ဦးသော်မေးလို့ လယ်တီဖြေ

>> Saturday, May 9, 2009

မန္တလေးမြို့ ပညာရုံးစရေးကြီး ဦးသော် မေးလို့ လယ်တီဆရာတော်ဘုရားကြီးဖြေထားတဲ့ အဖြေကို ဆရာတော်အရှင် အာဒိစ္စရံသီ(ဆရာဦးဆန်းလွင်)ရဲ့ ဉာဏ်လမ်းပေါ်လျှေက်လူတစ်ယောက် အကြောင်းစာ အုပ်မှ ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။ ဆရာတော်က ဗုဒ္ဓဘာသာဝင်ဖြစ်သူတွေကို အဆင့်အတန်း ၄-မျိုးခွဲခြားဖော်ပြထားတာ တွေ့ရပါတယ်။

မစ္ဆာဒိဋ္ဌိ အယူရှိသော တစ်ယောက်သောသူသည် မိမိ၏ မိစ္ဆာအယူကိုစွန့်၍ အဘယ်သို့သော ဗုဒ္ဓ ဘာသာတရားအတိုင်း လိုက်နာကျင့်ကြံနိုင်မှ ဗုဒ္ဓဘာသာဝင်ဟု ခေါ်ထိုက်သနည်း

၁) ဒသဝတ္ထုက ကမ္မသကတဉာဏ် အမြင်စင်ကြယ်၍ ပိဋိစ္စသမုပ္ပာဒ် တရားတို့ကို လိုက်နာနိုင်မှ ဗုဒ္ဓဘာသာဝင် ဟူ၍ ခေါ်ထိုက်သည်။ (ဒသဝတ္ထုက ဆယ်မျိုးကတော့ သိချင်ရင်တော့ ဖော်ပြပါ စာအုပ် စာမျက်နှာ (၄၄) မှာဖတ်ပါ။ ဗုဒ္ဓဘာသာဝင် မဟုတ်သူတွေကို သွားပြောရင်တော့ အချို့ကိစ္စတွေက ကျွန်တော်တို့တတွေ ထာဝရဘုရားတို့၊ ဖန်ဆင်းရှင်တို့၊ ကယ်တင်ခြင်းတို့ မယုံနိုင်သလို သူတို့အနေနဲ့လည်း မယုံကြည်နိုင် ဖြစ်လိမ္မယ်ထင်တယ်။ ပဋိစ္စသမုပ္ပာဒ် တရားတော်ကတော့ ဗုဒ္ဓဘာသာဝင်တွေရော ဘာသာခြားတွေပါ သိပ်ငြင်းစရာ မရှိလောက်ပါဘူး။ နက်နဲတဲ့ ဒေသနာဖြစ်လို့ အတွေးအခေါ် ဉာဏ်လေးတော့ အားစိုက်ဖို့လိုပါလိမ္မယ်။)

၂) မိစ္ဆာဒိဋ္ဌိဟူသမျှသည် ပဋိစ္စသမုပ္ပာဒ်ပညာ မရှိသူတို့၌သာ ဖြစ်နိုင်၏။ ပဋိစ္စသမုပ္ပာဒ်ကို ဓာတ်ကွဲအောင် ဓာတ်ပေါက်အောင် မြင်နိုင်သော ပညာသည် အလွန်လိုအပ်၏။ ထိုသူသည် ဗုဒ္ဓသာသာဝင် အလတ်စားဖြစ်၏။ (ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ စသော ဓာတ်သဘော ခွဲခြားပြထားသော တရားတော်များကို ကောင်းစွာနားလည်သူမှသာ အလတ်စား ဗုဒ္ဓဘာသာဝင်ဖြစ်တယ်- လို့ ဆိုလိုခြင်းဖြစ်ပါလိမ္မယ်။ ပဋိစ္စသမုပ္ပာဒ်ဒေသနာ မလေ့လာရသေးရင်တော့ အလတ်စားဖြစ်ဖို့ ဝေးပါဦးမယ်။ ယနေ့ခေတ် လူငယ်အများစုကတော့ မိုးကုတ်ဆရာတော်ကြီးရဲ့ စက်ဝိုင်းဒေသနာကို တွေ့ရင် မလေ့လာပဲ နားမလည်ပါဘူး ပြောသူတွေ များနေသေးတယ်လို့ ထင်ပါတယ်။)

၃) ဝိပဿနာ သမ္မာဒိဋ္ဌိဉာဏ် (သစ္စာဉာဏ်) ကိုရသော ပုဂ္ဂိုလ်ဖြစ်မှသာ ထိုပုဂ္ဂိုလ်သည် ဗုဒ္ဓဘာသာဝင် အကြီးစာ ဖြစ်၏။ (လေ့လာထားသော အသိကို အသိအတိုင်း မထားဘဲ လက်တွေ့ကျင့်တဲ့ ဝိပဿနာ အလုပ်ကို လုပ်မှသာ အကြီးစား ဗုဒ္ဓဘာသာဝင် ဖြစ်ပါလိမ္မယ်။)

၎) သစ္စာလေးပါးကို ပေါက်ရောက်ပြီးသော သောတာပန် ပုဂ္ဂိုလ်ဖြစ်မှသာ ပရမတ္ထ ဗုဒ္ဓဘာသာဝင် အစစ်ဖြစ်ပါတယ်။ ( လေ့လာခြင်း လမ်းမှန်ပါမှ၊ လက်တွေ့လည်း အားထုတ်ပါမှ ပရမတ္ထအဆင့်ကမျှော်ကိုးလို့ ရနိုင်ပါလိမ္မယ်။)

(အငယ်စား ဗုဒ္ဓဘာသာဝင်များမှာ တစ်နေ့တစ်ရက်မှ စိတ်မချရ။ ဒီနေ့ဗုဒ္ဓဘာသာ မနက်ဖြန် ဘာသာခြားဖြစ်သွားနိုင်သည်။ အလတ်စား အကြီးစားတို့မှာ တစ်ဘဝတာအတွက်တော့ စိတ်ချရသည်။ ပရမတ္ထဗုဒ္ဓဘာသာဝင်များကတော့ မစ္ဆာဒိဋ္ဌိပုဂ္ဂိုလ်များက ဗုဒ္ဓဝါဒကို မစွန့်လွှတ်က ခေါင်းဖြတ်သတ်မည် ဆိုလျှင်တောင် အသက်သာ အသေခံသွားတော့သည်။ အယူကိုကား သံသရာ တစ်လျောက်လုံး မစွန့်လွှတ်ကြတော့ပါ။)

ပလန်းနက် ဖိုရမ်က ဗုဒ္ဓဘာသာဝင်တစ်ယောက်ဟာ ဘာတွေကိုသိသင့်လဲ တော့ပစ်ခ်အောက်မှာ မေးခွန်းမပါပဲ အဖြေသက်သက်ကို ဖော်ပြဖူးပါတယ်။ ကွင်းခတ်ထားသော စကားများမှာ တည့်ကူးချထားခြင်းမဟုတ်ပဲ ကျွန်တော်နားလည်ထားသလို ချရေးထားခြင်းဖြစ်ပါတယ်။ မူရင်းအတိအကျကို ဖတ်လိုလျှင် ဆရာတော်အရှင် အာဒိစ္စရံသီ(ဆရာဦးဆန်းလွင်)ရဲ့ ဉာဏ်လမ်းပေါ်လျှေက်လူတစ်ယောက် အကြောင်းစာ အုပ် စာမျက်နှာ ၄၂, ၄၃, ၄၄ ကို ဖတ်ရှုနိုင်တယ်။

ပဋိစ္စသမုပ္ပါဒ် ဒေသနာ လွမ်းပတ်ကမ္ဘာတည်ပါစေ။
မိစ္ဆာအယူမှား သူငါအများ ကင်းဝေးကြပါစေ။
ရွက်ဝါဘလော့မှကူးယူဖော်ပြပါသည်။

0 comments:

About This Blog

Lorem Ipsum

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP