အဆိုးဆုံးကို ရင်ဆိုင်ရင်း အကောင်းဆုံးကိုလည်း မျှော်လင့်ထားပါ (အပိုင်း ၂)

>> Tuesday, July 6, 2010

သမီးကို စွန့်ပစ်သွားတဲ့ အမေ

အမေဟာ ကိုယ့်ကိုယ်ကိုတောင် မစောင့်ရှောက်နိုင်ပါ့လား ဆိုတဲ့ အသိ က ကျမကို တွန်းအားတွေပေးခဲ့တယ်။ ကျမဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိရမယ်၊ စိတ်ဓာတ်ခိုင်မာရမယ်။
ကလေးဘ၀မှာ လောကဓံလှိုင်းရဲ့ ရိုက်ခတ်မှု ခံခဲ့ရတဲ့ အခြားကလေးတွေလိုပဲ ကျမဘ၀ကလည်း ဒီလိုနဲ့ ကြီး ပြင်းလာခဲ့ပါတယ်။
ဘယ်လိုအခြေ အနေမျိုးမှာဖြစ်ဖြစ် လိုက်လျောညီထွေ ဖြစ်အောင် ကျမ နေခဲ့တယ်။ ရဲစခန်းလို နေရာမျိုးရောက်ရင်တောင် သူတို့ သဘောကျအောင် ပြောခဲ့တယ်။
ကျမအမေက စိတ်ကယောင်ချောက်ချား ဖြစ်ပြီး သူ့ကိုယ်သူ ပြန်ပြီး နှိပ်စက်တဲ့အခါမျိုးမှာလည်း ကျမ သူ့ကို နှစ်သိမ့် စကားတွေပြောရင်း ပြုစုခဲ့တယ်။ သူစိတ်ငြိမ်သွားတဲ့အခါ ညစာပြင်ကျွေးပြီး အမေကို ပွေ့ဖက်ပြီးအိပ်ခဲ့တယ်။
ဒါပေမဲ့ တစ်ခါတစ်လေတော့ ထိန်းမနိုင် သိမ်းမရတဲ့ အခါမျိုးတွေ ကြုံခဲ့ရတယ်။ အမေက သူ့ကိုယ်သူ သေကြောင်းကြံ ဖို့လုပ်တတ်တယ်။ အဲဒီလိုဖြစ်တဲ့အခါတိုင်း သူ့ကိုယ်သူ သတ်သေချင် လောက်အောင် စိတ်ဆင်းရဲရတာဟာ ငါညံ့လို့။ သူစိတ်ချမ်းသာအောင် ငါလုပ် မပေးနိုင်လို့ ဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင်မိပါတယ်။
တစ်ခါတစ်ခါကျ တော့လဲ ဒီထက်တော့ ငါဘာများ လုပ်ပေးနိုင်အုံးမှာမို့လို့လဲဆိုပြီး ကျမ စိတ် တွေရှုပ်လာတယ်။ ပြန်စဉ်းစားကြည့်ရင် ကျမမြင်ယောင်နေဆဲပါ။
တစ်ခါက အမေဟာ ချုံးပွဲချငိုနေတယ်။ သူဟာ မကောင်းတဲ့ အမေတစ်ယောက်၊ သူမရှိမှ ကျမဘ၀ အတွက် ပိုကောင်းမယ်လို့ သူခံစားနေရတယ်။ ဒါဟာ သူ့ရဲ့ စိတ်ကျရောဂါ ကြောင့်ပါ။ ဒါပေမဲ့ သူဘာပဲပြောပြော ကိစ္စမရှိပါဘူး။ ကျမက လည်း အမေမရှိဘဲ မနေချင်ပါဘူး။
တစ်ခါမှာတော့ ကျမ ရင်ကွဲမတတ် ခံစားလိုက်ရတယ်။ အမေက ကျမကို စွန့်ခွာပြီး သူ့ချစ်သူ ဒေး (ဗ်) ၀ှီး (တ်) နဲ့ နေမယ်လို့ ဆုံးဖြတ်လိုက် တုံးကပေါ့။
အဲဒီလူဟာ ရက်စက်ကြမ်းကြုတ်တဲ့ လူတစ်ယောက်ပါ။ သူဟာ အမေ့ရဲ့ဘ၀ထဲမှာ နှစ်အတော်ကြာတဲ့အထိ ရှိနေခဲ့သူပါ။ သူအပြီးထွက်သွား ပြီလို့ ကျမထင်ထားခဲ့တာ။
ကျမ (၁၂) သမီးအရွယ် လောက်က အမေနဲ့အတူ မြို့ရဲ့မြောက်ပိုင်းမှာ ရှိတဲ့ အဆောင်တစ်ခုမှာ နေကြတုံးကပေါ့။ အမေဟာ လေး၊ ငါးရက်လောက် ပျောက်သွားတယ်။ နောက်တော့မှ သိလိုက်ရတာက လန်ဒန်မြို့ အရှေ့ပိုင်းမှာရှိတဲ့ ဒေး (ဗ်) ဆီကို သွားနေတာတဲ့။
ကျမ အဲဒီလူနဲ့ အတူမနေချင်ပါဘူး။ ဒါပေမဲ့ အမေနဲ့လဲ ခွဲမနေနိုင်ဘူး။ ဒါနဲ့ပဲ သူတို့နဲ့ အတူ သွားနေခဲ့ရတယ်။ (မကြာခဏဆိုသလို သူတို့လင်းမယား စကားများတတ် ကြတယ်။) တစ်ခါမှာတော့ ဒေး (ဗ်) သောင်းကြမ်း လို့ လူမှုစောင့်ရှောက်ရေး အဖွဲ့က သိသွားတယ်။
အဲဒီအခါမှာ အမေဟာ ကျမကို စွန့်မလား၊ ဒေး (ဗ်)ကို စွန့်မလားလို့ ရွေးချယ်ရမဲ့ အခြေ အနေမျိုးနဲ့ ကြုံလိုက်ရတယ်။ အမေဟာ ကျမကို စွန့်ပြီး ဒေး(ဗ်)ကို ရွေးလိုက်တာပါ။ ကျမကတော့ ကျမကို မွေးစားတဲ့ မိသားစုတစ်စုနဲ့ သွားနေရတယ်။
အဆင်ပြေတယ် ဆိုရမှာပါ။ ကျမ အမေ့ကို သတိရနေမိတယ်။ ဒါပေမဲ့ ကျမ အတွက် အခြားရွေးစရာ ဘာအခွင့်အလမ်း များ ရှိသေးလို့လဲ။ အရာရာဟာ ကောင်းမွန်လာပါစေလို့ ထိုင်ပြီး ဆုတောင်း နေနိုင်ပါတယ်။ ဒါမှ မဟုတ် ကိုယ့်ကိုယ်ကို ဖြေသိမ့်ပြီး ရလာတာကို ကျေကျေ နပ်နပ် လက်ခံလိုက်ရုံပါပဲ။


အကောင်းမြင်စိတ်

ဒီလိုပြောလိုက်လို့ ကျမဟာ အမြဲတမ်း ပြုံးပြုံးလေး နေနိုင်သူတစ် ယောက်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဘယ်သူမှ အဲဒီလို မနေနိုင်ပါဘူး။
ကျမ ဘ၀မှာ စိတ်ရိုင်းဝင်တဲ့ အမှောင်ကာလတွေ ရှိခဲ့ပါတယ်။ တစ်စုံတစ်ယောက် ကို အမှုန့်ကြိတ်ပစ်ချင်လောက်အောင် ခက်ထန်တဲ့ စိတ်ခံစားမှုတွေ၊ လက်စား ချေလိုတဲ့ အတွေးတွေ၊ ဒေါသခိုးလျှံနေတဲ့ စိတ်ကြမ်းတွေ၊ ၀မ်းနည်းကျေကွဲရ တဲ့ ခံစားမှုတွေနဲ့ ကြုံခဲ့ရပါတယ်။
တစ်ခါက အဖြစ်အပျက်လေးကို ကျမ မှတ်မိနေသေးတယ်။ ဒေး (ဗ်) နဲ့ အမေက ကျမကို ခေါ်ပြီး အရက်သောက်ဖို့ ယုန်သုံးကောင် (Three Rabbits) ဆိုတဲ့ အရက်ဆိုင်ကို ထွက်လာခဲ့ကြ တယ်။ အဲဒီဆိုင်က လမ်းသရဲ ဂိုဏ်းတွေ ကျက်စားတဲ့ ဆိုင်မျိုးပါ။
သူတို့က သေနတ်တွေ၊ ဓားတွေဆောင်ပြီး လှုပ်ရှားနေကြတာ။ ပြီးတော့ လက်မရွံ့ သမားတွေပါ။ ဒေး (ဗ်) က ကျမကို အမြဲတန်း ခြောက်လှန့်တတ်တယ်။ သူက အဲလိုဂိုဏ်းနဲ့ ပတ်သက်တယ်လို့ နာမည်ဆိုး ထွက်သူတစ်ယောက်ပေါ့။
အဲဒီညက အရက်ဆိုင်ကအထွက် ကားဆီပြန်ရောက်ချိန်မှာ သူတို့ လင်းမယား စကားစများကြတော့တယ်။ ဒေး (ဗ်)က အမေ့ကို လက်သီးနဲ့ ထိုးလိုက်တော့ ရန်ပွဲက ပြီးသွားတယ်။
အိမ်ပြန်ရောက်တော့ ထပ်ဖြစ်ကြ ပြန်တယ်။ ဒီတစ်ခါတော့ အခြေအနေ အတော်ဆိုးပါတယ်။ ဒေး (ဗ်)က အမေ့ကို ခြေနဲ့ လှိမ့်ကန်တယ်။ လက်သီးနဲ့ ထိုးတယ်။ အဲဒီအချိန်မှာ အမေက ဒေး (ဗ်) ကျမဘက် လှည့်ပြီး ရန်မူမှာ စိုးလို့ ကျမကို အပေါ်ထပ်က အခန်းထဲ သွားနေဖို့ လှမ်းပြောတယ်။
ကျမလည်း အခန်းထဲမှာ သွားနေလိုက်တယ်။ ဒါပေမဲ့ အောက်ထပ်က အမေ့ရဲ့အော်သံကြားလို့ ပြန်ဆင်းကြည့်လိုက်တဲ့ အချိန်မှာတော့ အမေ့ခြေထောက်က သွေးတွေထွက်နေတာကို တွေ့လိုက် ရတယ်။
ဒေး (ဗ်)ရဲ့ လက်ထဲမှာလည်း ဓားကိုကိုင်ထားတယ်။ သူကျမကို မြင်သွားတဲ့အခါ မှာ ကျမတော့ အသတ်ခံရပြီလို့ တွေးလိုက်မိတယ်။ ကျမ သူ့ဆီကိုပြေးသွားပြီး သူ့ကို ပွေ့ဖက်လိုက်ရင်း ကျမတို့ရဲ့ ပျော်စရာကောင်းတဲ့ နေ့တွေဟာ ဒီလို တွေပဲလားလို့ ပြောလိုက်တယ်။
ဒီလိုလုပ်တာဟာ အရင်က အသုံးဝင်ခဲ့ဖူးတဲ့ နည်းပရိယာယ် တစ်ခုပါ။ ကံကောင်းချင်တော့ ဒီတစ်ခါ လည်း အောင်မြင်သွား ပါတယ်။ သူစိတ်ပြေသွားတဲ့အထိ ကျမ သူ့ကို ချွေး သိပ်နိုင်ခဲ့တယ်။
ပြီးတော့ သူ့လက်ထဲက ဓားကိုယူပြီး မီးဖိုချောင်ထဲ သွား ထားလိုက်တယ်။ နောက်ဆုံးတော့ သူအိပ်မောကျသွားခဲ့တယ်။ အဲဒီအချိန်မှာ ကျမ သူ့ကိုသတ်မယ်လို့ တွေးလိုက်မိတယ်။ မသတ်ဖြစ်လိုက်တဲ့ အကြောင်း ကတော့ သူနိုးလာပြီး ကျမကို ပြန်သတ်နိုင်တယ်လို့ စဉ်းစားမိလိုက်လို့ပါပဲ။
ကျမရဲ့ အကောင်းမြင်စိတ်ဟာ ကျမကို အတိတ်ဆိုးတွေကနေ ကယ် တင်ပြီး ဘ၀လမ်းမှာ ကံကောင်းခြင်းတွေကို သယ်ဆောင်ပေးတဲ့ အကြောင်း ရင်း တစ်ခုလို့ ကျမ ယုံကြည်ထားပါတယ်။
အခုအချိန်အထိတောင် အဲဒီအ တိုင်း မြင်တတ်အောင် ကျိုးစားနေဆဲပါ။ ပြဿနာနဲ့ ရင်ဆိုင် ကြုံတွေ့ရတဲ့ အချိန်မျိုးမှာ ဒီစိတ်ဓာတ်ဟာ ပိုလို့တောင် အရေးကြီးပါသေးတယ်။ မရောက် သေးတဲ့ နောက်ခြောက်လအကြောင်း တွေးတောနေမည့်အစား လက်ရှိဒီက နေ့ အကြောင်းကိုပဲ စဉ်းစားမယ်ဆိုရင် ဖြေရှင်းရတာ ပိုပြီး လွယ်ကူပါတယ်။


ဘယ်အရာမဆို ထိုက်တန်တဲ့ တန်ဖိုးပေးဆပ်ရမြဲ

ဘယ်အရာကမှ ကျမရဲ့ အိမ်မက်တွေကို မဟန့်တားနိုင်ခဲ့ပါဘူး။ ကျမ ပြောခဲ့ဖူးတဲ့အတိုင်းပါပဲ။ ကျမ ကလေးဘ၀တုန်းက မိသားစုနဲ့ သူငယ်ချင်း တွေရဲ့ ရှေ့မှာ ကပြရတာ၊ သီချင်းဆိုပြရတာကို သဘောကျခဲ့တယ်။
အဲဒီ တော့ (နာမည်အကျော်ကြားဆုံး အမျိုးသမီးတီးဝိုင်းတစ်ခုဖြစ်လာမည့်) အက်တမ်မစ် ကစ်တင်ရဲ့ ပထမဆုံး အဖွဲ့ဝင်အဖြစ် ကမ်းလှမ်းခံရတာဟာ အလွန်ကံကောင်းတဲ့ အခွင့်အရေးပါ။
ဒီလိုအခွင့်အရေးမျိုးကို လက်ခံရလိုက် တဲ့ အချိန်မှာ ကျမ ဘယ်လိုခံစားရမယ်ဆိုတာ စဉ်းစားသာကြည့်လိုက်ပေါ့။ ဒါဟာ ကျမဘ၀ရဲ့ အကောင်း၊ အဆိုး ဒွန်တွဲနေတဲ့ အံသြစရာ အပြောင်းအလဲ တစ်ခုပါပဲ။

နာမည်ကျော်ကြားမှုဟာ ပျော်ရွှင်ကျေနပ်စရာ ဖြစ်ပေမဲ့ မကောင်း တဲ့ ဆိုးကျိုးတွေလည်း ရှိနေတတ်ပါတယ်။
အများပြည်သူကြားမှာ ကျော်ကြား တဲ့ဘ၀ မရောက်ဖူးသေးရင်တော့ မလုံခြုံတဲ့ စိတ်ခံစားချက် အကြောင်းကို သင် သိနိုင်မှာ မဟုတ်သေးပါဘူး။
ဒီလိုစိတ်ခံစားချက်မျိုး ဖြစ်ပေါ်လာအောင် ဘယ်အရာကမှ လုပ်ပေးတာတော့ မဟုတ်ပါဘူး။
အက်တမ် မစ် ကစ်တင် အဖွဲ့ နာမည်ကြီးလာတဲ့အခါ ကျမကို စကားပြောဖို့ ချဉ်းကပ် လာကြတဲ့ လူစိမ်းတွေနဲ့ ဆက်ဆံရတာ ကျမအတွက် ပိုခက်လာတယ်။ သတင်းမီဒီယာ သမားတွေက ကိုယ့်ဘ၀ထဲ ချဉ်းကပ်လာပြီဆိုရင် ပိုတောင် ဆိုးပါသေးတယ်။
နာမည်ကျော်ကြားလာတဲ့ အခါမှာ ဘယ်အရာမဆို ထိုက်တန်တဲ့ တန်ဖိုးပေး ဆပ်ရတာပဲ ဆိုတဲ့အချက်ကို ကျမ ကောင်းကောင်း သဘောလာပါတယ်။


မနက်ဖြန်ဟာ သင့်အတွက် ကံကောင်းခြင်းလက်ဆောင်

ကျမ ဘရိုင်ယန်နဲ့ တွေ့တဲ့အချိန်မှာ သူတို့ရဲ့ ၀က် (စ်) (တ်) လိုက် (ဖ်) တီးဝိုင်းဟာ အောင်မြင်ကျော်ကြားတဲ့ တီးဝိုင်းတစ်ခုဖြစ်နေပါပြီ။
ပြန်စဉ်းစား ကြည့်ရင် ပျော်ရွှင်ကြည်းနူးစရာကောင်းတဲ့ တကယ့်အကောင်းဆုံး ပုံပြင်တစ် ပုဒ်လိုပါပဲ။ ရေပန်းစားနေတဲ့ မိန်းကလေးတီးဝိုင်းက ကောင်မလေး တစ်ယောက်နဲ့ နာမည်ကျော် ယောက်ျားလေးတီးဝိုင်းက ကောင်းလေးတစ် ယောက်တို့ တွေ့ဆုံမိကြပြီး ချစ်ကြိုးသွယ်ခဲ့ကြတယ်။ ပြီးတော့ လက်ထပ် ဖြစ်ကြတယ်။
ဒီလိုဖြစ်လာတဲ့အခါမှာ ဒါဟာ ကိုယ့်ကြိုးစားမှုရဲ့ ရလဒ်ပဲလို့ ကျမ တကယ်ယုံကြည်တယ်။ နောက်ဆုံးတော့ ကျမ အမြဲမျှော်လင့် တောင့်တခဲ့တဲ့ မိသားစုဘ၀ကို ပိုင်ဆိုင်ရပြီလို့ တွေးခဲ့မိပါတယ်။
ကျော်ကြားမှု ဂုဏ်ပကာသနတွေ၊ ခမ်းနားတဲ့ တိုက်တာစည်းစိမ်တွေကို ပြောတာမဟုတ် ပါဘူး။ မိသားစုတစ်ခုကနေ ပေါက်ဖွားလာတဲ့ မေတ္တာနဲ့ လုံခြုံမှုမျိုးကို ဆိုလို တာပါ။
အဲဒီအခြေအနေမျိုး ပြန်ဖြစ်လာမှာ မဟုတ်တော့ပါဘူး။ ဘရိုင်ယန်နဲ့ အိမ်ထောင်ကွဲသွားတာဟာ ကျမအတွက် အတော်နာကျင်ခံစားရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ ကျမနဲ့သူရဲ့ ပြတ်စဲခြင်းသာ မဟုတ်ပါဘူး။
ကျမ ရဲ့ အိမ်မက်လေးလဲ ပျက်သုဉ်းသွားလို့ပါပဲ။ သူက ကျမကို စွန့်သွားခဲ့တယ်။ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြင်မှာ မဟုတ်တော့ပါဘူး။ ကျမရဲ့ စိတ်ကျရောဂါ ပိုဆိုးလာခဲ့တယ်။ အဲဒီဒဏ်ကို ကျမ အပြင်းအထန် ခံစားခဲ့ရတယ်။
အခု အချိန်အထိ ရောဂါနဲ့ နပန်းလုံးနေရဆဲပါ။ ကျမအမေရဲ့ အခြေအနေလောက် မဆိုးဘူး ဆိုပေမဲ့ သူလောက်နီးနီးပါပဲ။ ကျမရဲ့ ဘ၀ကို အချိန်အတော်ကြာတဲ့ အထိ အရုပ်ကြိုးပြတ် ဖြစ်သွားစေနိုင်ပါတယ်။
ကျမဟာ သူများတွေထက် ပိုပြီး ရုန်းကန်ကြိုးစားခဲ့ရတယ် ဆိုတာ ကျမသိပါတယ်။ ရက်ပေါင်းများစွာ၊ လပေါင်းများစွာ ပါပဲ။ သက်သာအေးဆေးတယ်ဆိုတာ လုံးဝ မရှိခဲ့ပါဘူး။
အဲဒီ အမှောင်ကာလတွေနဲ့ ဝေးရာကို ကျမ ရောက်နိုင်ပါအုံးမလား။ ဖြစ်နိုင်မယ် မထင်ပါဘူး။
ကျမ သိနေတာ တစ်ခုလည်း ရှိပါသေးတယ်။ ကလေးဘ၀တုန်း က ကျမ စိတ်ဓာတ်ကျ သောကရောက်နေတတ်တဲ့ အခါမျိုးမှာ တစ်စုံတစ်ခု က မှောင်ရိပ်မှာ စောင့်ကြိုပြီး ကျမဆီကို ရောက်လာတတ်ပါတယ်။
ဒုက္ခသုက္ခ သဗ္ဗရနံပေါင်းစုံကို ရင်ဆိုင်ဖြေရှင်းခဲ့ဖူးတဲ့ အတွေ့အကြုံက ကျမရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးသလို ခွန်အားတွေလည်း ပေးခဲ့ပါတယ်။
အဲဒီလို အခက်အခဲ တွေနဲ့ ရင်ဆိုင်ကြုံတွေ့ရတိုင်း ကိုယ့်ကိုယ်ကို အပူတပြင်း ဖိအားမပေးဘဲ နေ့စဉ်ဖြေရှင်းကျော်လွှား နိုင်ခဲ့ပါတယ်။

ဒီနေ့ဟာ ကျမအ တွက် ကံဆိုးတဲ့နေ့ဖြစ်မယ်ဆိုရင် မနက်ဖြန်ကို မျှော်လင့် စောင့်စားနေမှာပါ။ ကံကောင်းခြင်းတွေ တပတ် ပြန်လည်လာအုံးမယ်ဆိုတာ ကျမ သိနေတယ်။
စိတ်ရှည်ရှည်နဲ့ သည်းခံနိုင်ဖို့ပါပဲ။ ဘ၀မှာ နာကျင်မှုတွေ၊ အခက်အခဲ ဒုက္ခ တွေနဲ့ ဘယ်သူမှ ကင်းမှာမဟုတ်ပါဘူး။

စိုးရိမ်သောကတွေ ကြုံရတိုင်း ဒီစကားလေးတွေကို စိတ်ထဲမှာ စွဲမှတ်ထားသင့်ပါတယ်။
ကျမကို ယုံပါ။
မနက်ဖြန်ဟာ သင့်အတွက် ကံကောင်းခြင်း လက်ဆောင်ပါ။ ဒီစကားလေးကို ရင်မှာ ပိုက်ထားဖို့ပါပဲ။

မင်းမဟော် (ဘီးလင်း)

ကောင်းလွန်းလို့ မျိုးချစ်သွေး ဘလော့ကနေ ကူးယူထားတာပါဗျာ။

Read more...

အဆိုးဆုံးကို ရင်ဆိုင်ရင်း အကောင်းဆုံးကိုလည်း မျှော်လင့်ထားပါ

>> Friday, June 25, 2010

အခုတလောမှာ မြန်မာနိုင်ငံက နာမည်ကြီး မင်းသမီးနဲ့ ဂျာနယ်သတင်း ထောက်မလေးတို့ရဲ့ အဖြစ်အပျက်လေပွေဟာ ပြည်တွင်းရာသီဥတုကို သာမက ပြည်ပမြန်မာအသိုင်းအ၀ိုင်းကိုပါ ၀င်ရောက် တိုက်ခတ်သွားပါတယ်။ အဲဒီလောကအကြောင်း ဘာမျှ မသိ၊ စိတ်လဲမ၀င်စား၊ ခပ်ဝေးဝေးမှာပဲ ရှိနေတဲ့ စာရေးသူရဲ့ စိတ်လေဟာနယ်ထဲမှာတောင် မလွတ်ပါဘူး၊ ဒါကတော့ ဒီလိုဖြစ်သင့် တာပေါ့… ဘာညာ စသဖြင့် စိတ်ထဲမှာ မှတ်ချက်လေးတွေ ချမိတဲ့ အထိပါပဲ။ တိုက်ဆိုင်မှုလေးတွေ ကြုံလာတိုင်း ကိုယ်တွေ့ကြုံခဲ့ရ၊ ကြားသိခဲ့ရတာတဲ့ အလားတူ အဖြစ်အပျက် လေးတွေနဲ့ ဆက်စပ် တွေးတောကြည့်တတ်တာက စာရေးသူရဲ့ အကျင့်တစ်လို ဖြစ်နေပါ တယ်။ ဒါနဲ့ပဲ စဉ်းစားနေရင်း အင်္ဂလန်နိုင်ငံက နာမည်ကျော် အဆိုတော် ကယ်ရီ ကာတိုနား (Kerry Katona)ရဲ့ အကြောင်းလေးကို သတိရမိလိုက်ပါတယ်။

ကယ်ရီဟာ အက်တမ်မစ် ကစ်တင်း (Atomic Kitten)လို့ ခေါ်တဲ့ နိုင်ငံကျော် ဂီတအဖွဲ့ရဲ့ အရေးပါတဲ့ အဆိုကျော် တစ်ယောက် ပါ။ ဒီလိုဖြစ်လာဖို့အတွက် နတ်တို့ဖန် ရေကန်အသင့် ကြာအသင့်ဖြစ် လာတာတော့ မဟုတ်ပါဘူး။ သူဟာ စိတ်ကျရောဂါသည် မိခင်ကြီးရဲ့ လက်ကို ဆွဲပြီး ခြေသလုံးအိမ်တိုင် လှည့်လည် သွားလာနေရတဲ့ သုည ဘ၀ကနေ စခဲ့ရတာပါ။

ဒီလိုနာမည်ကြီးလာလေ သတင်းမီဒီယာတို့ရဲ့ မျက်စိကျတဲ့ ပစ် မှတ် တစ်ခုဖြစ်လာလေပါပဲ။ အဲဒါကြောင့်ပဲ ထင်ပါရဲ့ သူဟာ သတင်း သမားတွေနဲ့ ကတောက်ကဆ ပြဿနာလေးတွေ မကြာခဏဆိုသလို ဖြစ်နေတာပါ။ သူတို့ဆီမှာတော့ ဒါမျိုးတွေက ဖြစ်နေကျ ရိုးရာ ယဉ်ကျေးမှု တစ်ခုလို့တောင် ပြောရမလားပဲ။
လောကဓံရဲ့ မျက်နှာသာ မပေးမှုကြောင့် ငယ်စဉ်ကတည်းက မိသားစုမေတ္တာ ငတ်မွတ်လာတဲ့ ကယ်ရီဟာ ပျော်ရွှင်ချမ့်မြေ့တဲ့ မိသား စုလေးတစ်ခု တည်ဆောက်ချင်တာဟာ သူရဲ့ အဖြစ်ချင်ဆုံး အိမ်မက် တစ်ခုပါ။ ကောင်းကင်က ကယ်တင်ရှင် ဘုရားသခင်ရဲ့ လျစ်လျူခြင်း ခံထားရတဲ့ သိုးငယ်လေး ကယ်ရီဟာ သိုးထိန်းခွေးဖြူရဲ့ အရေကို ခြုံထားတဲ့ ၀ံပုလွေတစ်ကောင်နဲ့ တူတဲ့ ကံကြမ္မာကို ယုံကြည်အားကိုးပြီး သူရဲ့အိမ်မက် လေးကို အကောင်အထည်ဖော်ဖို့ ကျိုးစားခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ကမ္ဘာကျော် ဂီတအဖွဲ့တစ်ခုဖြစ်တဲ့ ၀က် (စ်) (တ်) လိုက် (ဖ်) (Westlife) က နာမည်ကျော် အဆိုတော် ဘရိုင်ယန် နဲ့ လက်ထပ်လိုက်ပါတယ်။ ဒါပေမဲ့ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာလို့ ပြောရမလောက်ပါပဲ။ သားသမီး နှစ်ယောက်ရပြီး ချိန်မှာ တော့ သူ့ရဲ့ပျော်ရွှင်စရာ အိမ်မက်ကလေး ပျက်ပြယ်သွားပြီး ထမင်းလုံးတစ္ဆေ အခြောက်ခံလိုက်ရပါတော့တယ်။
ဒီလိုကြမ်းထမ်းခက်ထန်တဲ့ ဘ၀လောကဓံမုန်းတိုင်းတို့ရဲ့ တိုက်ခိုက်မှု ကို ကြံကြံခံရင်း ဘ၀ပန်းတိုင်ကို ရောက်အောင် ဘယ်လိုရုန်းကန်ခဲ့ရတယ် ဆို တာကို ကယ်ရီကိုယ်တိုင် ဖောက်သည်ချထားပါတယ်။ စာဖတ်သူတို့ ခံစားကြည့်နိုင်အောင် မျှဝေလိုက်ပါတယ်။

အပိုင်း (၁)

မနက်ဖြန်ဆိုတာ သစ်လွင်လှပတဲ့ နိဒါန်းတစ်ခုပါ

ကျမ ရှစ်လသမီးအရွယ်လောက်မှာ အဖေက ကျမကို တစ်ခေါက်လာ ကြည့်ဖူးပါတယ်။ အမေက ဘုံဆိုင်သွားပြီး တစ်ခွက် တစ်ဖလားမော့နေတဲ့ အချိန်ပေါ့။ အမေကို တစ်ယောက်ယောက်က တွေ့ချင်တယ်လို့ ပြောပါတယ်။ ကျမအဖေက ကူညီပြောပေးဖို့ အတွက် သူရဲ့ညီနဲ့ သူငယ်ချင်းကို အဖော် ခေါ်လာတယ်။ သူတို့တွေ အိမ်ပြန်လာကြပြီး ကျမအတွက် ကလေးစရိတ် ပေးသွားကြတယ်။

ဒါဟာ ကျမရဲ့ အဖေအရင်းကို နောက်ဆုံး မြင်လိုက်ရခြင်းပါပဲ။ ကျမအဖေဟာ သူ့ရဲ့ဇနီးနဲ့ သား၊ သမီးတွေဆီကို ပြန်သွားခဲ့တယ်။ ဒါဟာ ကျမဘ၀ရဲ့ မလှပတဲ့ ဘ၀နိဒါန်းအစပါ။ ဒါပေမဲ့ နောက် ကြောင်းပြန်မကြည့်မိအောင် ကျမ အမြဲကြိုးစား နေခဲ့တယ်၊ အတိတ်မှာ ဘာတွေဖြစ်ခဲ့သလဲ ဆိုတာကိုလည်း မစဉ်းစားခဲ့ဘူး။ ရှေ့ကိုမျှော်မှန်းပြီး လက်ရှိဘ၀မှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားခြင်းကသာ ကျမအတွက် ပိုပြီးအဓိပ္ပါယ်ရှိပါတယ်။

ကျမ လမ်းလျှောက်တတ်စ အရွယ်မှာပဲ သူ့ကိုမြတ်မြတ်နိုးနိုး ချစ်မယ်လို့ထင်တဲ့ လူတစ်ယောက်နဲ့ အမေ နောက်အိမ်ထောင် ပြုခဲ့ တယ်။ အဲဒီ အခိုက်အတန့်မှာတော့ အခြားကလေးတွေလိုပဲ ကျမ မိစုံ ဖစုံနဲ့ နေခဲ့ရဖူးတယ်။ ကျမမိဘတွေ တွေ့ကြုံခံစားနေရတဲ့ ဒုက္ခသုက္ခ ဆိုတာတွေ ကျမ ဘာမှမခံစားခဲ့ရပါဘူး။ ကျမမှာ ကစားစရာ အရုပ် တွေရှိတယ်။ အတူကစားဖို့ သူငယ်ချင်းတွေရှိတယ်။ အချိန်တန်ရင် ကျောင်းသွားမယ်။ ကလေးတစ်ယောက်အတွက် ဒီထက် ဘာများလို သေးလို့လဲ။

၁၉၈၇-ခုနှစ်၊ ဇန်နာဝါရီလမှာတော့ ဒီပျော်ရွှင်စရာတွေဟာ ကပြောင်းကပြန် ဖြစ်သွားခဲ့တယ်။ အမေတို့ရဲ့ အိမ်ထောင်သက် သုံးနှစ်ကျော်ကျော်လေးမှာပဲ ပထွေးက အမေကို ပစ်သွားခဲ့တယ်။ ကျမ ခုနစ်နှစ်သမီး အရွယ်ပဲ ရှိပါသေးတယ်။ အဲဒီအချိန်ကစပြီး ကျမဟာ ဘ၀တစ်လျှောက်လုံး ကြံ့ကြံ့ခံ ရုန်းကန် လှုပ်ရှားခဲ့ရတာပါ။

ဘယ်သူတွေဟာ ကိုယ့်မိဘဖြစ်ပါစေလို့ ကျမတို့မှာ ရွေးချယ် ပိုင်ခွင့် မရှိပါဘူး။

ဆိုလိုတာက ဘ၀ပေး အခြေအနေအရ ရလာတာတွေကို သိပ်ရွေးချယ်နေလို့ မရပါဘူး။ ဘယ်လိုအခြေအနေ မျိုးမှာပဲဖြစ်ဖြစ် အတတ်နိုင်ဆုံး ပုံမှန်ဘ၀နဲ့ ကြိုးစားရပ်တည်သွားဖို့ကို ကျမ ရွေးချယ် ခဲ့ပါတယ်။ ကျမက အရာရာကို အကောင်းမြင်တတ်အောင် ကျိုးစား နေသူ တစ်ယောက်ပါ။ ကျမဆီမှာ ဒီစိတ်ဓာတ်လေး ဘယ်လို ကိန်းအောင်းလာသလဲဆိုတာ ကျမ အသေအချာ မသိဘူး။ ဒါပေမဲ့ ကျမ စဉ်းစားမိတာကတော့ ဘ၀ကံကြမ္မာဟာ ဆိုးဝါးတဲ့ ဒုက္ခသုက္ခ သဗ္ဗရနံပေါင်းစုံကို ကျမရဲ့ မိသားစုအပေါ် ပေးတဲ့အချိန်မှာ ကျမကို တော့ ပျော်ရွှင်တတ်တဲ့စိတ်၊ ပြန်လည်ဦးမော့လာစေမည့် နည်းလမ်း တွေကို အပ်နှင်းခဲ့တယ်လို ထင်ပါတယ်။
ဘ၀ရဲ့ အမှောင်မိုက်ဆုံး ကာလတွေကို ဖြတ်သန်းနေရတဲ့ အချိန်မှာတောင် ဘ၀ဟာ အစဉ်ပြေလာမှာပါလို့ ကျမ အမြဲတန်း မျှော်လင့်နေခဲ့တာပါ။ အဲဒီ အချိန်ဟာ မနက်ဖန်မဟုတ်ရင်တောင် တစ်ရက်ရက်မှာပေါ့။ ဒီမျှော်လင့်ချက်ဟာ ရှေ့ကိုဆက်လျောက်လှမ်း ဖို့ ကျမကို အမြဲ တွန်းအားပေးခဲ့တာပါ။ ဘ၀မှာ အနာခံရတဲ့ ကာလ တွေကို ဖြတ်သန်းခဲ့ရလို အသာစံရတဲ့ အချိန်တွေလဲ ကြုံခဲ့ရတာပါပဲ။ အခုတောင် အရာအာလုံးဟာ ပြန်ကောင်း လာနိုင်ပါ့မလားဆိုတဲ့ အတွေးမျိုးကို ကျမ လုံးဝလက်မခံပါဘူး။ အဲဒီလို တွေဝေတတ်တဲ့ သံသယစိတ်တွေ၊ တွန့်ဆုတ်တတ်တဲ့ ကြောက်ရွံ့စိတ်တွေ ၀င်မလာ အောင် တွန်းလှန်နေခြင်းသည်ပင် ဘ၀တိုက်ပွဲရဲ့ တစ်စိတ်တစ်ပိုင်း ပဲလို့ ကျမထင်ပါတယ်။

ဘ၀ဟာ အမြဲတန်း လွယ်ကူချောမွေ့နေတာ မဟုတ်ပါဘူး။ ကျမအမေဟာ စိတ်ကျရောဂါ ခံစားနေရသူတစ်ယောက်ပါ။ ဒီတော့ သူနဲ့အတူ ရှိနေတဲ့ ကျမဘ၀ဟာ သူရဲ့ ကယောင်ချောက်ချား ဖြစ် တတ်တဲ့စိတ်တွေ အမွေရခဲ့ပါတယ်။ ပုံမှန်အချိန်မျိုးမှာဆိုရင်တော့ သူဟာကောင်းကင်မှာ ပျံနေသလားလို့တောင် ထင်ရပါတယ်။ ဒီလို အချိန်မျိုးလေးတွေကိုလဲ ကြုံခဲ့ရပါတယ်။

ကျမတို့ဟာ ဘယ်လိုမိခင်မျိုး ရလာမယ်ဆိုတာ ဘယ်သူမှ ကြိုတင်မ သိနိုင်ပါဘူး။ ကျမကတော့ အရာရာဟာ ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန် လာမဲ့ အချိန်ကိုပဲ မျှော်လင့်နေခဲ့တာပါ။ ပျော်ရွှင် စရာမရှိရင်တောင် ကြံဖန်ပြီး ပျော်အောင်နေတတ်သူပါ။ အမေနဲ့ ကျမမှာ ဟာသဥာဏ်ရှိကြပါတယ်။ ကျမ တို့ သားအမိဟာ တစ်ယောက်နဲ့ တစ်ယောက် နောက်ပြောင်ကျီစယ်ရင်း ပျော်ပျော်ရွှင်ရွှင် နေခဲ့ကြတယ်။ အိမ်မှာ ဘယ်လိုပြဿနာတွေ ရှိနေပါစေ ကျမတို့ ပျော်ရွှင်စရာအချိန်လေး တွေကိုတော့ ရအောင်ယူခဲ့ကြတယ်။ အမေ့ မှာ ငွေပိုငွေလျှံလေးရှိရင် သူက ကျမကို ဘလက်ပူးလ်(Blackpool) ကို ခေါ် သွားပြီး အဲဒီမှာ ကျမတို့ တစ်နေကုန် အချိန်ဖြုန်းကြတယ်။ ခြားတွေ၊ ရဟတ် တွေ စီးပြီး အသံကုန်အော်ဟစ် ကြတယ်။ အဲဒီအချိန် မှာဆိုရင် အမေဟာ ကလေးတစ်ယောက်လို ပျော်မြူး နေတာပါပဲ။ ဒီလိုပျော်ရွှင် စရာကောင်းတဲ့ အချိန်လေးတွေ အမြဲဖြစ်နေပါစေ လို့ ကျမဆုတောင်းခဲ့ပါတယ်။ ဒီလိုဖြစ်ဖို့က တော့ နေ့စဉ်နဲ့အမျှ ပျော်ရွှင်စရာတွေကို ဖန်တီးယူတတ်ဖို့ပဲရှိပါတယ်။

ဘ၀မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ အခါမျိုးမှာ
ဒီလိုပျော်ရွှင်စရာ လေးတွေဟာ ဘ၀အမောတွေ
ပြေပျောက်စေမဲ့ အကောင်းဆုံး ထွက်ပေါက်လေး တစ်ခုပါပဲ။

အိမ်ကနေ ထွက်ထွက်သွားတတ်တဲ့ အမေမျိုး၊ အရက်အလွန် သောက် တဲ့ အမေမျိုး၊ ကိုယ့်အပေါ် ကြင်နာမှုမရှိတဲ့ ယောက်ျားတစ်ယောက်အပေါ် မေတ္တာထားမိတဲ့ အမေမျိုး အခြား ဘယ်သားသမီးမှာ မှ ကြုံဖူးမှာမဟုတ်ပါ ဘူး။ ကျမဟာ ဒီလိုတွေ ကြုံနေရပေမဲ့ တစ်ချိန် ချိန်မှာ ကျမတို့ဘ၀ အစဉ်ပြေ ချောမွေ့လာလိမ့်မယ်လို့ အမြဲယုံကြည် ထားပါတယ်။ ဒါတွေကိုပဲ တွေးတော စဉ်းစားနေရင်း အချိန်တွေ ဖြုန်းနေမယ်ဆိုရင် အခက်အခဲတွေကို ရင်ဆိုင် ကျော်လွှားနိုင်မှာ မဟုတ်ပါ ဘူး။ အကယ်၍ ကျမဟာ ကျမရဲ့ လက်ရှိဘ၀ အကြောင်းစဉ်းစားရင်း အတွေးထဲမှာ နစ်မျောနေမယ်ဆိုရင် အဲလိုဘ၀မျိုးက နေ ဘယ်တော့မှ ကျော်ဖြတ်နိုင်မှာ မဟုတ်ပါဘူး။ အောင်မြင်မှုပန်းတိုင်ဟာ ကျမရဲ့ လက်တကမ်းမှာပဲ ရှိနေတယ်လို့ စိတ်ထဲမှာ အမြဲခံစားမိတယ်။ အဲဒီကို ရောက်ဖို့ဆိုရင် ငရဲပြည်ကို ကျော်ဖြတ်ပြီးသွားရမယ်ဆိုတာ ကျမ သိနေတယ်။


မင်းမဟော် (ဘီးလင်း)


အထက်ပါ ဆောင်းပါးလေးကို မျိုးချစ်မြန်မာ ဘလော့ကနေ ကြိုတ်လို့ ကူးယူပြီး တင်ပေးလိုတ်တာပါ။ နောက်ထပ် အခန်းဆက်တွေလည်း ကျန်သေးတယ် ထင်ပါတယ်။

Read more...

About This Blog

Lorem Ipsum

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP