့ လက်ကို ဆွဲပြီး ခြေသလုံးအိမ်တိုင် လှည့်လည် သွားလာနေရတဲ့ သုည ဘ၀ကနေ စခဲ့ရတာပါ။

ဒီလိုနာမည်ကြီးလာလေ သတင်းမီဒီယာတို့ရဲ့ မျက်စိကျတဲ့ ပစ် မှတ် တစ်ခုဖြစ်လာလေပါပဲ။ အဲဒါကြောင့်ပဲ ထင်ပါရဲ့ သူဟာ သတင်း သမားတွေနဲ့ ကတောက်ကဆ ပြဿနာလေးတွေ မကြာခဏဆိုသလို ဖြစ်နေတာပါ။ သူတို့ဆီမှာတော့ ဒါမျိုးတွေက ဖြစ်နေကျ ရိုးရာ ယဉ်ကျေးမှု တစ်ခုလို့တောင် ပြောရမလားပဲ။
လောကဓံရဲ့ မျက်နှာသာ မပေးမှုကြောင့် ငယ်စဉ်ကတည်းက မိသားစုမေတ္တာ ငတ်မွတ်လာတဲ့ ကယ်ရီဟာ ပျော်ရွှင်ချမ့်မြေ့တဲ့ မိသား စုလေးတစ်ခု တည်ဆောက်ချင်တာဟာ သူရဲ့ အဖြစ်ချင်ဆုံး အိမ်မက် တစ်ခုပါ။ ကောင်းကင်က ကယ်တင်ရှင် ဘုရားသခင်ရဲ့ လျစ်လျူခြင်း ခံထားရတဲ့ သိုးငယ်လေး ကယ်ရီဟာ သိုးထိန်းခွေးဖြူရဲ့ အရေကို ခြုံထားတဲ့ ၀ံပုလွေတစ်ကောင်နဲ့ တူတဲ့ ကံကြမ္မာကို ယုံကြည်အားကိုးပြီး သူရဲ့အိမ်မက် လေးကို အကောင်အထည်ဖော်ဖို့ ကျိုးစားခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ကမ္ဘာကျော် ဂီတအဖွဲ့တစ်ခုဖြစ်တဲ့ ၀က် (စ်) (တ်) လိုက် (ဖ်) (Westlife) က နာမည်ကျော် အဆိုတော် ဘရိုင်ယန် နဲ့ လက်ထပ်လိုက်ပါတယ်။ ဒါပေမဲ့ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာလို့ ပြောရမလောက်ပါပဲ။ သားသမီး နှစ်ယောက်ရပြီး ချိန်မှာ တော့ သူ့ရဲ့ပျော်ရွှင်စရာ အိမ်မက်ကလေး ပျက်ပြယ်သွားပြီး ထမင်းလုံးတစ္ဆေ အခြောက်ခံလိုက်ရပါတော့တယ်။
ဒီလိုကြမ်းထမ်းခက်ထန်တဲ့ ဘ၀လောကဓံမုန်းတိုင်းတို့ရဲ့ တိုက်ခိုက်မှု ကို ကြံကြံခံရင်း ဘ၀ပန်းတိုင်ကို ရောက်အောင် ဘယ်လိုရုန်းကန်ခဲ့ရတယ် ဆို တာကို ကယ်ရီကိုယ်တိုင် ဖောက်သည်ချထားပါတယ်။ စာဖတ်သူတို့ ခံစားကြည့်နိုင်အောင် မျှဝေလိုက်ပါတယ်။

အပိုင်း (၁)

မနက်ဖြန်ဆိုတာ သစ်လွင်လှပတဲ့ နိဒါန်းတစ်ခုပါ

ကျမ ရှစ်လသမီးအရွယ်လောက်မှာ အဖေက ကျမကို တစ်ခေါက်လာ ကြည့်ဖူးပါတယ်။ အမေက ဘုံဆိုင်သွားပြီး တစ်ခွက် တစ်ဖလားမော့နေတဲ့ အချိန်ပေါ့။ အမေကို တစ်ယောက်ယောက်က တွေ့ချင်တယ်လို့ ပြောပါတယ်။ ကျမအဖေက ကူညီပြောပေးဖို့ အတွက် သူရဲ့ညီနဲ့ သူငယ်ချင်းကို အဖော် ခေါ်လာတယ်။ သူတို့တွေ အိမ်ပြန်လာကြပြီး ကျမအတွက် ကလေးစရိတ် ပေးသွားကြတယ်။

ဒါဟာ ကျမရဲ့ အဖေအရင်းကို နောက်ဆုံး မြင်လိုက်ရခြင်းပါပဲ။ ကျမအဖေဟာ သူ့ရဲ့ဇနီးနဲ့ သား၊ သမီးတွေဆီကို ပြန်သွားခဲ့တယ်။ ဒါဟာ ကျမဘ၀ရဲ့ မလှပတဲ့ ဘ၀နိဒါန်းအစပါ။ ဒါပေမဲ့ နောက် ကြောင်းပြန်မကြည့်မိအောင် ကျမ အမြဲကြိုးစား နေခဲ့တယ်၊ အတိတ်မှာ ဘာတွေဖြစ်ခဲ့သလဲ ဆိုတာကိုလည်း မစဉ်းစားခဲ့ဘူး။ ရှေ့ကိုမျှော်မှန်းပြီး လက်ရှိဘ၀မှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားခြင်းကသာ ကျမအတွက် ပိုပြီးအဓိပ္ပါယ်ရှိပါတယ်။

ကျမ လမ်းလျှောက်တတ်စ အရွယ်မှာပဲ သူ့ကိုမြတ်မြတ်နိုးနိုး ချစ်မယ်လို့ထင်တဲ့ လူတစ်ယောက်နဲ့ အမေ နောက်အိမ်ထောင် ပြုခဲ့ တယ်။ အဲဒီ အခိုက်အတန့်မှာတော့ အခြားကလေးတွေလိုပဲ ကျမ မိစုံ ဖစုံနဲ့ နေခဲ့ရဖူးတယ်။ ကျမမိဘတွေ တွေ့ကြုံခံစားနေရတဲ့ ဒုက္ခသုက္ခ ဆိုတာတွေ ကျမ ဘာမှမခံစားခဲ့ရပါဘူး။ ကျမမှာ ကစားစရာ အရုပ် တွေရှိတယ်။ အတူကစားဖို့ သူငယ်ချင်းတွေရှိတယ်။ အချိန်တန်ရင် ကျောင်းသွားမယ်။ ကလေးတစ်ယောက်အတွက် ဒီထက် ဘာများလို သေးလို့လဲ။

၁၉၈၇-ခုနှစ်၊ ဇန်နာဝါရီလမှာတော့ ဒီပျော်ရွှင်စရာတွေဟာ ကပြောင်းကပြန် ဖြစ်သွားခဲ့တယ်။ အမေတို့ရဲ့ အိမ်ထောင်သက် သုံးနှစ်ကျော်ကျော်လေးမှာပဲ ပထွေးက အမေကို ပစ်သွားခဲ့တယ်။ ကျမ ခုနစ်နှစ်သမီး အရွယ်ပဲ ရှိပါသေးတယ်။ အဲဒီအချိန်ကစပြီး ကျမဟာ ဘ၀တစ်လျှောက်လုံး ကြံ့ကြံ့ခံ ရုန်းကန် လှုပ်ရှားခဲ့ရတာပါ။

ဘယ်သူတွေဟာ ကိုယ့်မိဘဖြစ်ပါစေလို့ ကျမတို့မှာ ရွေးချယ် ပိုင်ခွင့် မရှိပါဘူး။

ဆိုလိုတာက ဘ၀ပေး အခြေအနေအရ ရလာတာတွေကို သိပ်ရွေးချယ်နေလို့ မရပါဘူး။ ဘယ်လိုအခြေအနေ မျိုးမှာပဲဖြစ်ဖြစ် အတတ်နိုင်ဆုံး ပုံမှန်ဘ၀နဲ့ ကြိုးစားရပ်တည်သွားဖို့ကို ကျမ ရွေးချယ် ခဲ့ပါတယ်။ ကျမက အရာရာကို အကောင်းမြင်တတ်အောင် ကျိုးစား နေသူ တစ်ယောက်ပါ။ ကျမဆီမှာ ဒီစိတ်ဓာတ်လေး ဘယ်လို ကိန်းအောင်းလာသလဲဆိုတာ ကျမ အသေအချာ မသိဘူး။ ဒါပေမဲ့ ကျမ စဉ်းစားမိတာကတော့ ဘ၀ကံကြမ္မာဟာ ဆိုးဝါးတဲ့ ဒုက္ခသုက္ခ သဗ္ဗရနံပေါင်းစုံကို ကျမရဲ့ မိသားစုအပေါ် ပေးတဲ့အချိန်မှာ ကျမကို တော့ ပျော်ရွှင်တတ်တဲ့စိတ်၊ ပြန်လည်ဦးမော့လာစေမည့် နည်းလမ်း တွေကို အပ်နှင်းခဲ့တယ်လို ထင်ပါတယ်။
ဘ၀ရဲ့ အမှောင်မိုက်ဆုံး ကာလတွေကို ဖြတ်သန်းနေရတဲ့ အချိန်မှာတောင် ဘ၀ဟာ အစဉ်ပြေလာမှာပါလို့ ကျမ အမြဲတန်း မျှော်လင့်နေခဲ့တာပါ။ အဲဒီ အချိန်ဟာ မနက်ဖန်မဟုတ်ရင်တောင် တစ်ရက်ရက်မှာပေါ့။ ဒီမျှော်လင့်ချက်ဟာ ရှေ့ကိုဆက်လျောက်လှမ်း ဖို့ ကျမကို အမြဲ တွန်းအားပေးခဲ့တာပါ။ ဘ၀မှာ အနာခံရတဲ့ ကာလ တွေကို ဖြတ်သန်းခဲ့ရလို အသာစံရတဲ့ အချိန်တွေလဲ ကြုံခဲ့ရတာပါပဲ။ အခုတောင် အရာအာလုံးဟာ ပြန်ကောင်း လာနိုင်ပါ့မလားဆိုတဲ့ အတွေးမျိုးကို ကျမ လုံးဝလက်မခံပါဘူး။ အဲဒီလို တွေဝေတတ်တဲ့ သံသယစိတ်တွေ၊ တွန့်ဆုတ်တတ်တဲ့ ကြောက်ရွံ့စိတ်တွေ ၀င်မလာ အောင် တွန်းလှန်နေခြင်းသည်ပင် ဘ၀တိုက်ပွဲရဲ့ တစ်စိတ်တစ်ပိုင်း ပဲလို့ ကျမထင်ပါတယ်။

ဘ၀ဟာ အမြဲတန်း လွယ်ကူချောမွေ့နေတာ မဟုတ်ပါဘူး။ ကျမအမေဟာ စိတ်ကျရောဂါ ခံစားနေရသူတစ်ယောက်ပါ။ ဒီတော့ သူနဲ့အတူ ရှိနေတဲ့ ကျမဘ၀ဟာ သူရဲ့ ကယောင်ချောက်ချား ဖြစ် တတ်တဲ့စိတ်တွေ အမွေရခဲ့ပါတယ်။ ပုံမှန်အချိန်မျိုးမှာဆိုရင်တော့ သူဟာကောင်းကင်မှာ ပျံနေသလားလို့တောင် ထင်ရပါတယ်။ ဒီလို အချိန်မျိုးလေးတွေကိုလဲ ကြုံခဲ့ရပါတယ်။

ကျမတို့ဟာ ဘယ်လိုမိခင်မျိုး ရလာမယ်ဆိုတာ ဘယ်သူမှ ကြိုတင်မ သိနိုင်ပါဘူး။ ကျမကတော့ အရာရာဟာ ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန် လာမဲ့ အချိန်ကိုပဲ မျှော်လင့်နေခဲ့တာပါ။ ပျော်ရွှင် စရာမရှိရင်တောင် ကြံဖန်ပြီး ပျော်အောင်နေတတ်သူပါ။ အမေနဲ့ ကျမမှာ ဟာသဥာဏ်ရှိကြပါတယ်။ ကျမ တို့ သားအမိဟာ တစ်ယောက်နဲ့ တစ်ယောက် နောက်ပြောင်ကျီစယ်ရင်း ပျော်ပျော်ရွှင်ရွှင် နေခဲ့ကြတယ်။ အိမ်မှာ ဘယ်လိုပြဿနာတွေ ရှိနေပါစေ ကျမတို့ ပျော်ရွှင်စရာအချိန်လေး တွေကိုတော့ ရအောင်ယူခဲ့ကြတယ်။ အမေ့ မှာ ငွေပိုငွေလျှံလေးရှိရင် သူက ကျမကို ဘလက်ပူးလ်(Blackpool) ကို ခေါ် သွားပြီး အဲဒီမှာ ကျမတို့ တစ်နေကုန် အချိန်ဖြုန်းကြတယ်။ ခြားတွေ၊ ရဟတ် တွေ စီးပြီး အသံကုန်အော်ဟစ် ကြတယ်။ အဲဒီအချိန် မှာဆိုရင် အမေဟာ ကလေးတစ်ယောက်လို ပျော်မြူး နေတာပါပဲ။ ဒီလိုပျော်ရွှင် စရာကောင်းတဲ့ အချိန်လေးတွေ အမြဲဖြစ်နေပါစေ လို့ ကျမဆုတောင်းခဲ့ပါတယ်။ ဒီလိုဖြစ်ဖို့က တော့ နေ့စဉ်နဲ့အမျှ ပျော်ရွှင်စရာတွေကို ဖန်တီးယူတတ်ဖို့ပဲရှိပါတယ်။

ဘ၀မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ အခါမျိုးမှာ
ဒီလိုပျော်ရွှင်စရာ လေးတွေဟာ ဘ၀အမောတွေ
ပြေပျောက်စေမဲ့ အကောင်းဆုံး ထွက်ပေါက်လေး တစ်ခုပါပဲ။

အိမ်ကနေ ထွက်ထွက်သွားတတ်တဲ့ အမေမျိုး၊ အရက်အလွန် သောက် တဲ့ အမေမျိုး၊ ကိုယ့်အပေါ် ကြင်နာမှုမရှိတဲ့ ယောက်ျားတစ်ယောက်အပေါ် မေတ္တာထားမိတဲ့ အမေမျိုး အခြား ဘယ်သားသမီးမှာ မှ ကြုံဖူးမှာမဟုတ်ပါ ဘူး။ ကျမဟာ ဒီလိုတွေ ကြုံနေရပေမဲ့ တစ်ချိန် ချိန်မှာ ကျမတို့ဘ၀ အစဉ်ပြေ ချောမွေ့လာလိမ့်မယ်လို့ အမြဲယုံကြည် ထားပါတယ်။ ဒါတွေကိုပဲ တွေးတော စဉ်းစားနေရင်း အချိန်တွေ ဖြုန်းနေမယ်ဆိုရင် အခက်အခဲတွေကို ရင်ဆိုင် ကျော်လွှားနိုင်မှာ မဟုတ်ပါ ဘူး။ အကယ်၍ ကျမဟာ ကျမရဲ့ လက်ရှိဘ၀ အကြောင်းစဉ်းစားရင်း အတွေးထဲမှာ နစ်မျောနေမယ်ဆိုရင် အဲလိုဘ၀မျိုးက နေ ဘယ်တော့မှ ကျော်ဖြတ်နိုင်မှာ မဟုတ်ပါဘူး။ အောင်မြင်မှုပန်းတိုင်ဟာ ကျမရဲ့ လက်တကမ်းမှာပဲ ရှိနေတယ်လို့ စိတ်ထဲမှာ အမြဲခံစားမိတယ်။ အဲဒီကို ရောက်ဖို့ဆိုရင် ငရဲပြည်ကို ကျော်ဖြတ်ပြီးသွားရမယ်ဆိုတာ ကျမ သိနေတယ်။


မင်းမဟော် (ဘီးလင်း)


အထက်ပါ ဆောင်းပါးလေးကို မျိုးချစ်မြန်မာ ဘလော့ကနေ ကြိုတ်လို့ ကူးယူပြီး တင်ပေးလိုတ်တာပါ။ နောက်ထပ် အခန်းဆက်တွေလည်း ကျန်သေးတယ် ထင်ပါတယ်။

Read more...

ဒေါသနည်းအောင်နေနည်း

>> Tuesday, December 8, 2009

ယခုတလောမှာ ဘ၀ရဲ့အဆင်မပြေမူများကြောင့် ဒေါသ၊သောကတွေဖြစ်ခဲ့မိပါတယ်။ အဲဒီအချိန်မှာ ယခုစာပေတရား အားဆေးတစ်ခွက်ကို သောက်လိုက်ရပါတယ်။ ရင်တွင်းက ဒေါသ၊သောကမီးတွေ အေးငြိမ်းသွားလို့ တဆင့်မျှဝေပေးလိုက်မိပါတယ်။
နှစ်သက်သောစာစုများ
ရွှေလမ်းငွေလမ်းဝင်းကြည်


“ဒေါသနည်းအောင်နေနည်း"
လူတိုင်းစိတ်ပင်ပန်းရတာ သက်သာအောင် အကောင်းဆုံး လုပ်နည်းက
တတ်နိုင်သလောက်ကြိုတင်ကာကွယ်တဲ့ နည်းပါပဲ။

• သွားစရာရှိရင် လိုက်မယ့်သူတွေကို ကြိုကြိုတင်တင် ပြောထားပါ၊
ကပ်ပြီးမှပြောရင်ပြင်ဆင်ချိန်မလောက်လို့စောင့်နေတဲ့အခါမှာ စိတ်တို တတ်တယ်။

• သုံးနေကျပစ္စည်းကို ကြိုကြိုတင်တင်ဝယ်ထားပါ၊ သုံးချင်တဲ့အချိန်ကျမှ ကုန်နေလို့
စိတ်တိုတာမဖြစ်အောင်နော်။

• ကတိအကြွေးတွေဟာ စိတ်ကို ပင်ပန်းစေတယ်၊ ဒါကြောင့် ကတိကို
လွယ်လွယ်နဲ့မပေးပါနဲ့။ ကတိပေးပြီးမှမတည်နိုင်တဲ့အခါစိတ် ဆင်းရဲ ရတယ်၊
စိတ်တိုရတယ်၊ ကတိမတည်တဲ့သူလို့အပြောခံရတဲ့အခါ ရှက်တယ်၊ ဒေါသဖြစ်တယ်။

• မတတ်နိုင်လောက်အောင် မြင့်လွန်းနေတာမျိုးကို မမှန်းပါနဲ့။
ကိုယ့်ရည်မှန်းချက်ဟာ ကိုယ့်အခြေအနေနဲ့ ကိုက်ညီဖို့လိုတယ်။ ကိုယ့်
ရည်မှန်းချက်ကို နဲနဲချင်း ဖြေးဖြေးမြှင့်ပါ ။

• ကိုယ့်အတွက် အရေးကြီးတဲ့ ကိစ္စကိုလုပ်ဖို့ အချိန်လုံလောက် အောင်စီစဉ်ထားပါ။
အရေးမကြီးတာတွေကို အရင်လုပ်ပြီး ပင်ပန်းသွားတဲ့အခါကျမှ အရေးကြီးတာကိုလုပ်ရင်
ပိုပြီးစိတ်ပင်ပန်း တယ်။ ဒါကြောင့် အရေးကြီးတာကို အရင်လုပ်ပါ။ အရေးကြီးတာကို
အရင်လုပ်ပြီးရင် စိတ်ပေါ့ပါးသွားလို့ သိပ်အရေးမကြီးတာကိုလုပ်ဖို့ အားတက်လာမယ် ။

• စနစ်တကျလုပ်တတ်တဲ့အကျင့်ကို လေ့ကျင့်ထားပါ။ စနစ်ရှိရင် အချိန်ကုန်သက်သာတယ်၊
အမှားနည်းတယ်၊ စိတ်ပင်ပန်း လူပင်ပန်း ရတာလဲနည်းတယ်။ အဲဒါကြောင့် စိတ်တိုရတာ
ဒေါသဖြစ်ရတာပါ နဲသွားတယ်။ ပုံမှန်အချိန်ဇယားနဲ့ လုပ်လို့ဖြစ်တာမျိုးကို
သူ့အချိန်ကျ ရင်လုပ်ဖြစ်အောင် အကျင့်လုပ်ထားတာကောင်းတယ်။ အခုလုပ် ရမလား၊
နောက်မှလုပ်ရမလားလို့ တွေးမနေရတော့ဘူး။ အဲဒါကိုက အချိန်ကုန်သက်သာသလို
စိတ်ပင်ပန်းတာလဲ သက်သာပါတယ်။

• ကိုနေရတဲ့နေရာ၊ ကိုယ်အလုပ် လုပ်တဲ့နေရာကို တတ်နိုင်သလောက်
သန့်ရှင်းသပ်ရပ်အောင် လှပအောင်ပြုပြင်ပါ။ ရှုပ်ထွေး၊ ညစ်ပတ်၊ နံစော်
နေတဲ့နေရာမျိုးမှာ အလုပ်လုပ်ရရင် စိတ်ကြည်လင်မှာ မဟုတ်ဘူး။

• စိတ်ကြည်လင်စေမှုကို ဖျက်စီးတတ်တဲ့ အရာမျိုးတွေကို ကိုယ်မြင်နိုင်
တဲ့နေရာမှာမရှိပါစေနဲ့။ နံရံပေါ်မှာ၊ စာအုပ်စင်ပေါ်မှာ၊ အလုပ်စားပွဲ ပေါ်မှာ
စိတ်ကိုအနှောက်အယှက်ပေးနိုင်တဲ့အရာတွေကို မရှိပါစေနဲ့။ စိတ်တိုစရာကိစ္စ၊
စိတ်ညစ်စရာကိစ္စ၊ အဟောင်းကိုအသစ်ဖြစ်အောင် လုပ်မဲ့ ပစ္စည်းမျိုးကို
မြင်နိုင်တဲ့နေရာမှာ မထားတာကောင်းတယ်။ ကြည့်လိုက်တာနဲ့
စိတ်ကိုကြည်လင်အေးချမ်းသွားစေနိုင်တဲ့ ရှုခင်း ဓါတ်ပုံမျိုးကို မြင်သာတဲ့နေရာမှာ
ထားပါ။ ရေခဲတောင် ဓါတ်ပုံမျိုး၊ ရေကန်ကြီးကြီး ဓါတ်ပုံမျိုးကို ကြည့်ပြီး
အဲဒိနေရာမျိုးမှာ ကိုယ်ရောက် နေတယ်လို့ မှန်းကြည့်ပါ။ ကိုမြင်သမျှ
ကြားသမျှအရာတွေဟာ ကိုယ့်စိတ်ကို လွှမ်းမိုးတယ်။ ဒါကြောင့် မမြင်ရရင်ကောင်းတဲ့
အရာတွေကို ဝေးဝေးပို့ထားပါ၊ ဝေးလေကောင်းလေပဲ။ ပစ္စည်းတွေက ကိုယ့်စိတ်ကို
ချောက်ချားစေနိုင်တယ်။ ဘာပစ္စည်းမှမရှိရင် ဘာအနှောက်အယှက်မှ မရှိဘူး။

• အနံ့အသက်ဆိုးတွေ၊ မီးခိုးတွေ၊ ဆူညံသံတွေ မရှိအောင် လုပ်နိုင်ရင်ကောင်းတယ်။
မရှိအောင်မတတ်နိုင်ရင်တော့ နဲနိုင်သမျှ နဲအောင် လုပ်ပါ။

• ကိုယ်ကအောင်မြင်လေလေ ကိုယ့်ကိုတွေ့ချင်တဲ့သူ၊ ကိုယ့်ဆီက
အကူအညီတောင်းချင်သူတွေ များလာလေဖြစ်တတ်တာ သဘာဝပဲ။ တစ်ခါတစ်လေ ကိုယ်မအားတုန်း
အလုပ်များနေတုန်း သူတို့ကတွေ့ချင် အကူအညီတောင်းချင်နေလို့ မရမက လုပ်လာရင်လည်း
စိတ်အနှောက်အယှက်ဖြစ်ရတယ်။

• စိတ်အေးအေးချမ်းချမ်းနေချင်ရင် သူများအကြောင်းကို တတ်နိုင် သလောက်
မပြောပဲနေတာကောင်းတယ်။ အထူးသဖြင့် သူများ မကောင်းကြောင်းကို
မပြောပဲနေတာကောင်းတယ်။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်ပြီး ပြောတာမျိုးကို
အထူးရှောင်သင့်တယ်။ ကိုယ်ကသူများ မကောင်းကြောင်းကိုပြောရင်
ကိုယ့်မကောင်းကြောင်း ကိုလည်း သူများက ပြောမှာသေချာတယ်။ အဲဒါနဲ့ပဲ
ကိုယ့်စိတ်ကြည်လင်မှု ပျက်ရတယ်။ ကိုယ့်အကြောင်းကို သူများကမကောင်းပြောရင်တောင်မှ
သူပြောတာမဟုတ်ကြောင်းကိုပဲ အေးအေးဆေးဆေးပြောပြီး သူ့မကောင်း ကြောင်းကိုတော့
ဟုတ်နေရင်တောင်မှ မပြောပဲထား လိုက်တာက ပိုကောင်းတယ်။ ကိုယ်ကသဘောထားကြီးကြီး
ထားဖို့လိုတယ် ။

• စိတ်အနှောက်အယှက်ဖြစ်ရတာ နဲချင်ရင် မလိုအပ်ပဲနဲ့ လူများ များနဲ့မရောပါနဲ့။
အလုပ်များတဲ့သူဟာ တစ်နေ့ တစ်နေ့ လူတွေနဲ့စကားပြောရတာ နဲမှာမဟုတ်ဘူး။
အခက်အခဲရှိလို့ပြော ချင်ရင်၊ တိုင်ပင်ချင်ရင် တကယ်ကောင်းတဲ့ အကြံဥာဏ်မျိုး
ပေးနိုင်မဲ့သူကိုပဲပြောပါ။ မဆိုင်တဲ့သူတွေကိုမပြောပါနဲ့။ စိတ်ပျက် စရာကို
ပြောတတ်တဲ့သူတွေကို ဘယ်တော့မှ မပြောပါနဲ့။
စိတ်ပျက်စရာကိုပြောတတ်တဲ့သူကိုပြောရင် ကိုယ်ပါစိတ်ဓါတ်ကျမယ်။
စိုးရိမ်စိတ်တွေများလာမယ်။ စိတ်ပင်ပန်းမယ်။ ကိုယ်လုပ်မဲ့ အလုပ်မျိုးကို
လုပ်နေတဲ့သူ၊ အတွေ့အကြုံများတဲ့သူမှသာ ကိုယ့်အခက်အခဲကိုနာလည်မယ်။
ဒါကြောင့်ဘယ်သူနဲ့ တိုင်ပင်တယ် ဆိုတာကို သေသေချာချာစဉ်းစားပါ။

• အေးအေးဆေးဆေး ပြောတတ်အောင် လေ့ကျင့်ပါ။ အေးအေး ဆေးဆေးလုပ်တတ်အောင်လေ့ကျင့်ပါ။
အလျင်လိုတဲ့အကျင့်ဟာ စိတ်ပင်ပန်းစေတယ်။ အလျင်လိုနေရင် စိတ်မရှည်ဘူး။ အလျင်လိုနေ
တဲ့သူဟာ စိတ်တိုဖို့ပိုများတယ်။ မှားလို့ပြန်လုပ်ရရင် အချိန်ပိုကုန်တယ်။
ဒါကြောင့် ``အရင်လိုရင် အရနှေးတယ်´´ လို့ပြောတာ။ စိတ်ရှည်ရှည်နဲ့ သေသေချာချာ
တိတိကျကျ လုပ်တတ်တဲ့အလေ့အကျင့်ဟာ ရေရှည်မှာ စိတ်အေးချမ်းမှုကိုပေး တယ် ။

• လတ်တလောအဆင်ပြေအောင်လွယ်လွယ်နဲ့ကတိမပေးလိုက်ပါနဲ့။
ကိုယ့်ကိုသဘောကျအောင်ဘာတွေပေးမယ်၊ ဘာတွေလုပ်ပေးမယ်၊ ဘယ်လိုအခွင့်အရေးတွေပေးမယ်
ဆိုတာမျိုးကို မစားရ၀ခမန်း မပြောပါနဲ့။ ကိုယ်ကို အင်မတန်သဘောကောင်း
တယ်လို့မြင်စေချင်လို့ ချက်ချင်းဝမ်းသာသွားအောင်မပြောပါနဲ့။ ပြောတုန်းမှာ
လွယ်လွယ်နဲ့ ပြောပြီး တကယ်လုပ်တဲ့အခါ ကိုယ်မတတ်နိုင်ရင် မူလက ကိုယ့်
စေတနာမှန်ပေမယ့်လည်း ကိုယ့်စေတနာကို တဖက်ကယုံမှာ မဟုတ်ဘူး။ အပြောနဲ့
အလုပ်မညီတာတွေများလာတဲ့အခါ ကိုယ့်စကားကို ကြာတော့ ဘယ်သူမှ
ယုံတော့မှာမဟုတ်တော့ဘူး။ တကယ်ပေးနိုင်မှ၊ တကယ်လုပ်ပေးနိုင်မှပဲ ပြောပါ။
ပေးနိုင် တာထက် နည်းနည်းလျှော့ပြောတာကောင်းတယ်။

• အရေးမကြီးတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ညင်းတာခုံတာကို မလုပ်ပါနဲ့။
ဘာမှမဟုတ်တာကို ညင်းခုံကြရင်း ရန်ဖြစ်ရတာ စိတ်ဆင်းရဲရတာတွေ တော်တော်များပါတယ်။
ဒါကြောင့်အရေးကြီးတဲ့ အလုပ်တွေကို လုပ်နေတဲ့သူဟာ အရေးမကြီးတာတွေကို
ကိုသိတိုင်းလည်း မပြောသင့်ဘူး။ မေးတိုင်းလည်းမဖြေသင့်ဘူး။

• အရေးမကြီးတဲ့ကိစ္စမှာ သူများမှားနေလည်း သူ့အမှားကို သူသိလာအောင်
စောင့်သင့်တယ်။ ကိုယ်မှန်တိုင် ၀င်ပြောပြီး အနိုင်မယူသင့်ဘူး။
နိုင်လို့ရတိုင်းနိုင်ချင်တာဟာ မရင့်ကျက်တဲ့ စိတ်ထားဖြစ်တယ်။
စိတ်ချမ်းသာချင်ရင် ရင့်ကျက်တဲ့စိတ်ထား၊
သဘောထားကြီးတဲ့စိတ်ထားမျိုးကိုမွေးယူရမယ်။

• ဘယ်အလုပ်မျိုးဖြစ်ဖြစ် အဆင်မပြေမှုရှိပါတယ်၊ အခက်အခဲရှိပါတယ်။
ဆရာဝန်အလုပ်ခက်သလို၊ ကျောင်းဆရာအလုပ်လည်းခက်ပါတယ်။ ဈေးရောင်းတဲ့အလုပ်ခက်သလို
ကားမောင်းတဲ့အလုပ်လည်း ခက်ပါ တယ်။ ကားမောင်းတဲ့အလုပ်က စိတ်ရှည်ဖို့
တော်တော်လိုပါတယ်။ ဆရာဝန်အလုပ်လည်းစိတ်ရှည်ဖို့လိုပါတယ်။ လူနာရဲ့ အသက်ကို
လုနေရတဲ့အခါမျိုးမှာ သေးမင်းနဲ့ရင်ဆိုင်တိုက်ပွဲလိုဖြစ်နေတဲ့အခါမှာ
တော်တော်ပင်ပန်းပါတယ်။ လူနာက အားကိုး တကြီးနဲ့ကြည့်တဲ့ မျက်လုံရဲ့အဓိပ္ပါယ်ဟာ
ဆရာဝန်တွေရဲ့ စိတ်မှာ ပြင်းထန်တဲ့ ကရုဏာကို ဖြစ်စေတယ်။ ကျောင်းဆရာ၊
ဆရာမတွေကလည်း စိတ်ရှည်ဖို့လိုပါတယ်။ စာမေးပွဲကျတဲ့ကျောင်းသားရဲ့ စိတ်မှာ
ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတော့သလိုဖြစ်သွားတာဟာ တော်တော်
သနားစရာကောင်းပါတယ်။ ကိုယ့်တပည့်လေးအောင်ပါ့မလားဆိုပြီး ဆရာတွေ ဆရာမတွေ
သောကဖြစ်ရတယ်။ မိဘတွေ ဆင်းဆင်းရဲရဲနဲ့ သားသမီးကို ပညာတတ်စေချင်လို့
ကျောင်းထားတယ်။ စားမေးပွဲကျရင် ဆက်ထားဖို့မလွယ်တော့ဘူး။

• လူများများနဲ့ ဆက်ဆံရတဲ့အလုပ်တွေက ဆက်ဆံရေးအခက်အခဲ အမြဲရှိပါတယ်။
လူတိုင်းကိုစိတ်ကျေနပ်အောင်ဘယ်သူမှ လုပ်မပေး နိုင်ဘူး။ မကျေနပ်တဲ့သူက
အပြစ်တင်မယ်၊ မကောင်းပြောမယ်။ အဲဒီအခါ စိတ်တိုမယ်၊ ဒေါသဖြစ်မယ်၊ စိတ်ဓါတ်ကျမယ်။
ဒါကြောင့် ကိုယ့်အလုပ်နဲ့ပတ်သက်ပြီး ဖြစ်နိုင်တဲ့အခက်အခဲတွေကို ကြိုတင်ပြီး
တွေးထားပြီးတော့ ဒီအခက်အခဲမျိုးကတော့ တွေ့ရမှာသေချာတယ်၊ ဒီလိုအပြောမျိုးတော့
ခံရမှာသေချာတယ်၊ ဒါကြောင့် အခက်အခဲနဲ့တွေ့ရတဲ့အခါ၊ အပြောခံရတဲ့အခါ
စိတ်မပျက်ဘူး၊ စိတ်မညစ်ဘူ။ စိတ်ရှည်ရှည်ထားမယ်လို့မကြာခဏ နှလုံးသွင်းပါ။

လူတွေပေါ်မှာ တတ်နိုင်သလောက် စိတ်ရှည်ရှည်ထားပါ။ သူတို့ကိုနားလည်ဖို့ကြိုးစားပါ။
ဒေါသအလျောက် နာသွားအောင် မပြောပါနဲ့၊ ကိုယ့်စေတနာက မှားနေရင် ကိုယ့်စေတနာက
ကိုယ့်ကိုအကျိုးပေးမှာပါပဲ။ ပြဿနာ တော်တော်များများဟာ ဆက်ဆံရေးအဆင်မပြေလို့
ဖြစ်ရတာပါ။ တစ်ယောက် ပြောချင်တာကို တစ်ယောက်ဆုံးအောင် နားမထောင်ရင် တစ်ယောက်ကို
တစ်ယောက် နားလည်မှာမဟုတ်ဘူး။ တစ်ယောက် စကားကို တစ်ယောက် အဓိပ္ပါယ်မှန်အောင်
မကောက်နိုင်ရင် အထင်လွဲတာတွေ ဖြစ်လာမယ်။ ဒါကြောင့် ဆက်ဆံရေး အဆင်ပြေချင်ရင်
တဖက်သား ပြောချင်နေတာကို ဂရုတစိုက် နားထောင်ပါ။ သူ့စိတ်ထဲမှာ ပြောချင်နေတာကို
ပြောခွင့်ပေးပါ။ အထူးသဖြင့် အရေးကြီးတဲ့ ကိစ္စပြောမယ်ဆိုရင် အထင်လွဲတာမဖြစ်ဖို့
ပိုပြီးအရေးကြီးတယ်။ သူပြောချင်နေတာကို ပြည့်ပြည့်စုံစုံ ပြောနိုင်အောင် သူ့ကို
မေးခွန်းတွေမေးပြီး ရှင်းခိုင်းပါ။ သူ့အခက်အခဲကို ကိုယ်က ကိုယ်ချင်စာပါတယ်
ဆိုတာကို သူသိအောင်ပြောပါ။ တစ်ယောက်ရဲ့ အခက်အခဲကို တစ်ယောက်ကူညီပြီးနေသွားရတာ
ကျေနပ်စရာ သိပ်ကောင်းပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် တစ်ကယ် နားလည်မှုရသွားရင်
စိတ်သက်သာမှုရတယ်။ ကိုယ့်ဘ၀မှာ အရေးပါတဲ့သူရဲ့ အထင်လွဲမှုကို ခံရတာ စိတ်ဆင်းရဲစရာ
သိပ်ကောင်းတယ်။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် အထင်လွဲနေရင်
လေးလေးစားစားဆွေးနွေးပါ။

လောကီအတွက်ပါ အကျိုးပေးတဲ့ ဆုံးမသြ၀ါဒပါ။ ၀ိပဿနာတရားတွေကို
အမြဲရှုပွားနေနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဆရာတော်ရဲ့ သြ၀ါဒက ချက်ချင်းစိတ်ကို
ငြိမ်းချမ်းစေနိုင်ပါတယ်။ စိတ်ကလေးကြည်လင်နေတဲ့အခါ ခန္ဓာဉာဏ်ရောက်တရားများကို
အားစိုက်နာကြည့်လိုက်ပါ။ ဒါမမဟုတ် ၀ိပဿနာတရားအားထုတ်ကြည့်ပါ။ အင်မတန်ကို
ချမ်းသာသုခ ရနေတဲ့အချိန်ပါ။ ဓမ္မမိတ်ဆွေများလည်း ဆရာတော် ပြောပြဆုံးမသည့်အတိုင်း
လိုက်နာကျင့်သုံးနိုင်ပါစေ။ ဘ၀မှာ စိတ်အချမ်းသာဆုံးနေနိုင်ကြပါစေ။
*ဆရာတော်ဦးဇောတိက
http://refineplace.myanmarbloggers.info/
ကိုငယ် ဘလော့မှ ကူးယူဖော်ပြပေးပါသည်။
ဝိမုတ္တိသုခ ဘလော့မှ ကျွန်တော်က ပြန်လည် ကူးယူဖော်ပြပါသည်

Read more...

သင်ဘာရည်ရွယ်ချက်နဲ့လူဖြစ်နေတာလဲ ...သီတဂူဆရာတော်

>> Monday, December 7, 2009

အားလုံးသော လူတိုင်း လူတိုင်းကိုပေါ့ ဘာရည်ရွယ်ချက်နဲ့ လူဖြစ်နေသလဲ? လူဖြစ်ရခြင်းရဲ့ ရည်ရွက်ချက်က ဘာလဲ? လို့မေးရင် တိကျမှန်ကန်စွာ ဖြေနိုင်ဖို့တော့ ခက်ခဲမယ် ထင်ပါရဲ့

ဥပမာ ဆိုပါစို့
လူတစ်ယောက်ကို မေးမယ် သူက ဆရာဝန်ကြီး လုပ်မယ်၊ တစ်ယောက်က အင်ဂျင်နီယာ၊ တစ်ယောက်က ဂျာနယ်လစ် တစ်ယောက်က သတင်းစာဆရာ ဘာ ညာ စသဖြင့်ပေါ့ သူတို့တွေ အားလုံးရဲ့ ရည်ရွက်ချက်တွေ မတူညီတာကို တွေ့ရပါလိမ့်မယ်။ တူညီမူ မရှိဘဲ ထွက်လာပါလိမ့်မယ်။ ကဲ ဒီလိုဆိုရင် လူတစ်ထောင်ရှိရင် ရည်ရွယ်ချက် တစ်ထောင် ထွက်လာနိုင်တာ ပေါ့နော်။

လူသားတိုင်းမှာ မရှိမဖြစ်တဲ့ ရည်ရွယ်ချက် ရှိသင့်တာပေါ့။ အဲဒီ ရည်ရွယ်ချက်က လူသားအားလုံးနဲ့ ဆိုင်တဲ့ common ဖြစ်တဲ့ ရည်ရွယ်ချက် ဖြစ်ရမယ်။ အဲဒီ ရည်ရွယ်ချက်က ဘာလဲဆိုလို့ရှိရင် တို့များရဲ့ ဗုဒ္ဓ ဘုရားရှင်က ဟောထားပါတယ်။ အားလုံးလဲ သိကြ၊ ရဖူးကြမှာပါ ပရိတ်ကြီးးထဲက ရတနာ့ သုတ်ထဲမှာ ပါပါတယ်။

လောကတ္ထစရိယ၊ ဥာတတ္ထစရိယ၊ ဗုဒ္ဓတ္ထစရိယာတိ တိေဿာ စရိယာယော......လို့

လောကတ္ထစရိယ- ဆိုတာ
ချစ်သူ၊ မုန်းသူ၊ လူကောင်း၊ လူဆိုး၊ ဝေးသူ၊ နီးသူ၊ ဖြူသူ၊ မဲသူ၊ ကိုးကွယ်တဲ့ ဘာသာအမျိုးမျိုး အသားအရောင် အမျိုးမျိုး၊ လူမျိုး အထွေထွေ ဘယ်မျက်နှာမှ မကြည့်ဘဲနဲ့ အသက်ရှိသတ္တ၀ါ အားလုံးရဲ့ ကောင်းကျိုးကို ငါဆောင်ရွက်မယ် ဆိုတဲ့ ရည်ရွယ်ချက်ကို လောကတ္ထ စရိယ လို့ဆိုပါတယ်။ ဒီလူ့အကျိုးတော့ ငါဆောင်ရွက်မယ်၊ ဟိုလူ့အကျိုးတော့ ငါမဆောင်ရွက်ဘူး ဒီလို မဟုတ်ဘဲ အလွန် ကျယ်ပြန့်တဲ့ ရည်ရွယ်ချက် နံပါတ် တစ် လောကတ္ထစရိယ၊ အားလုံး သေသည်အထိ နှလုံးသားထဲမှာ စွဲနေအောင် မှတ်ထားစေချင် ပါတယ်။ တစ်လောကလုံး အတွက် မတတ်နိုင်ရင် နည်းနည်းလေး လျှော့လိုက်၊ ဒုတိယက ဥာတတ္ထစရိယ တဲ့

ဥာတတ္ထစရိယ- ဆိုတာ
ဆွေမျိုးများ၊ မိတ်ဆွေများ အတွက် အကျိုးစီးပွား ဖြစ်အောင် အားထုတ်ခြင်း၊
(၁) တစ်တိုင်းလုံး တစ်ပြည်လုံးမှာ ရှိတဲ့ လူသားအားလုံးတို့ရဲ့ အကျိုးစီးပွားကို ငါဆောင်ရွက်မယ်။
(၂) အဲဒီလောက် မလုပ်နိုင်ရင် ဘယ်လောက် လုပ်မလဲ၊ ကိုယ့်ရပ် ကိုယ့်ရွာက ကိုယ့်ဆွေကိုယ့်မျိုး များရဲ့ အကျိုးစီးပွား အတွက် ငါဆောင်ရွက်မယ်။ ရည်ရွယ်ချက် နှစ်ပါးနော် အဲဒီ ရည်ရွယ်ချက် နှစ်ပါးစလုံးက ပရဟိတ တွေချည်းပဲ။

ဗုဒ္ဓတ္ထစရိယ- ဆိုတာ
မြတ်ဗုဒ္ဓကတော့ သူ့အတွက် ဗုဒ္ဓ ဖြစ်ဖို့ဆိုတော့ “ဗုဒ္ဓတ္ထစရိယ” လို့ ပြောတာနော်၊ အဲဒါကို ဦးဇင်းတို့ စာဖတ်သူတို့နဲ့ ကိုက်ညီအောင် စကားလုံးပြောင်းပြီး ပြောရမယ် “အတ္တတ္ထ စရိယ” လို့။ အတ္တတ္ထ စရိယ - မိမိ ကိုယ်ကျိုးစီးပွားအတွက်နော်

ငါသည် လောကလူသားအားလုံးရဲ့ အကျိုးစီးပွားအလို့ငှါ လူဖြစ်လာတာ လောကတ္ထစရိယ၊ အဲဒီလောက် မတတ်နိုင်ဘူး ဆိုရင် ငါသည် ငါ့ရပ် ငါ့ရွာရဲ့ အကျိုးစီးပွါးအတွက် လူဖြစ်လာတာ ဥာတတ္ထစရိယ အဲဒီ ရည်ရွယ်ချက် နှစ်ပါးကို ဆောင်ရွက်နိုင်ဖို့ အတွက် လူသား တစ်ယောက်သည် ဘာလုပ်ရမလဲ အတ္တတ္ထ စရိယ - မိမိရဲ အကျိုးစီးပွါး ပြည့်စုံအောင် ဆောင်ရွက်ရမယ်။ အတ္တတ္ထ စရိယ- ကိုယ်ကျိုး စီးပွားလို့ ဆိုလိုက်လို့ စာဖတ်သူတို့ တစ်မျိုး သွားပြီးတော့ စိတ်မကူးနဲ့နော်၊ ငါ တိုက်ဆောက်ဖို့ ကားစီးဖို့ အရင်လုပ်ရမယ် ဆိုတာမျိုး သွားမတွေးနဲ့၊ အဲဒါ ပြောတာ မဟုတ်ဘူး ကိုယ်ကျိုးစီးပွား ဆိုတာ မိမိကိုယ်တိုင် ကိုယ်ကျင့်တရားနှင့် ပြည့်စုံဖို့၊ သီလ နဲ့ပြည့်စုံဖို့ အရင်လုပ်ရမယ်လို့ ဆိုလိုတာ သီလ ဆိုတော့ ဒို့ သီလ မတတ်နိုင်ဘူးလို့ ဒီလို သွားမတွက်နဲ့။

သီလဆိုတာ ဘာလဲ လို့မေးရင်
Bodily discipline and Verbal discipline.
This is Sila.

Bodily discipline- ဆိုတာ ကိုယ်၏ စည်းကမ်း၊
Verbal discipline- ဆိုတာ ပါးစပ်စည်းကမ်း အဲဒါကို သီလ လို့ခေါ်တယ်။

ပါဏာတိပါတာ ဝေရမဏိ- အသက်ရှိသတ္တ၀ါတွေကို မသတ်ဘူး
Not to kill any living beings.

အဒိန္နာဒါနာ ဝေရမဏိ- ပိုင်ရှင် မပေးတဲ့ပစွည်း ဘာမှ မယူဘူး၊
Not to take anything, not given by owner.

Not to do sexual misconduct -သူတပါးသားမယားကို မဖျက်စီးဘူး
လိင်နဲ့ပတ်သက်တဲ့ မှားယွင်းတဲ့ အကျင့်ကို မကျင့်ဘူး ဒါတွေဟာ ကာယကံ စည်းကမ်း၊

နောက် ဒုတိယ က
Verbal discipline- ပါးစပ်စည်းကမ်း
မုသာဝါဒါ ဝေရမဏိ -မဟုတ်မမှန်တဲ့ စကားကို မပြောဘူး
I undertake the precept not telling lie.

ရှင်းအောင် ထပ်ပြောကြစို့ ဘုန်းကြီးပြော ပြောမယ်ဆိုရင်ပေါ့
မုသာဝါဒါ၊ ပိသုဏ၀ါစာ၊ ဖရုသ၀ါစာ၊ သမ္ဖပ္ပလာပ၀ါစာ လို့လာပါတယ်။
ဒါကို ခေတ်နဲ့ ကိုက်ညီအောင် ပြောရရင်

Must be true
မှန်တာကို ပြော၊ မှန်တိုင်းလည်း ပြောရမလား ဆိုတော့ မှန်တိုင်းလည်း မပြောနဲ့တဲ့ မှန်တာတွေ အကုန်လျှောက်ပြော နေလို့ ဖြစ်တာ မဟုတ်ဘူး မဟုတ်လား။

Must be honest
ရိုးရိုးသားသား ပြော၊ ရိုးသားတဲ့ စိတ်နဲ့ပြောတဲ့

Must be polite.
ယဉ်ယဉ်ကျေးကျေးပြော တဲ့ ဒီလောက်နဲ့ ဒီစကားဟာ လုံလောက်ပြီလား ဆိုရင် မလုံလောက် သေးဘူး

Must be beneficial for others and oneself.
မိမိအတွက်ရော သူတစ်ပါးအတွက် အကျိုးဖြစ်မယ့် စကားကို ပြောရမယ်။

Must be harmonious
ညီညွတ်ရမယ် တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်ရမယ့် စကားမျိုးတွေ သွားမပြောနဲ့ ချစ်ခင်နေတဲ့ လူနှစ်ယောက် ကွဲသွားအောင် သွားမပြောနဲ့ ကွဲနေတဲ့လူကို စေ့စပ်တဲ့ စကားမျိုးပဲပြောတဲ့

Must be pleasant.
နားချမ်းသာ အောင်ပြောရမယ်

စကားအရာ အင်္ဂါ ခြောက်ပါးနော် နှလုံးသားထဲမှာ စွဲနေအောင် ဖတ်ပါ မှတ်သားပါ၊ ထိုကဲ့သို့ စကားကို ကောင်းစွာ ပြောခြင်းသည် ဘာ မင်္ဂလာ ဖြစ်သလဲ ဆိုရင် မင်္ဂလ သုတ်ထဲမှာ ပါပါတယ်၊

သုဘာသိတာစ ယာဝါစာ ဧတံမင်္ဂလ မုတ္တမံ ဆိုတာ ဘယ်လောက် ကောင်းသလဲ၊ စကားကို ကောင်းစွာ ပြောခြင်းသည် သုဘာသိတ မင်္ဂလာ ဖြစ်နေတယ်တဲ့ ဘယ်လောက် လူတွေနဲ့ ဆက်စပ်တဲ့ အဆုံးအမ တွေကို မြတ်ဗုဒ္ဓ ဆုံးမတော် မူထားသလဲ?

ကိုးကား
သီတဂူ ဆရာတော် ဘုရား၏ တောင်ကြီးတက္ကသိုလ်တွင် ဟောကြားအပ်သော တက္ကသိုလ် တရားတော်
++++++++++++++++++++++++++++++++++++++
အဖြူရောင်မေတ္တာမှကူးယူဖော်ပြပါသည်။

Read more...

မာန



ထောင်လွှား တက်ကြွခြင်း သဘောကို “မာန” လို့ ခေါ်ပါတယ်၊ ဒီမာနဟာ ထောင်လွှား တက်ကြွခြင်း သဘော ရှိပါတယ်၊ လောကမှာ ပုဂ္ဂိုလ်အတန်းအစားခွဲရင် -

၁။ သေယျပုဂ္ဂိုလ် = အထက်တန်းစားလူမျိုး၊
၂။ သဒိသပုဂ္ဂိုလ် = အများနှင့် တန်းတူလူမျိုး၊
၃။ ဟီနပုဂ္ဂိုလ် = အောက်တန်းစားလူမျိုး
ဒီလို (၃) မျိုးကို တွေ့နိုင်ပါတယ်၊ တစ်မျိုးတစ်မျိုးမှာ -

က။ သေယျမာန် = အမျိုးဥစ္စာ ပညာအဆင်း အစရှိတာနဲ့ အဖက်ဖက်က သူများထက် သာတယ် - လို့ မှတ်ထင်မှု၊
ခ။ သဒိသမာန် = အမျိုးဥစ္စာ ပညာအဆင်း အစရှိတာနဲ့ သင်းတို့နှင့် ဘာထူးသလဲ - လို့ မှတ်ထင်မှု၊
ဂ။ ဟီနမာန် = သူတို့အောက်ကျတော့ ငါက ဘာအရေးစိုက်ရမှာလဲ - လို့ မှတ်ထင်မှု။
ဒီလို သုံးမျိုးစီ ကွဲပြားနိုင်ပါတယ်။

ဒီ (၉) မျိုးထဲက သေယျပုဂ္ဂိုလ်ရဲ့ သေယျမာန်၊ သဒိသပုဂ္ဂိုလ်ရဲ့ သသိသမာန်၊ ဟီနပုဂ္ဂိုလ်ရဲ့ ဟီနမာန်ဟာ ဟုတ်မှန်တဲ့အတိုင်း မာန်မူခြင်း (ယာထာဝမာန်) မည်ပါတယ်၊ ဒီယာထာဝမာန်မျိုးကို အရဟတ္တမဂ်ကသာ ပယ်နိုင်ပါတယ်။

ဇာတိမာန်

မျိုးရိုး ကောင်းတဲ့အတွက် မာန်တက်တာ မျိုးကို ဇာတိမာန်လို့ ခေါ်ပါတယ်၊ ယခုခေတ်မှာလည်း အသင့်အတင့် မျိုးရိုး ကောင်းသူတွေ ရှိနေတတ်ပါတယ်၊ ဒါပေမယ့် ဟန်ကြီးပန်ကြီး လုပ်ကာ မာန်မာန တက်လောက်အောင် တစ်ဖက်သားကို ကိုယ့်ခြေဖ၀ါး အောက်ကလို မှတ်ထင်ရ လောက်အောင် မျိုးရိုး ကောင်းကြတာ မျိုးတော့ မဟုတ်ပါ။

ရှေးဘ၀က မထောင်လွှား မတက်ကြွ မာန်မာန မကြီးခဲ့လို့ မြင့်မြတ်တဲ့ အမျိုးဖြစ်ရတာကို အကြောင်းပြုပြီး ယခုဘ၀မှာ ထောင်လွှား တက်ကြွ မာန်မာန ကြီးနေခဲ့ပါလျှင် နောင်ဘ၀ သံသရာမှာ ယုတ်ညံ့ အောက်ကျ သူတစ်ပါးရဲ့ ခြေဖ၀ါးအောက်သို့ ရောက်ရမယ့် အရေးကို အဖန်ဖန်တွေးလို့ မိမိရဲ့ စိတ်ဓာတ်ကို ဖြူဖွေးသန့်စင် မာန်မာန မ၀င်အောင် ပြုပြင်သင့်ပါတယ်။

ဓနမာန်

ပစ္စည်းဥစ္စာ ချမ်းသာ ကြွယ်ဝတာကို အကြောင်းပြုလို့ ဖြစ်ပေါ်လာတဲ့ မာန်မာနမျိုးကို ဓနမာန် (ဥစ္စာမာန်) လို့ ခေါ်ပါတယ်၊ ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝသူတွေက ပစ္စည်းဥစ္စာ မရှိသူတွေနှင့် အတူမသွားနိုင်၊ အတူမစားနိုင်၊ အတူစကား မပြောနိုင်ဘဲ မာန်မာန တက်ကာ အဖက်မတန် သလို ဟန်ကြီးပန်ကြီး လုပ်မနေသင့်ပါ၊ ရှေးက အလှူ ဒါနည်းခဲ့လို့ ယုခုဘ၀မှာ ဆင်းရဲနေကြရတာ ပဲလို့ သနားကြင်နာ ကရုဏာသက်ပြီး သူတို့ကို နှုတ်နဲ့လည်း ကူညီသင့်ပါတယ်၊ ကိုယ်နဲ့လည်း ကူညီသင့်ပါတယ်၊ အခြေနေ အားလျော်စွာ ပစ္စည်းဥစ္စာ နဲ့လည်း ကူညီသင့်ပါတယ်၊ အဲဒီလို ကူညီလိုက်တဲ့ အတွက် မိမိမှာ ဂုဏ်တက် လာစရာသာ ရှိပါတယ်၊ ဂုဏ်ယုတ်စရာ မရှိပါ၊ မိမိမှာ အကြောင်းကိစ္စ ရှိတဲ့ အခါမှာလည်း သူတို့ရဲ့ အကူအညီကို ရနိုင်ပါ သေးတယ်၊ ဒါပေမယ့် သူ့ကျေးဇူးကို မသိတတ်ဘဲ အင်မတန် မိုက်တွင်းနက် နေသူတွေကိုတော့ သတိ ထားသင့်ပါတယ်။

ဒီ ပစ္စည်းဥစ္စာ ဆိုတာဟာ တစ်သက်စာ မျှသာ ဖြစ်ပါတယ်၊ ဘေးအန္တရာယ်လည်း အလွန် များလှပါတယ်၊ ခိုင်မြဲမှု သဘောလည်း မရှိပါ။ ပစ္စည်းသင်္ခါရ လူသင်္ခါရသာ ဖြစ်ပါတယ်၊ တစ်နေ့မှာ ပစ္စည်းဥစ္စာက ဖြစ်စေ၊ ပစ္စည်းဥစ္စာရဲ့ ပိုင်ရှင်က ဖြစ်စေ စွန့်ခွာသွားတတ် ပါတယ်၊ ဒါ့ကြောင့် ဒီဘ၀မှာ ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝ သလို နောက်ဘ၀မှာလည်း ချမ်းသာ ကြွယ်ဝအောင် ဥစ္စာမာန် တက်နေမယ့် အစား အလှူဒါနကို စွမ်းအားအလျောက် ပြုလုပ်ကာ ကိုယ့်နောက်ကိုသာ အပါ ယူသွားသင့်ပါတယ်။

ပညာမာန်

စာပေ တတ်ကျွမ်းသူ တွေရဲ့ မာန်ကို စာပေမာန်လို့ ခေါ်ပါတယ်၊ စာပေ ပညာဆိုတာဟာ မသင့်တော်တာကို မသင့်တော်မှန်း သိအောင် အသိအလိမ္မာ ကိုလည်း ပေးတတ်ပါတယ်၊ သင့်တော်တာကို သင့်တော်မှန်း သိအောင် အသိ အလိမ္မာကိုလည်း ပေးတတ်ပါတယ်၊ တစ်ဦးနှင့် တစ်ဦး ပေါင်းသင်း ဆက်ဆံရာမှာ ယဉ်ကျေး သိမ်မွေ့အောင်၊ အဆင်ပြေအောင် အသိ အလိမ္မာကိုလည်း ပေးတတ်ပါတယ်၊ ဒါပေမယ့် ဒီပညာကို အကြောင်းပြုပြီး မာန်မာန ကြီးနေမယ် ဆိုရင် အင်မတန် ရှက်စရာ ကောင်းလှပါတယ်။

ရှေးဘ၀က သူတော်မြတ် တွေကို ချဉ်းကပ် လျှောက်ထား ဆွေးနွေး လာခဲ့တဲ့ အတွက် ဒီဘ၀မှာ မိမိကိုယ်တိုင်က ပညာကြီးသူ ဖြစ်လာရပါတယ်၊ ပညာ သင်ခွင့်လည်း ရခဲ့ပါတယ်၊ ဒီလို အခွင့်သာလို့ ပညာတတ်လာတဲ့ ပုဂ္ဂိုလ်က အကြောင်း မညီညွတ်လို့ ပညာ မသင်ရသူတွေ၊ ပညာ သင်ရစေကာမူ ဥာဏ်ထိုင်းလှတဲ့ အတွက် ပညာ မတတ်သူတွေကို တွေ့ရတဲ့ အခါမှာ မောက်မာမော်ကြွား မာန ထားနေမယ့်အစား သနားကြင်နာ ကရုဏာ ထားသင့်ပါတယ်၊ သို့မဟုတ် အခွင့်အခါ သင့်ပါက တစ်ဆင့် သင်ကြားပေးသင့် ပါတယ်၊ ပညာမာန် တက်ကာ ကိုယ့်ဘ၀ကို မနစ်နာစေသင့်ပါ။

အဆင်းမာန်

အလှဂုဏ် အတွက် မာန်တက်ခြင်းကို အဆင်းမာန်လို့ ခေါ်ပါတယ်၊ ရှေးဘ၀က အစစ အရာရာမှာ သည်းခံကာ အမျက်ဒေါသ နည်းလာခဲ့တဲ့ အတွက်လည်း အဆင်း လှတတ်ပါတယ်၊ ဘုရားဝင်း ကျောင်းဝင်း စသည်တို့ကို သုတ်သင် ရှင်းလင်းခဲတဲ့ အတွက်လည်း အဆင်း လှတတ်ပါတယ်၊ ပန်း စသည်တို့ကို လှူဒါန်းခဲ့တဲ့ အတွက်လည်း အဆင်း လှတတ်ပါတယ်၊ ဒီလို ကုသိုလ် ကောင်းမှုတွေကြောင့် ရလာတဲ့ ကိုယ့်အဆင်းကို အကြောင်းပြုပြီး ဟန်ကြီးပန်ကြီး မလုပ်သင့်ပါ၊ အလှမာန် တက်ကာ ဘ၀င် မမြင့်သင့်ပါ၊ အလှဂုဏ် ကိုးကာ မဆိုးသင့်ပါ၊ ရှေး ကုသိုလ်ကံကြောင့် ရလာတဲ့ အဆင်းကို အကြောင်းပြုပြီး အကုသိုလ်မာန် တက်နေတာဟာ အင်မတန် မှားတဲ့ ကိစ္စ ဖြစ်ပါတယ်၊ အပြင်အဆင်း လှသလို အတွင်းစိတ်ကို အစွမ်းကုန် ပြုပြင်လို့ ဣနြေ္ဒရှင် သူတော်စင်တွေ ဖြစ်အောင်သာ ကြိုးစားသင့်ပါတယ်။

လိုရင်းမှာ - ရှေးဘ၀က မထောင်လွှား မတက်ကြွ မာန်မာန မကြီးခဲ့လို့ ယခု မြင့်မြတ်တဲ့ အမျိုးမှာ ဖြစ်လာရပါတယ်၊ ရှေးဘ၀က အလှူဒါန ပြုလုပ်ခဲ့လို့ ဒီဘ၀မှာ ပစ္စည်းဥစ္စာ ချမ်းသာ ကြွယ်ဝလာရ ပါတယ်၊ ရှေးဘ၀က သူတော် သူမြတ်တွေကို ချဉ်းကပ် လျှောက်ထား ဆွေးနွေး မေးမြန်းလာခဲ့တဲ့ အတွက် ဒီဘ၀မှာ ပညာ ကြီးလာရ ပါတယ်၊ ရှေးဘ၀က အမျက်ဒေါသ နည်းခဲ့၊ ဘုရားဝင်း၊ ကျောင်းဝင်း စသည်ကို သုတ်သင်ခဲ့၊ ပန်း စသည်ကို လှူဒါန်းခဲ့လို့ ယခုဘ၀မှာ အဆင်း လှခဲ့ရပါတယ်၊ ဒီလို မိမိမှာ ကုသိုလ် ကောင်းမှုကြောင့် ရရှိလာတဲ့ အမျိုး၊ ဥစ္စာ၊ ပညာ၊ အဆင်းကို အကြောင်းပြုပြီး မာန်မာန တက်ကြွနေတာဟာ နောင် ယုတ်နိမ့်တဲ့ ဘ၀မှာ ဖြစ်စရာ အကြောင်းပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့် နောက်နောက် ဘ၀တွေမှာ အဆင့်အဆင့် မြင့်တက်မယ့် အရေးကို မျှော်တွေးပြီး ထောင်လွှားတက်ကြွ မိမိတို့ရဲ့ မာန်မာနကို အစွမ်းကုန် နှိမ်ချိုးနိုင်ကြပါစေ။ အဖြူရောင်မေတ္တာမှ တဆင့်ကူးယူဖော်ပြပါသည်။

Read more...

မေးထဲရောက်တာလေးကောင်းလို့တင်ပေးလိုတ်တာပါ

>> Saturday, September 19, 2009

ဟိုးရှေးရှေးတုန်းက အင်မတန်မှ စိတ်တိုစိတ်ဆတ်တဲ့ ကောင်လေးတစ်ယောက် ရှိသတဲ့။

တစ်နေ့ကျတော့ သူ့အဖေက ကောင်လေးကိုအိမ်ရိုက်သံတစ်ထုပ်ပေးလိုက်ပြီး ပြောပါတော့တယ်။

မင်း တစ်ခါစိတ်တိုတိုင်း သံတစ်ချောင်းကို နောက်ဖေးက ၀င်း ထရံတိုင်မှာ သွားရိုက်ချေကွာတဲ့။

အဖေက အဲ့ဒီလိုပြောပြီး သံထုပ်ကိုပေးလိုက်တဲ့ ပထမနေ့မှာ ကောင်လေးဟာ
ဝင်းထရံတိုင်မှာ သံပေါင်း ၃၇ချောင်းရိုက်သွင်းဖြစ်သွားတယ်။ အဲဒီလိုနဲ့
သူစိတ်တိုတိုင်း သံလေးတွေကို ၀င်းထရံမှာ ရိုက်ရင်းရိုက်ရင်း ကောင်လေးဟာ
သူစိတ်သူထိန်းနိုင်လာသတဲ့။ သံရိုက်ချက်တွေဟာလည်း တစ်နေ့ထက်တစ်နေ့
ကျဲလာခဲ့တယ်။ ဒီလိုနဲ့ကောင်လေးဟာ ၀င်းထရံမှာ သံပြေးရိုက်တာထက်စာရင်
ဒေါသဖြစ်နေတဲ့စိတ်ကို ထိန်းရတာပိုလွယ်လာမှန်း သဘောပေါက်လာတော့တယ်။

အဆုံးမှာ ကောင်လေးဟာ စိတ်မတိုပဲနေနိုင်တဲ့နေကို ရောက်လာရော။
ကောင်လေးကပြေးပြီး သူအဖေကို သတင်းသွားပို့တယ်.. အဖေရေ.. သားတော့ စိတ်ကို
ထိန်းနိုင်သွားပြီဗျ..

အဲ့ဒီလိုကျတော့ သူအဖေက တစ်မျိုးခိုင်းပြန်ရော.. မင်းကိုယ်မင်း
ဒေါသမဖြစ်အောင် တစ်နေကုန်ထိန်းနိုင်ပြီဆိုတာနဲ့ အဲ့ဒီသံတွေကို
ပြန်နှုတ်ဦးကွာ။ တစ်နေ့ ထိန်း နိုင်ရင် ညအိပ်ခါနီး တစ်ချောင်းနှုန်းနဲ့
နှုတ်နော်လို့ မှာလိုက်သတဲ့။ ရက်တွေကြာလာတော့ ကောင်လေးက သူအဖေကို
ပြောနိုင်သွားတယ်။ အဖေရေ.. သားရိုက်ခဲ့တဲ့ သံတွေအားလုံးကို နှုတ်ပြီး
သွားပြီ တစ်ချောင်းမှ မကျန်တော့ဘူး။

သည်အခါအဖေလုပ်တဲ့သူက သားရဲ့လက်ကိုဆွဲပြီး သားရိုက်ခဲ့တဲ့ဝင်းထရံဆီကို
ခေါ်သွားတယ်။ တော်တယ်ငါ့သား လို့လည်းဆိုတယ်။ ဒါပေမယ့် သား သေချာကြည့်စမ်း။
ဝင်းထရံတိုင်မှာ အပေါက်တွေဖြစ်ကျန်ခဲ့တယ်နော်။ ဒီဝင်းထရံတိုင်တွေက
အရင်တုန်းကလို ချောချောမွေ့မွေ့မဟုတ်တော့ဘူး ဆိုတာ သားမြင်တယ် မဟုတ်လား။
အေး.. သားကစိတ်တိုတိုနဲ့ ပါးစပ်ကပြောချလိုက်တဲ့အခါ
တစ်ဖက်သားဆိုတဲ့ဝင်းထရံတိုင်မှာ အခုလိုအမာရွတ်တွေထင်ကျန်ရစ်ခဲ့တတ်တယ်
သားရယ်။
အဲ့ဒီလိုပဲလူတစ်ယောက်ကို သားကဓါးနဲ့ထိုးလိုက်တယ်။
ပြီးရင်ဓါးပြန်နှုတ်ပြီး ရှိခိုးတောင်းပန်တယ်ဆိုပါစို့။
သားဘယ်နှစ်ခါပဲရှိခိုးတောင်းပန်ပါစေ။ ဒဏ်ရာနဲ့ အမာရွတ်ကတော့
မလွဲမသွေကျန်ခဲ့မှာပဲ ငါ့သားရယ်..တဲ့။
တကယ်တော့ မိတ်ဆွေသူငယ်ချင်းတွေဆိုတာ အဖိုးတန်တဲ့ရတနာတွေပါပဲ။ သူတို့ဟာ
ငါတို့တွေကို ပျော်ရွှင်ရယ်မောစေတယ်။ အားပေးကူညီတယ်။ ဒုက္ခ၊သုခတွေကိုလည်း
မျှဝေခံစားကြတယ်။ ရင်ဖွင့်သမျှကို ဂရုစိုက်နားထောင်ပေးတယ်။
ဒါကြောင့်တစ်ခုခုဆိုစိတ်လိုက်မာန်ပါမလုပ်နဲ့။ သူတို့ကို

သံနှုတ်ရာကျန်ခဲ့တဲ့ ၀င်းထရံတွေအဖြစ်မရောက်ပါစေနဲ့။
ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေကို ကိုယ်က ဘယ်လောက်ဂရုစိုက်ကြောင်း
သူတို့ကိုလည်း သူတို့ရဲ့ မိတ်ဆွေတွေအပေါ်
ဂရုစိုက်လာအောင်လုပ်ပေးသင့်ကြောင်းပြောကြားပေးပါ။ ဒါကြောင့်ကိုယ်တိုင်က
သူငယ်ချင်းကောင်း မိတ်ဆွေကောင်းအဖြစ် သတ်မှတ်ထားတဲ့သူတွေဆီကို
ဒီပုံပြင်လေးကို လက်ဆင့်ကမ်းပါ။ ယုတ်စွဆုံး ဒီစာလေးကို ပို့လိုက်တဲ့သူဆီ
ဒီအတိုင်းပြန်ပို့နိုင်ပါသေးတယ်။ ကိုယ်ပို့လိုက်တဲ့စာ ကိုယ့်ဆီ
ပြန်ရောက်လာရင် ကိုယ့်မှာ မိတ်ဆွေကောင်းတွေရှိနေတာကို
အလိုလိုခံစားနိုင်မှာပါ။
ထုံစံအတိုင်း ကော်ပီပေါ့ဗျာ

Read more...

About This Blog

Lorem Ipsum

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP