ငြိမ်းချမ်းတဲ့ ဆွေးနွေးမှု
>> Tuesday, April 7, 2009
ငြိမ်းချမ်းတဲ့ ဆွေးနွေးမှု
ကျွန်တော့်အနေနဲ့ ဘာသာရေးကို စိတ်ဝင်စားပါတယ်။ အခြားကိစ္စလေးတွေလည်း ဟိုတွေးဒီတွေး ဆွေးနွေးရတာ ဝါသနာပါတယ်။ ဘလော့ဂ် အစပိုင်းတုန်းကတော့ ကျွန်တော် ဘာသာရေး ဆွေးနွေးတာကို မလုပ်ခဲ့ဘူး။ အဲဒီကဏ္ဍက အလွန် ပြဿနာဖြစ်လွယ်ပါတယ်။ အနည်းငယ်လေး ဝေဖန်ပြောဆိုလိုက်ရင် ဘာသာရေး ပုတ်ခတ်တယ်လို့ ဆိုချင်ကြတယ်။ အဲဒါကြောင့် ဘာသာရေးနဲ့ ပတ်သက်လို့ ကျွန်တော်နှစ်သက်တဲ့ စာပေတွေကို ကော်ပီကူးပြီး ဖြန့်ဝေတာပဲ တွင်တွင်ကျယ်ကျယ်လုပ်ခဲ့ပါတယ်။
အခုနောက်ပိုင်းတော့ ဘာသာရေးဖိုရမ်တစ်ခုကိုဝင်ပြီး ဆွေးနွေးရာကနေ ဘာသာရေးနဲ့ ပတ်သက်တဲ့ ပို့စ်တွေ အများကြီးတင်ဖြစ်သွားတယ်။ အရင်ကတော့ သမ္မာကျမ်းစာ မြန်မာပြန်ရော၊ ကျမ်းမြတ်ကုရ်အာန် မြန်မာပြန်ရော ၂-ခုလုံးကို သိမ်းထားတယ်။ ဘာသာရေး အဆုံးအမတွေပဲ၊ ငြိမ်းချမ်းရေး လမ်းစဉ်တွေပဲဆိုပြီး သာမာန်အတွေးနဲ့ သိမ်းထားတယ်။ အချိန်မပေးနိုင်တာတစ်ကြောင်း၊ ဖတ်ရတာ သိပ်ပြီးစာမသွားတာတစ်ကြောင်းနဲ့ ကြိုးစားပမ်းစာ မဖတ်ဖြစ်ခဲ့ပါဘူး။ ဘာသာရေးဆွေးနွေးမှုတွေ လုပ်ဖြစ်တော့မှ ကြိုးစားပမ်းစာ ဖတ်မိတယ်။ ဘာသာခြားတွေရဲ့ အင်တာနက် စာမျက်နှာတွေကိုလည်း ရောက်ဖြစ်တယ်။ အတွေးအခေါ် အယူအဆပိုင်း သဘောမတူတာတွေတွေ့လို့ ပြန်ပြီးဆွေးနွေးတာတွေ လုပ်တယ်။
အထူးသဖြင့် ကိုဌေးလွင်ဦးရဲ့ ရေးသားချက်တွေကို သဘောမတူလို့ ကိုယ့်အမြင်ကို ပြန်ရေးနေတယ်။ ကွန်မန့်လည်းတင်တယ်။ ကျွန်တော့်နဲ့ သူကြားမှာ ဘာမှအငြိုးအတေးမှ မရှိပါဘူး။ ပုဂ္ဂိုလ်ရေး စိတ်ဝင်စားမှုလည်းမရှိပါဘူး။ အတွေးအခေါ် အယူအဆမတူတော့ ရေးနေသမျှက ဘုတ်နဲ့ကျီးလို အပြန်အလှန် ချီးမွှမ်းနေတာမျိုးတော့ တွေ့ရမှာ မဟုတ်ပါဘူး။ အကြိတ်အနယ် ပြောတာမျိုးတွေတွေ့ရနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ၂-ယောက် ရန်ဖြစ်မနေကြပါဘူး။
သူ့ရေးသားချက်တွေက ဘာသာတရား ၂-ခု ရှုတ်ထွေးစေမှုကို ဦးတည်နေတယ်လို့ ကျွန်တော်က မြင်တယ်။ အဲဒါလည်း ရေးသားချက်တွေကို ဝေဖန်တာပါ။ လူပုဂ္ဂိုလ်အပေါ် ရှုတ်ထွေးအောင် သေခြာ စီစဉ်နေသူဖြစ်တယ်- လို့ စွပ်စွဲတာမဟုတ်ပါဘူး။
အခုတော့ ကျွန်တော်တို့ ၂-ယောက်ရဲ့ အမည်တွေကို ကိုးကားပြီး၊ ကျွန်တော်တို့ ရေးထားတဲ့စာတွေကို ကူးယူပြီး အင်တာနက်မှာ အီးမေးကတစ်ဆင့် “ဗုဒ္ဓဘာသာ မြန်မာတွေနဲ့ ကုလားတွေ ရန်ဖြစ်နေကြတယ်”ဆိုပြီး ဖြန့်ဝေနေကြတယ်လို့ ကြားရတယ်။ ကျွန်တော့်ဆီကိုတော့ အဲဒီလိုအီးမေးလ် မရောက်လာသေးပါဘူး။ အဲဒီလိုတွေကြားရတာ စိတ်မကောင်းဖြစ်ရပါတယ်။ ကျွန်တော်တို့ရဲ့ ဘလော့ဂ်ပေါ်က ဆွေးနွေးပွဲက တဆင့် ဘယ်သူတွေကိုမှ ခိုက်ရန်ဒေါသ မပွားစေလိုပါဘူး။ ကိုဌေးလွင်ဦးကလည်း ဒါမျိုးတွေ မလိုလားလောက်ပါဘူး။
ကျွန်တော့်သဘောကတော့ ဝေဖန်တာကို အားပေးတယ်။ စာပေဝေဖန်တာကို ပိုပြီးသဘောကျတယ်။ ဟိုဘာသာကျမ်းဂန်ဖြစ်လို့ ဒီဘာသာကျမ်းဂန်ဖြစ်လို့ ဝေဖန်ခွင့် မပြုဘူးဆိုရင် ဒါဟာ စာပေလွတ်လပ်ခွင့် မရှိခြင်းပဲ။ လွတ်လပ်စွာရေးသားပြောဆိုပိုင်ခွင့် လူ့အခွင့်အရေးကို ထိခိုက်တယ်- လို့ ပြောချင်တယ်။ အဲဒါကြောင့် ဘလော့ဂ်စာပေတွေရော ဘာသာရေး ကျမ်းဂန်တွေကိုပါ လွတ်လွတ်လပ်လပ် ဝေဖန်ပါရစေ။
စာဖတ်သူတွေအနေနဲ့ ကျွန်တော့ပို့စ်တွေကို ဖတ်ပြီး ရွက်ဝါတော့ ဟိုလူနဲ့ ရန်ဖြစ်နေပြီ၊ ဒီလူနဲ့ ရန်ဖြစ်နပြီ မထင်လိုက်ကြပါနဲ့။ ကျွန်တော် ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ပုဂ္ဂိုလ်ရေး အငြိုးအတေးမထားပါဘူး။ ဘယ်ဘာသာတရားကိုမှ မမုန်းတီးပါဘူး။ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်လို့ ဖန်ဆင်းရှင်ဝါဒတွေကို သဘောမတူဘူး။ ဒါပေမဲ့ သူတို့ဘာသာတရား ကျမ်းဂန်တွေကနေ ဘယ်လို အသိပညာတွေ ရနိုင်မလဲလို့ လေ့လာနေပါတယ်။ ပိဋကတော်က ပေးတဲ့ အသိပညာတွေနဲ့ နှိုင်းယှဉ်ကြည့်ပါတယ်။
ကျွန်တော်နဲ့ ကိုဌေးလွင်ဦး ကြားမှာ ပုဂ္ဂိုလ်ရေး အမုန်းတရားမရှိကြောင်း ရှင်းလင်းပြောကြား လိုက်ပါတယ်။ ထေရဝါဒဗုဒ္ဓဘာသာ ကလွဲပြီး အခြားဘယ်ဝါဒကိုမှ လက်မခံပါဘူး။ အယူဝါဒရေးရာ သဘောမတူနိုင်ပေမဲ့ ဘယ်သူ့ကိုမှ ရန်သူလိုသဘောမထားပါဘူး။ ဘာသာခြားပုဂ္ဂိုလ်တွေကို အလေးထားတဲ့စိတ်ရှိပါတယ်။ ဘာသာခြား စာပေတွေကိုလည်း ဗဟုသုတဖြစ်တော့ ဖတ်သင့်တယ်လို့ ယုံကြည်ပါတယ်။ ကိုဌေးလွင်ဦးရဲ့ အင်တာနက် စာမျက်နှာကို ကျွန်တော့် ဘလော့ဂ်မှာ လင့်(ခ်)ထားပေးလိုက်ပါတယ်။ သူ့စာမျက်နှာတွေမှာတော့ မြန်မာပြည်မှာ တွေ့ဖူးနေကျ အခြားအစ္စလာမ်ဘာသာဝင်များနဲ့ အတွေးအခေါ် ကွဲလွဲပြီး သီးခြားဆန်တဲ့ အယူအဆတွေ တွေ့ရပါတယ်။ မြန်မာပြည် အစ္စလာမ်ဘာသာဝင် အများစု လက်ကိုင်ထားတဲ့ ကုရ်အာန်ကျမ်း မြန်မာပြန်မူနဲ့ ကွဲလွဲတဲ့ သူ့ရဲ့ ကိုယ်ပိုင်ဘာသာပြန်မူကိုလည်း တင်ထားတာတွေ့ရပါတယ်။ ကျွန်တော် သဘောအကျဆုံးကတော့ ကဗျာလေးတွေပါပဲ။ ရွက်ဝါမှတဆင့် ကူးယူဖော်ပြပါသည်။
0 comments:
Post a Comment