မာန

>> Monday, December 7, 2009



ထောင်လွှား တက်ကြွခြင်း သဘောကို “မာန” လို့ ခေါ်ပါတယ်၊ ဒီမာနဟာ ထောင်လွှား တက်ကြွခြင်း သဘော ရှိပါတယ်၊ လောကမှာ ပုဂ္ဂိုလ်အတန်းအစားခွဲရင် -

၁။ သေယျပုဂ္ဂိုလ် = အထက်တန်းစားလူမျိုး၊
၂။ သဒိသပုဂ္ဂိုလ် = အများနှင့် တန်းတူလူမျိုး၊
၃။ ဟီနပုဂ္ဂိုလ် = အောက်တန်းစားလူမျိုး
ဒီလို (၃) မျိုးကို တွေ့နိုင်ပါတယ်၊ တစ်မျိုးတစ်မျိုးမှာ -

က။ သေယျမာန် = အမျိုးဥစ္စာ ပညာအဆင်း အစရှိတာနဲ့ အဖက်ဖက်က သူများထက် သာတယ် - လို့ မှတ်ထင်မှု၊
ခ။ သဒိသမာန် = အမျိုးဥစ္စာ ပညာအဆင်း အစရှိတာနဲ့ သင်းတို့နှင့် ဘာထူးသလဲ - လို့ မှတ်ထင်မှု၊
ဂ။ ဟီနမာန် = သူတို့အောက်ကျတော့ ငါက ဘာအရေးစိုက်ရမှာလဲ - လို့ မှတ်ထင်မှု။
ဒီလို သုံးမျိုးစီ ကွဲပြားနိုင်ပါတယ်။

ဒီ (၉) မျိုးထဲက သေယျပုဂ္ဂိုလ်ရဲ့ သေယျမာန်၊ သဒိသပုဂ္ဂိုလ်ရဲ့ သသိသမာန်၊ ဟီနပုဂ္ဂိုလ်ရဲ့ ဟီနမာန်ဟာ ဟုတ်မှန်တဲ့အတိုင်း မာန်မူခြင်း (ယာထာဝမာန်) မည်ပါတယ်၊ ဒီယာထာဝမာန်မျိုးကို အရဟတ္တမဂ်ကသာ ပယ်နိုင်ပါတယ်။

ဇာတိမာန်

မျိုးရိုး ကောင်းတဲ့အတွက် မာန်တက်တာ မျိုးကို ဇာတိမာန်လို့ ခေါ်ပါတယ်၊ ယခုခေတ်မှာလည်း အသင့်အတင့် မျိုးရိုး ကောင်းသူတွေ ရှိနေတတ်ပါတယ်၊ ဒါပေမယ့် ဟန်ကြီးပန်ကြီး လုပ်ကာ မာန်မာန တက်လောက်အောင် တစ်ဖက်သားကို ကိုယ့်ခြေဖ၀ါး အောက်ကလို မှတ်ထင်ရ လောက်အောင် မျိုးရိုး ကောင်းကြတာ မျိုးတော့ မဟုတ်ပါ။

ရှေးဘ၀က မထောင်လွှား မတက်ကြွ မာန်မာန မကြီးခဲ့လို့ မြင့်မြတ်တဲ့ အမျိုးဖြစ်ရတာကို အကြောင်းပြုပြီး ယခုဘ၀မှာ ထောင်လွှား တက်ကြွ မာန်မာန ကြီးနေခဲ့ပါလျှင် နောင်ဘ၀ သံသရာမှာ ယုတ်ညံ့ အောက်ကျ သူတစ်ပါးရဲ့ ခြေဖ၀ါးအောက်သို့ ရောက်ရမယ့် အရေးကို အဖန်ဖန်တွေးလို့ မိမိရဲ့ စိတ်ဓာတ်ကို ဖြူဖွေးသန့်စင် မာန်မာန မ၀င်အောင် ပြုပြင်သင့်ပါတယ်။

ဓနမာန်

ပစ္စည်းဥစ္စာ ချမ်းသာ ကြွယ်ဝတာကို အကြောင်းပြုလို့ ဖြစ်ပေါ်လာတဲ့ မာန်မာနမျိုးကို ဓနမာန် (ဥစ္စာမာန်) လို့ ခေါ်ပါတယ်၊ ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝသူတွေက ပစ္စည်းဥစ္စာ မရှိသူတွေနှင့် အတူမသွားနိုင်၊ အတူမစားနိုင်၊ အတူစကား မပြောနိုင်ဘဲ မာန်မာန တက်ကာ အဖက်မတန် သလို ဟန်ကြီးပန်ကြီး လုပ်မနေသင့်ပါ၊ ရှေးက အလှူ ဒါနည်းခဲ့လို့ ယုခုဘ၀မှာ ဆင်းရဲနေကြရတာ ပဲလို့ သနားကြင်နာ ကရုဏာသက်ပြီး သူတို့ကို နှုတ်နဲ့လည်း ကူညီသင့်ပါတယ်၊ ကိုယ်နဲ့လည်း ကူညီသင့်ပါတယ်၊ အခြေနေ အားလျော်စွာ ပစ္စည်းဥစ္စာ နဲ့လည်း ကူညီသင့်ပါတယ်၊ အဲဒီလို ကူညီလိုက်တဲ့ အတွက် မိမိမှာ ဂုဏ်တက် လာစရာသာ ရှိပါတယ်၊ ဂုဏ်ယုတ်စရာ မရှိပါ၊ မိမိမှာ အကြောင်းကိစ္စ ရှိတဲ့ အခါမှာလည်း သူတို့ရဲ့ အကူအညီကို ရနိုင်ပါ သေးတယ်၊ ဒါပေမယ့် သူ့ကျေးဇူးကို မသိတတ်ဘဲ အင်မတန် မိုက်တွင်းနက် နေသူတွေကိုတော့ သတိ ထားသင့်ပါတယ်။

ဒီ ပစ္စည်းဥစ္စာ ဆိုတာဟာ တစ်သက်စာ မျှသာ ဖြစ်ပါတယ်၊ ဘေးအန္တရာယ်လည်း အလွန် များလှပါတယ်၊ ခိုင်မြဲမှု သဘောလည်း မရှိပါ။ ပစ္စည်းသင်္ခါရ လူသင်္ခါရသာ ဖြစ်ပါတယ်၊ တစ်နေ့မှာ ပစ္စည်းဥစ္စာက ဖြစ်စေ၊ ပစ္စည်းဥစ္စာရဲ့ ပိုင်ရှင်က ဖြစ်စေ စွန့်ခွာသွားတတ် ပါတယ်၊ ဒါ့ကြောင့် ဒီဘ၀မှာ ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝ သလို နောက်ဘ၀မှာလည်း ချမ်းသာ ကြွယ်ဝအောင် ဥစ္စာမာန် တက်နေမယ့် အစား အလှူဒါနကို စွမ်းအားအလျောက် ပြုလုပ်ကာ ကိုယ့်နောက်ကိုသာ အပါ ယူသွားသင့်ပါတယ်။

ပညာမာန်

စာပေ တတ်ကျွမ်းသူ တွေရဲ့ မာန်ကို စာပေမာန်လို့ ခေါ်ပါတယ်၊ စာပေ ပညာဆိုတာဟာ မသင့်တော်တာကို မသင့်တော်မှန်း သိအောင် အသိအလိမ္မာ ကိုလည်း ပေးတတ်ပါတယ်၊ သင့်တော်တာကို သင့်တော်မှန်း သိအောင် အသိ အလိမ္မာကိုလည်း ပေးတတ်ပါတယ်၊ တစ်ဦးနှင့် တစ်ဦး ပေါင်းသင်း ဆက်ဆံရာမှာ ယဉ်ကျေး သိမ်မွေ့အောင်၊ အဆင်ပြေအောင် အသိ အလိမ္မာကိုလည်း ပေးတတ်ပါတယ်၊ ဒါပေမယ့် ဒီပညာကို အကြောင်းပြုပြီး မာန်မာန ကြီးနေမယ် ဆိုရင် အင်မတန် ရှက်စရာ ကောင်းလှပါတယ်။

ရှေးဘ၀က သူတော်မြတ် တွေကို ချဉ်းကပ် လျှောက်ထား ဆွေးနွေး လာခဲ့တဲ့ အတွက် ဒီဘ၀မှာ မိမိကိုယ်တိုင်က ပညာကြီးသူ ဖြစ်လာရပါတယ်၊ ပညာ သင်ခွင့်လည်း ရခဲ့ပါတယ်၊ ဒီလို အခွင့်သာလို့ ပညာတတ်လာတဲ့ ပုဂ္ဂိုလ်က အကြောင်း မညီညွတ်လို့ ပညာ မသင်ရသူတွေ၊ ပညာ သင်ရစေကာမူ ဥာဏ်ထိုင်းလှတဲ့ အတွက် ပညာ မတတ်သူတွေကို တွေ့ရတဲ့ အခါမှာ မောက်မာမော်ကြွား မာန ထားနေမယ့်အစား သနားကြင်နာ ကရုဏာ ထားသင့်ပါတယ်၊ သို့မဟုတ် အခွင့်အခါ သင့်ပါက တစ်ဆင့် သင်ကြားပေးသင့် ပါတယ်၊ ပညာမာန် တက်ကာ ကိုယ့်ဘ၀ကို မနစ်နာစေသင့်ပါ။

အဆင်းမာန်

အလှဂုဏ် အတွက် မာန်တက်ခြင်းကို အဆင်းမာန်လို့ ခေါ်ပါတယ်၊ ရှေးဘ၀က အစစ အရာရာမှာ သည်းခံကာ အမျက်ဒေါသ နည်းလာခဲ့တဲ့ အတွက်လည်း အဆင်း လှတတ်ပါတယ်၊ ဘုရားဝင်း ကျောင်းဝင်း စသည်တို့ကို သုတ်သင် ရှင်းလင်းခဲတဲ့ အတွက်လည်း အဆင်း လှတတ်ပါတယ်၊ ပန်း စသည်တို့ကို လှူဒါန်းခဲ့တဲ့ အတွက်လည်း အဆင်း လှတတ်ပါတယ်၊ ဒီလို ကုသိုလ် ကောင်းမှုတွေကြောင့် ရလာတဲ့ ကိုယ့်အဆင်းကို အကြောင်းပြုပြီး ဟန်ကြီးပန်ကြီး မလုပ်သင့်ပါ၊ အလှမာန် တက်ကာ ဘ၀င် မမြင့်သင့်ပါ၊ အလှဂုဏ် ကိုးကာ မဆိုးသင့်ပါ၊ ရှေး ကုသိုလ်ကံကြောင့် ရလာတဲ့ အဆင်းကို အကြောင်းပြုပြီး အကုသိုလ်မာန် တက်နေတာဟာ အင်မတန် မှားတဲ့ ကိစ္စ ဖြစ်ပါတယ်၊ အပြင်အဆင်း လှသလို အတွင်းစိတ်ကို အစွမ်းကုန် ပြုပြင်လို့ ဣနြေ္ဒရှင် သူတော်စင်တွေ ဖြစ်အောင်သာ ကြိုးစားသင့်ပါတယ်။

လိုရင်းမှာ - ရှေးဘ၀က မထောင်လွှား မတက်ကြွ မာန်မာန မကြီးခဲ့လို့ ယခု မြင့်မြတ်တဲ့ အမျိုးမှာ ဖြစ်လာရပါတယ်၊ ရှေးဘ၀က အလှူဒါန ပြုလုပ်ခဲ့လို့ ဒီဘ၀မှာ ပစ္စည်းဥစ္စာ ချမ်းသာ ကြွယ်ဝလာရ ပါတယ်၊ ရှေးဘ၀က သူတော် သူမြတ်တွေကို ချဉ်းကပ် လျှောက်ထား ဆွေးနွေး မေးမြန်းလာခဲ့တဲ့ အတွက် ဒီဘ၀မှာ ပညာ ကြီးလာရ ပါတယ်၊ ရှေးဘ၀က အမျက်ဒေါသ နည်းခဲ့၊ ဘုရားဝင်း၊ ကျောင်းဝင်း စသည်ကို သုတ်သင်ခဲ့၊ ပန်း စသည်ကို လှူဒါန်းခဲ့လို့ ယခုဘ၀မှာ အဆင်း လှခဲ့ရပါတယ်၊ ဒီလို မိမိမှာ ကုသိုလ် ကောင်းမှုကြောင့် ရရှိလာတဲ့ အမျိုး၊ ဥစ္စာ၊ ပညာ၊ အဆင်းကို အကြောင်းပြုပြီး မာန်မာန တက်ကြွနေတာဟာ နောင် ယုတ်နိမ့်တဲ့ ဘ၀မှာ ဖြစ်စရာ အကြောင်းပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့် နောက်နောက် ဘ၀တွေမှာ အဆင့်အဆင့် မြင့်တက်မယ့် အရေးကို မျှော်တွေးပြီး ထောင်လွှားတက်ကြွ မိမိတို့ရဲ့ မာန်မာနကို အစွမ်းကုန် နှိမ်ချိုးနိုင်ကြပါစေ။ အဖြူရောင်မေတ္တာမှ တဆင့်ကူးယူဖော်ပြပါသည်။

0 comments:

About This Blog

Lorem Ipsum

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP