အရက်ပြဿနာ

>> Wednesday, August 31, 2011

ဆရာကြီးရွှေဥဒေါင်းနှင့် ဦးပဉ္ဇင်းတစ်ပါး ပြောဆို ဆွေးနွေးချက်များမှ ကောက်နှုတ်တင်ပြပါမည် ။ ကျွန်တော် ဒီအကြောင်းကို ဖတ်လိုက်ရတဲ့အခါ ထူးခြားတာကို တွေ့ရှိရပါတယ် ။ အဲဒါကြောင့် သူငယ်ချင်းတို့နဲ့ အတူတူ ၀ိုင်းဝန်း ဆွေးနွေးကြရအောင် မူရင်းအတိုင်း တင်ပြလိုက်ရပါတယ် ။

ဇင်း ။ ။ တကာကြီးက အရက်သောက်တာ အပြစ်မရှိဘူးလို့ ရေးဖူးတယ်ဆို ၊ တကာကြီးကိုယ်တိုင်ကော အရက်သောက်သလား ။

ရွှေ ။ ။ စာအုပ်ထဲမှာ တွေ့ပါသလားဘုရား ။

ဇင်း ။ ။ စာအုပ်ထဲမှာတော့ မတွေ့ပါဘူး ၊ တစ်နေရာမှာ ရေးဖူးတယ်လို့ ပြောကြတယ် ။

ရွှေ ။ ။ တင်ပါ ၊ တပည့်တော်ရဲ့ " ဖြောင့်ချက် " ဆိုတဲ့ ဆောင်းပါးထဲမှာ ရေးဖူးပါတယ်ဘုရား ။

ဇင်း ။ ။ ဘာကြောင့် ရေးတာလည်း တကာကြီး ။

ရွှေ ။ ။ ဖြောင့်ချက်ဆိုတော့ တပည့်တော်ရဲ့ အယူအဆ နဲ့ အပြုအမူတွေကို ဟုတ်မှန်အတိုင်း ဖော်ထုတ်ပြီး ရေးရမည့် တာဝန်ရှိလို့ပါ ဘုရား ။

ဇင်း ။ ။ ဘယ်သူက ရေးခိုင်းလို့ ရေးရတာလည်း တကာကြီး ။စိတ်မရှိပါနဲ့နော် ၊ ဦးပဉ္ဇင်းက တကာကြီး ဘက်သားပါ ။

ရွှေ ။ ။ ဘယ်လို ဘက်သားပါလဲ ဘုရား ။

ဒီပြဿနာလေးရှင်းပေးပါအုံး.................

ဇင်း ။ ။ လူတွေက မဟုတ်တရုတ် စွပ်စွဲကြလေသလားလို့ ကိုယ်တိုင် ၀င်ပြီး မေးကြည့်တာပဲ ။

ရွှေ ။ ။ ကျေးဇူးတင်ပါတယ် ဘုရား ။ တပည့်တော် ဖြေပါတော့မယ် ။ ဦးပဉ္ဇင်း ရဲ့ မေးခွန်းတွေက တစ်ထိုင်တည်းမှာ သုံးခုရှိသွားပါပြီ ။ (၁) ဖြောင့်ချက်တွေကို ဘယ်သူရေးခိုင်းတာလဲ ။ (၂) အရက်သောက်တာ အပြစ် မရှိဘူးလို့ ရေးသလား ။ (၃) တကာကြီးကိုယ်တိုင် အရက်သောက်သလား ။ ဟုတ်ရဲ့လား ဘုရား ။

ဇင်း ။ ။ အရက်သောက်သေးသလားလို့ ဆိုလိုပါတယ် ။

ရွှေ ။ ။ မှန်လှပါဘုရား ၊ ဘယ်သူက ရေးခိုင်းသလဲ ဆိုတဲ့ မေးခွန်းကို ဖြေရလျှင် ဘယ်သူကမှတော့ အရေးမခိုင်းပါဘူး ။ သို့သော်တပည့်တော်က လောကုတ္တရာ ရေးရာအတွက် အားထုတ်နေသူ ဖြစ်တဲ့အပြင် ကိုယ်သိသမျှ မြင်သမျှလေးကို သူတစ်ပါးအား တင်ပြနေသူဖြစ်လေတော့ ကိုယ့်အပေါ်မှာ သံသယ ကင်းရှင်းသွားစေလိုသည် တစ်ကြောင်း ၊ တပည့်တော် ရဲ့ ၀ါသနာတစ်ခုက ဘယ်သူတွေလက်ခံခြင်း ၊ လက်မခံခြင်းကို အပထား ၊ ကိုယ်တိုင် စိတ်ချလက်ချ ယုံကြည်ထားတဲ့ အခြင်းအရာတစ်ခုကို တင်ပြရမှ ကျေနပ်တတ်တာက တစ်ကြောင်း ဖြစ်ပါတယ် ဘုရား ။

ဇင်း ။ ။ ဖြောင့်ချက် ရေးရခြင်း အကြောင်းကတော့ ဟုတ်ပါပြီ ၊ အရက်သောက်တာ အပြစ်မရှိဘူးလို့ ရေးတာက ဘယ်လိုလည်းတကာကြီး ။

ရွှေ ။ ။ ဦးပဉ္ဇင်း က တပည့်တော်ရဲ့ ဆောင်းပါးကို ကိုယ်တိုင် ဖတ်ဖူးဟန် မတူပါဘူး ။

ဇင်း ။ ။ ဒိဋ္ဌေ ဒိဋ္ဌမတ္တံ စာအုပ်ကိုသာ ဖတ်ဖူးတယ် ၊ ဖြောင့်ချက်ကို မဖတ်ဖူးပါဘူး ၊ လူပြောသူပြောပါပဲ ။

ရွှေ ။ ။ စာကို သေသေချာချာ မဖတ်ဘဲနဲ့ ပြောကြတာပါဘုရား ။ အပြစ်မရှိဘူးလို့ မရေးဖူးပါဘူး ။ ငရဲမကြီးဘူးလို့သာ ရေးပါတယ်ဘုရား ။

ဇင်း ။ ။ ဘာကြောင့် ငရဲမကြီးရသလဲ ၊ သုရာမေရယသိက္ခာပုဒ်ပဲ ။

ရွှေ ။ ။ ငရဲကြီးတယ် (သို့) အပါယ်ကျတယ်ဆိုတာ ဒုစရိုက် ၁၀ပါး ကျူးလွန်မှ မဟုတ်လားဘုရား ၊ သုရာမေရယ ဟာက သီလနယ်ထဲက မဟုတ်ပါလားဘုရား ။ ဒုစရိုက်မှု နဲ့ သီလက တစ်ခြားစီပါဘုရား ။ ဒုစရိုက်မှု ဆိုတာက ကျူးလွန်လျှင် အပါယ်ကျတယ် ။ သီလ ဆို

တာက ကောင်းသော အလေ့အကျင့် ဖြစ်ပါတယ် ။ အရက်သောက်ခြင်းဟာ ကောင်းသောအလေ့တော့ မဟုတ်ဘူးပေါ့ ဘုရား ။ နစ္စ ၊ဂီတ ၊ ၀ါဒိတ ဆိုတာမျိုးတွေလိုပေါ့ ။ ရှောင်လျှင်ကောင်းတယ် (သို့) ငရဲတော့ မကြီးပါဘူးဘုရား ။

ဇင်း ။ ။ သို့သော် သုရာမေရယကို ကာမေသုမိစ္ဆာစာရကံထဲမှာ ထည့်သွင်းရမယ်လို့ အဋ္ဌကထာ ဆရာက ဆိုတယ် တကာကြီး ။

ရွှေ ။ ။ ဒါက သူ့အယူအဆကိုးဘုရား ။ သူတစ်ပါး မယားကို ပြစ်မှားတာနဲ့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ၀ယ်သောက်တာ နဲ့ ဘာများသက်ဆိုင်လို့လဲဘုရား ။

ဇင်း ။ ။ ကာမဂုဏ် ခံစားတဲ့ သဘာဝချင်းတူတယ် တကာကြီး ။

ရွှေ ။ ။ ကာမဂုဏ်ခံစားရုံနဲ့ ငရဲကြီးတယ်လို့ ဗုဒ္ဓက ဟောတော်မမူခဲ့ပါဘူးဘုရား ။ တစ်ချို့က ဘယ်လိုတောင် ရေးကြသလဲဆိုတော့ အရက်သောက်တဲ့လူဟာ ရသာရုံခံစားခြင်းပဲတဲ့ ။ ကိုယ်တိုင် ဘာမှ မသိဘဲနဲ့ ရမ်းပြီး ရေးချင်တဲ့ လူတွေကြောင့် ခက်တာပဲ ။

အရက်သောက်တယ်ဆိုတာ ရသာရုံခံစားခြင်း မဟုတ်တဲ့အပြင် အစ ပထမ မှာ ရှုံ့ရှုံ့မဲ့မဲ့ နဲ့ မျိုချရတဲ့ အရည်ပါ ဘုရား ။ နောက်တော့မှဇိမ်တစ်မျိုးရှိတယ်ဆိုပြီး ကြိုက်တတ်လာခြင်း ဖြစ်ပါတယ် ။ " ဇိမ် " ကို ကြိုက်ခြင်းပါ ။ အရသာကို ကြိုက်ခြင်း မဟုတ်ပါဘူးဘုရား ။

ဇင်း ။ ။ နောက်တော့ အရသာကိုပါ ကြိုက်လာတယ်ဆို ။

ရွှေ ။ ။ ဒါကတော့ တမာရွက်ပြုတ်စားတဲ့ လူလိုပေါ့ဘုရား ။ ပထမတော့ ခါးတယ် ။ နောက်တော့မှ ကြိုက်တာပါ ။ အရက်မှာတော့ဇိမ်က အဓိက ပါဘုရား ။ ကိုယ်တိုင် မြည်းမစမ်းဘဲနဲ့ သူတစ်ပါး ပါးစပ်ထဲက အရသာကို မှန်းဆပြီး ဆရာလုပ်ချင်တဲ့ လူတွေတော့တပည့်တော် က တယ်မတည့်ဘူး ။ သုရာမေရယဟာ ငရဲကြီးတယ်ဆိုရင် ဗုဒ္ဓက ဒုစရိုက် ၁၁ ပါးလို့ ဟောခဲ့မှာပေါ့ဘုရား ။ ၁၁ ပါးဟောလျှင်လည်း ဂဏန်းအနေနဲ့ အရုပ်မဆိုးပါဘူး ။ မီး ၁၁ ပါး တို့ ဘာတို့ ရှိသားပဲ ။ ဗုဒ္ဓက ၁၀ ပါးလို့ ဟောတော်မူခဲ့တဲ့ အထဲမှာ သီလထဲကတစ်ခုယူပြီး ကာမေသု ထဲ အတင်းသွင်း လို့ တပည့်တော်တော့ လက်မခံဘူး ။ သူ့သဘော သက်သက်ပဲ ။ ဘုရားဟော မဟုတ်ဘူး ။

ဇင်း ။ ။ လူတွေ လိမ္မာ လာအောင်ဆိုတဲ့ သဘောနဲ့ သွင်းထည့်တာ ထင်ပါရဲ့ တကာကြီး ။ အရက်သောက်ခြင်းဟာ မကောင်းတာတော့ ၀န်ခံတယ် မဟုတ်လား ။

ရွှေ ။ ။ အတိုင်းအရှည်နဲ့ ၀န်ခံပါတယ် ။ သို့သော် လိမ္မာအောင်ဆိုပြီး အပိုခြောက်လှန့်ပေးလျှင်တော့ အမှန် (သစ္စာ)တရား ပျက်တယ်လို့ တပည့်တော် နားလည်ပါတယ်ဘုရား ။ ဥပမာ - စလောင်းဖုံး ၂ ချပ်ကိုတီးလျှင် ကျားကိုက်တတ်တယ်လို့ ရှေးကလူကြီးတွေကကလေးတွေကို ခြောက်ခဲ့တယ် ။ အမှန်ကတော့ (မြေ)စလောင်းဖုံး ၂ ချပ်ကိုတီးလျှင် ကွဲမှာစိုးလို့ပါပဲ ။ ကလေးတွေအဖို့ ဟုတ်ချင်ဟုတ်မယ် ။ သို့သော် လူတိုင်းဟာ ကလေး မဟုတ်ဘူးဘုရား ။ ဘာပဲပြောပြော တပည့်တော်အနေနဲ့ကတော့ ဗုဒ္ဓကမှန်တဲ့အတိုင်း ဟောထားပါလျက်နဲ့ တစ်ချို့က ဥာဏ်ကွန့်ပြီး အခြောက်တွေ ၊ အမြှောက်တွေနဲ့ ဖြည့်စွက်တာကို တပည့်တော် မလိုလားဘူးဘုရား ။ မှန်တာကို ဖော်ထုတ်ချင်တာပဲ ။

ဇင်း ။ ။ တကာကြီး က အရက်သောက်တာဟာ အပြစ်မရှိဘူးတဲ့လား ။

ရွှေ ။ ။ ဒီလို မလုပ်ပါနဲ့ ဦးပဉ္ဇင်း ။ တပည့်တော် ဥပမာဆောင်ခဲ့ပြီးကောဘုရား ။ စလောင်းဖုံး ၂ ချပ်ကိုတီးလျှင် ကျားကိုက်တတ်တယ် ဆိုတာ မဟုတ်ပေမဲ့ ကွဲတတ်တယ်ဆိုတာ မှန်သလိုပဲ အရက်သောက်ခြင်းကြောင့် ငရဲကြီးတယ်ဆိုတာ မမှန်ပေမဲ့ စလောင်းဖုံးကွဲတာလိုပဲ အပြစ်တော့ရှိတတ်တာပေါ့ဘုရား ။

ဇင်း ။ ။ ရှိတတ်တယ်ဆိုတော့ ဧကန်စကား မဟုတ်ဘူး ။ အနေကန်စကားပေါ့ တကာကြီး ။

ရွှေ ။ ။ အတိုင်းနဲ့အထွာနဲ့ စည်းနဲ့ ကမ်းနဲ့ ဆိုလျှင်တော့ လူတွေထင်ကြသလို ဧရာမအပြစ်ကြီး မဟုတ်နိုင်ပါဘူးဘုရား ။ တပည့်တော်က ဒီအကြောင်းတွေကို စပြီး ရေးကတည်းက ရည်ရွယ်ချက်တစ်ခု ရှိပါသေးတယ် ။ အရက်သောက်တဲ့လူတွေကို အရက်မသောက်အောင် တပည့်တော် မတတ်နိုင်ဘူး ။ ဘယ်သူမှလည်း တတ်နိုင်မှာ မဟုတ်ဘူး ။ သို့သော် သောက်ကြလို့ရှိလျှင် စည်းနဲ့ကမ်းနဲ့ အတိုင်းနဲ့ အထွာနဲ့ အချိန်နာရီ နဲ့ သောက်ကြဖို့ သတိပေးချင် လို့ပါပဲ ။

ဇင်း ။ ။ ဘယ်လို သောက်ပုံသောက်နည်းလဲ တကာကြီး ရဲ့ ။

ရွှေ ။ ။ တပည့်တော်တို့ တိုင်းပြည်ကို ဟိုတုန်းက အုပ်ချူပ်သွားတဲ့ အင်္ဂလိပ်လူမျိုးတွေကို တပည့်တော်တို့ မြန်မာတွေက မိစ္ဆာဒိဋ္ဌိတွေ ၊ မျောက်ကဆင်းသက်တဲ့ အရိုင်းအစိုင်းတွေ ၊ ဘာတွေညာတွေ နဲ့ ခေါ်ချင်တတ်တယ် မဟုတ်ဘူးလား ။ သူတို့အရာရှိတွေဟာ လူတိုင်းလိုလိုပဲ အရက်သောက်တတ်တယ် ။ သို့ပေမဲ့ ဂျင်မခါနာကလပ်မှာ မူးပြီး ရန်ဖြစ်ကြတယ်လို့ ဘယ်နှစ်ခါများ ကြားရဖူးသလဲ ။ မူးလဲနေတယ်လို့ကော ကြားရသလား ။ အလုပ်ခွင်ကို အရက်မူးပြီး လာတယ်လို့ရှိပါသလား ။ ရှိတဲ့ပိုက်ဆံ အကုန်သောက်ပစ်တယ်လို့

ကော ကြားရပါသလား ။ လူကြားထဲမှာ ပြောမှားဆိုမှားဖြစ်အောင် မူးတယ်လို့တောင် ကြားရပါသလား ။ တွေ့ရပါသလားဘုရား ။

ဇင်း ။ ။ ဒါကတော့ သူတို့က အထက်တန်း လူစားတွေကိုး တကာကြီး ။

ရွှေ ။ ။ တပည့်တော်ကလည်း ဇိမ်ခံချင်လို့ သောက်လျှင် အထက်တန်းလူများသောက်နည်း ၊ ဂုဏ်သရေရှိတဲ့လူများ(Gentlemen )သောက်နည်းသောက်တတ်အောင် သတိပေးချင်တဲ့ ရည်ရွယ်ချက်ပါဘုရား ။ တပည့်တော် ရဲ့ အယူအဆ က လူတွေကို ငါးပါးသီလ နဲ့ငရဲ နဲ့ ဘာနဲ့ ခြောက်နည်းမျိုးထက် သောက်ချင်းသောက်လျှင် သိက္ခာရှိရှိနဲ့ သောက်တတ်ဖို့ သတိပေးခြင်းက လိုက်နာကြဖို့ နီးစပ်လိမ့်မယ်လို့ ထင်မြင်ပါတယ်ဘုရား ။

ဇင်း ။ ။ သောက်တတ်ပြီး လူများအဖို့တော့ ဟုတ်တာပေါ့ တကာကြီး ။

ရွှေ ။ ။ သောက်တတ်ပြီး လူများအဖို့ တပည့်တော် ရည်ရွယ်တာပဲ ။ မသောက်တတ်တဲ့ လူအဖို့တော့ ပိုက်ဆံကုန်မှာ တစ်ခုတည်းနဲ့ပဲ တော်တော်လုံလောက်နေပါပြီ ။ သောက်တတ်တဲ့လူကို မဟုတ်တရုတ် ခြောက်လှန့်ပြီး အဖြတ်ခိုင်းခြင်းထက် မှန်လည်းမှန်တယ် ၊ သဘာဝလည်းကျတယ် ၊ နားထောင်ချင်စဖွယ်လည်း ရှိတယ်ဆိုတဲ့နည်းနဲ့ သတိပေးခြင်းက ပိုပြီး အောင်မြင်ဖို့ မျှော်လင့်

ထိုက်တယ် မဟုတ်လားဘုရား ။

ဇင်း ။ ။ ခြောက်လှန့်ပေးလို့ ပြတ်တဲ့လူများကော မရှိပေဘူးလား တကာကြီးရယ် ။

ရွှေ ။ ။ ငရဲကြီးတယ်ဆိုလို့ မသောက်ဘဲ နေချင်နေမယ် ၊ သောက်တတ်ပြီးမှတော့ ငရဲကြောက်လို့ ဖြတ်တဲ့လူ နည်းပါလိမ့်မယ် ။နာမည်ကောင်းယူချင်လို့သော်လည်းကောင်း ၊ အသောက်လွန်ပြီး သေမှာကြောက်လို့သော်လည်းကောင်း ၊ ပိုက်ဆံမတတ်နိုင်လို့သော် လည်းကောင်း ဖြတ်ကြတဲ့လူက များပါလိမ့်မယ် ။

ဇင်း ။ ။ ဒါဖြင့် အပြစ်ရှိပုံက ဘယ်လိုရှိတာလဲ တကာကြီး ။

ရွှေ ။ ။ (၁) အချိန်မရွေးသောက်လျှင် ယစ်ထုပ်ဖြစ်ပြီး နောင်ဘ၀မှာ ရူးတတ်တယ်ဆိုတာ တပည့်တော် ယုံကြည်တယ်ဘုရား ။

(၂) ပိုက်ဆံကုန်တယ်ဘုရား ။

(၃) လွန်လွန်ကျူးကျူးဆိုလျှင် ကျန်းမာရေးကို ထိခိုက်တယ်ဘုရား ။ ဒါကတော့ လွန်လွန်ကျူးကျူး သမားများမှပါဘုရား ။လွန်လွန်ကျူးကျူးဆိုတာမျိုးကတော့ ဘယ်နေရာမှ မကောင်းဘူးဘုရား ။ အဗြဟ္မစရိယာ အလုပ်ဟာ ငရဲတော့မကြီးဘူး ။ ဒါပေမဲ့

လွန်လွန်ကျူးကျူးဆိုလျှင် ဒုက္ခရောက်တတ်တာပါပဲဘုရား ။ ကာမဂုဏ်ခံစားမှု ဟူသမျှဟာ ဒီအတိုင်းချည်းပါပဲဘုရား ။ အပြစ်က ခံစားမှုကြောင့် မဟုတ် ။ လွန်ကျူးမှုကြောင့်ပါ ဘုရား ။

ဇင်း ။ ။ ကာမဂုဏ်ခံစားခြင်းဟာ အပြစ် မဟုတ်ဘူးလား တကာကြီး ။

ရွှေ ။ ။ တပည့်တော်က ငရဲမကြီးတတ်ခြင်းကို ဆိုလိုပါတယ် ။ လူ့ဘောင်မှာ နေရတယ်ဆိုတာ ၀မ်းစာအတွက် အလုပ်လုပ်ရ ၊ဟိုဟာကြောင့်ကြ ၊ ဒီဟာကြောင့်ကြ ၊ သောကဗျာပါဒတွေ များလေတော့ အားလပ်တဲ့အချိန်ကလေးမှာ ဟိုတယ်တက်သူတက် ၊ဘိလိယက်ထိုးသူထိုး ၊ တင်းနစ်ရိုက်သူရိုက် ၊ ရုပ်ရှင် ကြည့်သူကြည့် ကိုယ့်နည်းနဲ့ ကိုယ် ဖျော်ဖြေမှုရှာကြရတာပဲ ဦးပဉ္ဇင်း ။

ဇင်း ။ ။ ဒါတွေ မပါဘဲ မဖြစ်နိုင်ဘူးလား တကာကြီး ။

ရွှေ ။ ။ ဒါတွေ မရှိလျှင် ခြောက်ကပ်ကပ် လူတစ်ယောက် ဖြစ်သွားနိုင်တယ် ။ ဦးပဉ္ဇင်းများတော့ နေနိုင်တယ် ၊ နေလည်းနေထိုက်တယ် ၊ မနေကြတာကတော့ ဦးပဉ္ဇင်းတို့ အပြစ်ပဲ ။

ဇင်း ။ ။ ဦးပဉ္ဇင်းများဆီ လှည့်လာပြီကိုး တကာကြီးရဲ့ ၊ ဗုဒ္ဓကတော့ ကာမဂုဏ်ကို အပြစ်လို့ဆိုပါလား တကာကြီး ။

ရွှေ ။ ။ ဒါက အဓိပ္ပာယ်တစ်မျိုးပါဘုရား ။ သံသရာဝဋ်မှ ကျွတ်လွတ်ချင်တဲ့ လူများအတွက် ဟောခြင်း ဖြစ်ပါတယ် ။ ကျွတ်လွတ်ချင်တဲ့သူ ဘယ်နှစ်ယောက် ရှိလို့လဲ ။ ဦးပဉ္ဇင်းရော " သံသရာဝဋ်ဒုက္ခတော " ဆိုပြီးတော့ တစ်ကယ် ကျွတ်လွတ်ချင်တဲ့စိတ် ရှိရဲ့လား ။

ဇင်း ။ ။ ကျုပ်တို့ဆီ လှည့်လှည့်လာတော့တာကိုး တကာကြီးက ။

ရွှေ ။ ။ လှည့်ရတာက တစ်ခြားကြောင့် မဟုတ်ပါဘူး ဘုရား ။ ဦးပဉ္ဇင်းဟာက ငရဲကြီးမကြီးအကြောင်း ဆွေးနွေးရာကနေပြီးလွတ်မြောက်ရေးတရား အကြောင်း ထည့်ထည့်ပြောတာကိုးဘုရား ။ ဒီနှစ်ခုဟာ တစ်ကန့်စီထားမှ ဖြစ်ပါလိမ့်မယ်ဘုရား ။ လူသာမန်တွေအကြောင်းပြောလျှင် အပါယ်ငရဲက လွတ်ဖို့လောက်ဆိုလျှင် တော်ပါပြီ ။ ၀ဋ်မှ လွတ်မြောက်ရေး နဲ့ ပတ်သက်တဲ့ အကျင့်ကတော့

တစ်ကဏ္ဍထားသင့်ပါတယ်ဘုရား ။ အမှန်မှာတော့ လူများအဖို့မှာ (အများအားဖြင့်) သံသရာမှာ ကောင်းကောင်းလည်ဖို့ ၊ ရဟန်းများ အဖို့တော့ သံသရာဝဋ်မှ ကျွတ်လွတ်ဖို့ ၊ အဲဒီလို အကျင့်တစ်မျိုးစီ ၊ တစ်ကန့်စီထားလိုက်ပါတယ်ဘုရား ။

ဇင်း ။ ။ သေ အရက်ဟာက ( ပမာဒတရား ) မေ့လျော့ခြင်းကို ဖြစ်စေတတ်တယ်တဲ့ ။မေ့လျော့တာကော အပြစ်မဟုတ်ဘူးလား တကာကြီး ။

ရွှေ ။ ။ လာပြန်ပါပြီ ။ မေ့လျော့ခြင်းကြောင့် မဂ်ဖိုလ်နဲ့ ဝေးတာတော့ မှန်တယ် ။ သို့သော် မေ့လျော့ရုံသက်သက်ကြောင့်တော့ ငရဲကြီးသေးတာ မဟုတ်ဘူး ဦးပဉ္ဇင်း ။ ဒါထက် ပမာဒတရားဆိုတာ ဘာကိုမေ့လျော့ခြင်းလို့ ဆိုလိုတယ် ထင်သလဲဘုရား ။

ဇင်း ။ ။ ကုသိုလ်ကောင်းမှုပြုဖို့ မေ့လျော့ခြင်းပေါ့ တကာကြီး ။

ရွှေ ။ ။ ဒါန ၊ သီလတို့ ၊ ဥပုသ်စောင့်တာတို့ ဘာတို့လားဘုရား ။

ဇင်း ။ ။ ဟုတ်တာပေါ့ တကာကြီး ။

ရွှေ ။ ။ ဗုဒ္ဓ ပရိနိဗ္ဗာန်ပြုခါနီးမှာ " ဟန္ဒဒါနိ ဘိက္ခဝေ " ဆိုတဲ့ နောက်ဆုံးသတိပေးချက် တစ်ခု မိန့်တော်မူခဲ့တယ် ၊ ရုပ်နာမ်တရားတို့သည် ပျက်တတ်သော သဘောရှိတယ်တဲ့ ။ အဲဒါကို မမေ့ကြနဲ့တဲ့ ။ ဒါန ၊ သီလတို့အတွက် ဗုဒ္ဓပွင့်တော်မူခြင်း မဟုတ် ။ ဒါတွေကတော့ ဗုဒ္ဓတွေ မပွင့်လျှင်လည်း အပြည်ပြည်မှာ ပြုလုပ်တဲ့ လူများ ပြုလုပ်ကြစမြဲပါဘုရား ။ နောက်ဆုံး သတိပေးချက်အနေနဲ့ အမောခံပြီး မိန့်တော်မူမည် မဟုတ်ပါဘုရား ။ ပျက်တတ်သောသဘောရှိတယ် ဆိုတာကိုတော့ သတ္တ၀ါတွေက မေ့တတ်လွန်းလို့ ဗုဒ္ဓက အမောခံပြီး နောက်ဆုံး သတိပေးတော်မူခဲ့ခြင်း ဖြစ်ပါတယ်ဘုရား ။

ဇင်း ။ ။ ဒါကတော့ လက်မခံလို့ မဖြစ်ဘူး ။ လက်ခံရပေမှာပေါ့ ။ ဒါထက် သုရာမေရယ ဟာ ငရဲမကြီးဘူးဆိုတာကို တကာကြီးဘယ်လိုကြောင့် သဘောပေါက်သွားတာလဲ ။ ဒုစရိုက် ၁၀ ပါး ထဲမှာ မပါလို့ စဉ်းစားမိတာပဲလား ။

ရွှေ ။ ။ အမှန်ကတော့ စိတ်သဘာဝအကြောင်းကို တပည့်တော်တရားအားထုတ်ရင်း လေ့လာရာမှာ အပြုအမူတစ်ခုဟာ ဘာကြောင့် ကုသိုလ်ဖြစ်တယ် ။ ဘာကြောင့် အကုသိုလ် ဖြစ်တယ်ဆိုတာကို ရှေးဦးစွာ သဘောပေါက်လာပါတယ်ဘုရား ။ သူတစ်ပါးကို ထိခိုက်နစ်နာစေလိုတဲ့ စေတနာနဲ့ပြုလုပ်ခြင်း ၊ ပြောဆိုခြင်းဟာ အကုသိုလ် ဖြစ်တယ် ၊ သူတစ်ပါးကို ကောင်းစေလိုတဲ့ စေတနာနဲ့ ပြုလုပ်ခြင်း ၊ ပြောဆိုခြင်းဟာ ကာမာဝစရ ကုသိုလ် ဖြစ်တယ် ။ ကုသိုလ်မှု ၊ အကုသိုလ်မှုမှာ စေတနာဟာ အကြောင်းရင်း ဖြစ်တယ်လို့ တပည့်တော် သဘောကျလာပါတယ် ။ ဗုဒ္ဓကလည်း စေတနာကို ကံ ဟူ၍ ကောက်ယူရမယ်လို့ ဟောတော်မူတယ် ။ ဒီတော့မှ ဒုစရိုက်၁၀ ပါးထဲမှာ ရှာကြည့်လိုက်တော့ သုရာမေရယ မပါခြင်းကို တွေ့ရလို့ တပည့်တော် အမြင်နဲ့ ကိုက်နေတာပဲဘုရား ။

ဇင်း ။ ။ နေပါဦး တကာကြီး ၊ အရက်သောက်တဲ့လူဟာ မူယစ်ချင်တဲ့ စေတနာ မရှိဘူးလား ။

ရွှေ ။ ။ ဦးပဉ္ဇင်းက စေတနာနဲ့ ရည်ရွယ်ချက်ကို ရောထွေးနေတာကိုးဘုရား ။ မူးယစ်ချင်တဲ့ ရည်ရွယ်ချက်တော့ ရှိမယ် ။ ရည်ရွယ်ချက်ဟာ စေတနာ မဟုတ်ဘူးဘုရား ။

ဇင်း ။ ။ ရှင်းပါဦး တကာကြီး ။

ရွှေ ။ ။ စေတနာဆိုတာမျိုးဟာ သူတစ်ပါးအပေါ်မှာ ထားရှိခြင်းကို ဆိုလိုပါတယ် ။ မိမိကိုယ်အပေါ်မှာ ထားရှိခြင်းကို မဆိုလိုပါ

ဘူးဘုရား ။ သူတစ်ပါးအပေါ်မှာ စေတနာကောင်းထားလျှင် ကုသိုလ်ဖြစ်တယ် ။ စေတနာဆိုးထားလျှင် အကုသိုလ် ဖြစ်ပါတယ် ။ ကိုယ့်ကိုကိုယ် ကြီးပွားစေချင်တာတော့ လူတိုင်းမှာ ရှိတတ်ပါတယ် ။ သို့သော် ဒါကို ကုသိုလ်စိတ်လို့ မခေါ်နိုင်ပါဘူးဘုရား ။ လောဘစိတ်သာ ဖြစ်ပါတယ် ။ အရက်သောက်ခြင်းအားဖြင့် သူတစ်ပါးနဲ့ ပတ်သက်တဲ့ စေတနာဆိုးသော်လည်းကောင်း ၊ စေတနာကောင်းသော်လည်းကောင်း မပါရှိသည့်အတွက်ကြောင့် ကုသိုလ် ၊ အကုသိုလ် မကောက်ထိုက်ပါဘုရား ။

ဇင်း ။ ။ မူးပြီး ရမ်းတဲ့လူကော တကာကြီး ။

ရွှေ ။ ။ ဒါက တစ်ခြားပါဘုရား ။ရမ်းတဲ့အပြစ် ရောက်တာပါပဲ ။

ဇင်း ။ ။ သုရာမေရယ သက်သက်နဲ့တော့ အကုသိုလ် မဖြစ်ဘူးပေါ့ တကာကြီး ။

ရွှေ ။ ။ စိတ်သဘာဝကို တပည့်တော်ကိုယ်တိုင် လေ့လာလို့ တွေ့ရှိထားတဲ့အတိုင်းမှာတော့ လောကမှာအကုသိုလ်ဖြစ်တဲ့ အရည်လည်း မရှိပါဘူး ။ ကုသိုလ်ဖြစ်တဲ့ အရည်လည်း မရှိပါဘူးဘုရား။ စေတနာသာလျှင် ကုသိုလ် ၊ အကုသိုလ် ဖြစ်စေပါတယ် ။

ဇင်း ။ ။ သဘာဝတော့ ကျတတပဲ တကာကြီး ။ ကျူပ်တောင် လက်ခံချင်လာပြီ ။ သို့သော် မိရိုးဖလာ သမားတွေကတော့ ကြိုက်ကြရမှာ မဟုတ်ပေဘူး ။

ရွှေ ။ ။ အထူးသဖြင့် အသက်ကိုအသေခံမယ် ၊ သေအရက်ကို လျှာပေါ်မတင်ဖူးပါဘူး ညာဘူး နဲ့ ကြွားနေတဲ့ လူတွေက သာပြီးသဘောမကျ မှာပေါ့ဘုရား ။ သူတို့အသားယူစရာ အလုံးကလေးတစ်ခု လက်လွတ်သွားမှာကိုဘုရား ။ သို့သော် တပည့်တော် စာရေးတဲ့အခါမှာ မိရိုးဖလာသမားတွေအတွက် မရေးပါဘူးဘုရား ။ ကာလာမသုတ်မှာ ဟောတော်မူခဲ့တဲ့အတိုင်း သဘာဝကျမကျကို ကိုယ်

ပိုင်ဥာဏ်နဲ့ ဆင်ခြင်သုံးသပ်ရဲတဲ့ ပုဂ္ဂိုလ်များအတွက် ရေးပါတယ်ဘုရား ။

ဇင်း ။ ။ ဒီလိုဆို တကာကြီးရဲ့စာကို လူများစုက လက်ခံဖို့ ခဲယဉ်းလိမ့်မယ်ပေါ့ ။

ရွှေ ။ ။ တပည့်တော်ဟာ လူပြိန်းများပါ နားလည်အောင်တော့ ရှင်းပြတတ်တယ်လို့ ကိုယ့်ဟာကို ထင်မိပါတယ် ၊ သို့သော် နားလည်ပေမဲ့ မကြိုက်နိုင်တာက ရှိသေးတာကိုးဘုရား ။ နားတော့လည်စေမယ် ၊ သို့သော် လက်ခံဖို့ဆိုတာကတော့ ဥာဏ်အနုအရင့်က ရှိသေးတာကိုးဘုရား ။ အချို့လူများကတော့ သူတို့ကြားဖူးထားတဲ့ အယူနဲ့ မတူလျှင် ခါးခါးသီးသီး ဖယ်ပစ်ချတတ် ကြပါတယ် ။ သူတို့အတွက် တပည့်တော် မရေးဖူးပါဘူးဘုရား ။

ဇင်း ။ ။ (၁) နဲ့ (၂) ကတော့ ပြေလည်ပါပြီ ။ နံပါတ်(၃) ကျန်သေးတယ် တကာကြီးရဲ့ ၊ တကာကြီးဟာ အခု အရက်သောက်ပါသေးသလား ။

ရွှေ ။ ။ လူပုဂ္ဂိုလ်ချင်းဆိုလျှင်တော့ မေးဝံ့တဲ့ မေးခွန်း မဟုတ်ဘူးပေါ့ ။ သို့သော် ရဟန်းဆိုတော့ မေးနိုင်ပါတယ် ။

ဇင်း ။ ။ ဒီလိုကြောင့်ပါ တကာကြီး ။ တရားအားထုတ်နေတယ်ဆိုတဲ့အပြင် ကျမ်းပြုဆရာတစ်ယောက်ဆိုလို့ မေးရခြင်း ဖြစ်ပါတယ် တကာကြီးရယ် ။ မဖြေချင်လည်းနေပေါ့ ။

ရွှေ ။ ။ တပည့်တော်ကတော့ မေးသူရှိလျှင် ဖြေဖို့ အသင့်ပါပဲ ဘုရား ။ ဟန်ဆောင်တတ်တဲ့ လူတစ်ယောက် မဟုတ်ပါဘူးဘုရား ။

ဇင်း ။ ။ ရတနာ့သုတ်ထဲကလိုလား ။

ရွှေ ။ ။ ဒါကတော့ ဦးပဉ္ဇင်း ထင်ချင်သလိုထင်ပေါ့ဘုရား ။ တပည့်တော် လျှောက်ထားတာကို ယုံပါနော် ။ ဒါမျိုးမှာ တပည့်တော်မလိမ်ပါဘူး ။

ဇင်း ။ ။ ဘယ္လိုဟာမ်ဳိးမွာမွ မလိမ္ဘူး ဟုတ္လား ။

ရွှေ ။ ။ ဒီလောက်လည်း မဟုတ်သေးဘူးဘုရား ။ တပည့်တော် အသက်သေရမည့် ကိစ္စမျိုးဆိုလျှင် သေရမှာကို ကြောက်ပြီးလိမ်မိမလား မပြောတတ်ပါဘုရား ။

ဇင်း ။ ။ တကာကြီးက သေရမှာ ကြောက်တုန်းလား ။

ရွှေ ။ ။ ဘယ့်နှယ်ဘုရား ၊ လောကဓံအောင်ပြီလို့ ၀န်မခံနိုင်သေးလျှင် အာဇာနည်များမှတစ်ပါး သေရမှာကို ကြောက်တဲ့လူချည်းပေါ့ဘုရား ။

ဇင်း ။ ။ ကိုင်း တကာကြီးနဲ့ အရက်အကြောင်းကို ဖြေပါတော့လေ ။

ရွှေ ။ ။ ငယ်စဉ်တုန်းကတော့ သောက်ခဲ့တယ်ပေါ့ဘုရား ။ ဒါပေမဲ့ တပည့်တော်တို့ လူသိုက်က စည်းနဲ့ ကမ်းနဲ့ အိုင်စီအက်သောက်သောက်တဲ့ လူတွေပါ ။

ဇင်း ။ ။ တကာကြီးက အိုင်စီအက်တော့ တယ်အထင်ကြီးသကိုး ။

ရွှေ ။ ။ ဒီ့ပြင်နေရာမှာ ဒီလောက် မဟုတ်ဘူး ။ သောက်တဲ့နေရာမှာတော့ သူတို့လူစုကို ကောင်းကောင်း အတုခိုးတယ် ဘုရား ။

မင်းကြီးရဲ့တောလိုက် စာရေးလုပ်ခဲ့ဖူးတော့ ဂျင်မခါနာကလပ်တို့ ၊ ပဲခူးကလပ်တို့မှာ သူတို့သောက်ပုံတွေကို မြင်ရဖူးသကိုးဘုရား ။တပည့်တော် သရေကျမိတယ် ။

ဇင်း ။ ။ အတိုင်းအတာရှိတယ် ၊ မလွန်စေရဘူး ဆိုပါတော့ ။

ရွှေ ။ ။ ဒါတွင်မကဘူး ၊ နံနက်ခင်းမှာ ဘယ်တော့မှ မသောက်ဘူး ။

ဇင်း ။ ။ ဘာကြောင့်တဲ့လဲ ။

ရွှေ ။ ။ နံနက်ခင်း သောက်တဲ့လူဟာ တစ်နေ့လုံးသောက်ဖြစ်ပြီး ယစ်ထုပ်ဖြစ်သွားတတ်လို့ပဲဘုရား ။ သူတို့က သောက်ကြပေမဲ့ မသောက်ရလျှင် မနေနိုင်ဆိုတဲ့ ယစ်ထုပ်ဖြစ်မခံဘူး ဘုရား ၊ အဲဒါကို တပည့်တော်က သိပ်သဘောကျတယ် ။ တပည့်တော် ယုံကြည်ချက်ကလည်း ယစ်ထုပ်ဖြစ်သွားလျှင် နောင်ဘ၀ မှာ အရူး ဖြစ်တတ်တယ် ။ ရူးသွပ်တယ်ဆိုလျှင် မဂ်ဖိုလ်အတွက် တစ်ဘ၀ဆုံးတော့တာပဲဘုရား ။

ဇင်း ။ ။ မဂ်ဖိုလ်အတွက်တော့ တော်တော်ကြောင့်ကြစိုက်သကိုး တကာကြီး ။

ရွှေ ။ ။ တပည့်တော်က ဆင်းရဲမှာကို မကြောက်လှဘူး ။ ဘ၀ဆုံးရှုံးသွားမှာကို အကြောက်ဆုံးပဲ ၊ ဒါကိုတော့ တော်တော် ငယ်ငယ်ကတည်းက အထူးသတိထားပါတယ် ။

ဇင်း ။ ။ တော်တော်ကြီးလာတော့ ဘယ်လိုဖြစ်လာသလဲ ။

ရွှေ ။ ။ ဒင်နာပါတီမျိုးဖြစ်စေ ၊ ကွဲကွာနေတဲ့ ငယ်သူငယ်ချင်းသောက်ဖော် သောက်ဖက်များနဲ့ တွေ့ဆုံကြတဲ့ အခါမျိုးလောက်ဖြစ်စေ သောက်ပါတော့တယ် ။

ဇင်း ။ ။ အခုတိုင် ဒီလိုပဲလား ။

ရွှေ ။ ။ အခုတိုင်တော့ မဟုတ်ပါဘူးဘုရား ။ တစ်ဖြည်းဖြည်း ပြောင်းလဲလာပုံကို အဆင့်ဆင့် လျှောက်ထားခြင်းပေါ့ ။

ဇင်း ။ ။ နောက်တော့ကော တကာကြီး ။

ရွှေ ။ ။ တရားတွေ ဘာတွေ အားထုတ် ၊ ရဟန်းပြုပြီးလို့ လူထွက်ရတဲ့နောက်တောင် ။

ဇင်း ။ ။ ဒုလ္လဘရဟန်းလား တကာကြီး ၊ ဘယ်လောက်ဝတ်ခဲ့သလဲ ။

ရွှေ ။ ။ ဒုလ္လဘရဟန်း မဟုတ်ပါဘူး ။ ကိုယ့်ဟာကို ထင်ခဲ့မိတယ် ၊ ငါတော့ ဒီတစ်သက်မှာ အရက်တော့ သောက်ချင်တော့မှာမဟုတ်ဘူးလို့ ။ သို့သော် တစ်နှစ်ကျော်လောက်ကြာတော့ ငယ်ပေါင်းကြီးဖော်များနှင့် ဆုံစည်းရာမှာ သောက်ချင်တဲ့စိတ် ဖြစ်လာပြန်တယ် ။ တပည့်တော် မျှော်လင့်တာက သောက်ချင်တဲ့စိတ် ကုန်ပြီထင်တာ ၊ အခုတော့ ရှိနေပြန်တယ် ။ အနာဂါမ်ပုဂ္ဂိုလ်များဟာကာမရာဂ ( လိင်ကိစ္စ ) ကို ပယ်တယ်ဆိုတာ အောင့်ထားခြင်း မဖြစ်ရဘူး ။ စိတ်ကုန်ခန်းသွားခြင်း ဖြစ်ရမယ်လို့ တပည့်တော် တွက်တယ် ။ ကိုယ့်ကို ကိုယ်အနာဂါမ် ဖြစ်တယ်ထင်လို့ အောင့်ထားရုံနဲ့လည်း အနာဂါမ် ဖြစ်တာ မဟုတ်နိုင်ဘူး ။ ကိုင်း ဒီတော့ သောက်ချင်တဲ့စိတ် ရှိသေးတဲ့အတူတူ သောက်ပေဦးတော့ ။ သို့သော် သောက်ချင်စိတ် ပျောက်အောင် အားထုတ်ယူမယ်လို့ ပြဋ္ဌာန်းလိုက်တယ် ။

ဇင်း ။ ။ ဒီတော့ ရှေးရှေးကအတိုင်း သောက်ပြန်ရော့လား ။

ရွှေ ။ ။ ငယ်စဉ်တုန်းက အတိုင်းတော့ မဟုတ်ပါဘူး ။ ဒင်နာပါတီတို့ ဘာတို့လောက်ပါပဲ ။

ဇင်း ။ ။ နောက်တစ်ထစ်က ဘယ်လိုလဲ ။

ရွှေ ။ ။ တပည့်တော်က ကိုယ့်စိတ်ကို စစ်ဆေးတဲ့အလုပ် လုပ်လာခဲ့တာက တော်တော်ကြာပါပြီ ။

ဇင်း ။ ။ ဘယ်လို စစ်ဆေးသလဲ တကာကြီး ။

ရွှေ ။ ။ သောက်ချင်တဲ့စိတ် ဖြစ်ပေါ်လာခြင်းဟာ တပည့်တော်အဖို့မှာတော့ အစားကောင်းကောင်းနဲ့ တွဲတွဲပြီး ဖြစ်တတ်တယ် ။

ဒီလိုပါဘုရား ၊ တပည့်တော်က အစားကောင်းကြိုက်တတ်တဲ့ လူတစ်ယောက် ဖြစ်ပါတယ် ။ လူတိုင်းကြိုက်တယ်ဆိုပေမဲ့ တပည့်တော်က ကဲလွန်းပါတယ် ။ ကြိုက်ဟင်း မပါလျှင် မျိုလို့ မကျသလောက်ပါပဲ ။ ပြီးတော့ အသောက်ရဲ့ သတ္တိဟာက ကောင်းတဲ့ အစာတစ်ခုကိုပိုပြီးကောင်းအောင် လုပ်ပေးနိုင်ပါတယ် ။ ဒီတော့ကာ တပည့်တော်မှာ ဘယ်လို ဖြစ်နေသလဲဆိုတော့ ငယ်စဉ်တုန်းကဆိုလျှင် အိမ်မှာအထူးတလည် ကောင်းကောင်းချက်ထားတဲ့ ဟင်းမျိုးနဲ့တွေ့လျှင် ထမင်း မစားသေးပဲ တစ်ခွက်ပြေးပြီး သောက်လိုက်ရပါသေးတယ် ။

ရည်ရွယ်ချက်ကတော့ ကောင်းနေတဲ့ဟင်းကို ပိုပြီး အရသာ ပေါ်လာအောင်ပေါ့ဘုရား ။ နောက်ပိုင်းကျတော့ အိမ်ကဟင်းကြောင့်တော့ မဖြစ်တော့ပါဘူး ။ သို့ပေမဲ့ အင်မတန်ကြိုက်တတ်တဲ့ တရုတ်စားပွဲကြီးမျိုးကျတော့ အစားကောင်းတာနဲ့ပဲ ရှေ့မှာထောင်ထားတဲ့ပုလင်းဆီကို လက်က ရောက်ရောက်သွားချင်တယ် ။ ဒီအထဲမှာ အနားကလူက ငှဲ့ပေးပြန်တော့ သောက်လိုက်မိတာပေါ့ဘုရား ။

တရုတ်ပြည်သွားတုန်းက ငါသောက်လို့ တော်မထင်ပါဘူးလို့ အောက်မေ့သွားပေမဲ့ အစားကောင်းသွေးဆောင်မှုကြောင့် သောက်ခဲ့မိတာက များတယ်ဘုရား ။

ဇင်း ။ ။ ဒီလိုဆို တကာကြီးဟာက ဖြတ်ဖို့ခက်နေပြီကော ။

ရွှေ ။ ။ နေပါဦး ဦးပဉ္ဇင်း ၊ တပည့်တော် လျှောက်ခဲ့တဲ့အတိုင်း အစားကောင်း သွေးဆောင်မှုကြောင့် သောက်ဖြစ်တယ်ဆိုလျှင် အစားကောင်း စားချင်တတ်တဲ့ အာသာဆန္ဒကို ဖြတ်ပစ်လိုက်နိုင်လျှင်တော့ အသောက်ပါ ပါသွားမှာပဲလို့ အကြံ ဖြစ်ပေါ်လာတယ် ။

ဇင်း ။ ။ ဘယ်လို လုပ်သလဲ ။

ရွှေ ။ ။ တပည့်တော်ဟာ ကျန်းမာရေးလိုက်စားလေ့ရှိလေတော့ အိန္ဒိယပြည် ဆေးကျမ်းတစ်ခုမှာ ဖတ်ရဖူးတယ် ။ လူတိုင်းဟာကိုယ့်ဝမ်းဗိုက် ( အစာအိမ် ) ကို အလုပ်ပေးလွန်းအားကြီးတယ်တဲ့ ၊ တစ်နှစ်မှာ ရက်သတ္တတစ်ပတ်လောက် လုံးဝ အစာရှောင်သည်ဖြစ်စေ ၊ သို့တည်းမဟုတ် ထမင်းဟင်း မပါဘဲ ဟင်းရွက်ပြုတ်လောက်ချည်း စားနေသည် ဖြစ်စေ ၀မ်းဗိုက် အနားရလို့ ပိုပြိး ကျန်းမာနိုင်တယ်တဲ့ ၊ ဒီနည်းကို နှစ်စဉ် ၀မ်းဗိုက်ရှင်းနည်း ( Annual Cleaning ) လို့ခေါ်တယ် ။ ဒါကို တပည့်တော် သဘောကျလို့ တစ်ပတ်လောက် လုပ်စမ်းကြည့်ရာမှာ ကျန်းမာရေး အတွက် သာမက အစားကောင်းခင်မင်တတ်တဲ့ အကျင့်ဆိုးဟာလည်း လျော့ဆင်းသွားတာကို တွေ့ရတယ် ။ ဟင်းသီးဟင်းရွက်ပြုတ်ချည်း တစ်ပတ်လောက် စားနေနိုင်တယ် ဆိုကတည်းက ဟင်းမကောင်းတာလောက်တော့သည်းခံနိုင်သွားတော့တာပါပဲဘုရား ။ ဟင်းမကောင်းခြင်းကို သည်းခံနိုင်လျှင် ဟင်းကောင်း ခင်မင်တတ်ခြင်းဟာလည်း လျော့ဆင်းရ

တော့တာပဲဘုရား ။ အဲဒီလိုချည်း တစ်လမှာ တစ်ပတ်လောက် နှစ်လမှာ တစ်ပတ်လောက် လုပ်သွားတဲ့အခါမှာ ကိုယ်ကာယဟာ ပိုပြီးပေါ့ပါး ဖျတ်လတ်လာရုံ မက အစားကောင်း ( ရသာရုံ ) နှင့် ပတ်သက်လို့ အာသာငမ်းငမ်း ရှိတတ်တဲ့ ၀ါသနာဟာလည်း ပျောက်လုမတတ် ဖြစ်သွားပါတယ်ဘုရား ။

ဇင်း ။ ။ လုမတတ်ဆိုတော့ လုံးလုံးကြီးပျောက်တာ မဟုတ်ဘူးပေါ့ ။

ရွှေ ။ ။ သူတစ်ပါး နည်းတူတော့ ရှိသေးတာပေါ့ဘုရား ။ တပည့်တော်က ရသာရုံဘက်မှာ လူအများထက် ကဲလွန်နေတော့အစွန်းကလေး တိပစ်လိုက်သလိုပေါ့ ဘုရား ။

ဇင်း ။ ။ အစားကောင်းကောင်းစားဖို့ ငမ်းငမ်းတက် မဖြစ်တော့ကာ သောက်ချင်တဲ့ တမ်းတမှုပါ ပြုတ်သွားလေရောလား ။

ရွှေ ။ ။ တပည့်တော် အဖို့မှာတော့ ပြုတ်သလောက်ပါပဲဘုရား ။

ဇင်း ။ ။ တကာကြီးရဲ့ ဖြတ်နည်းကလည်း မှတ်သားလောက်ပါတယ် ။ နေပါဦး ၊ တကာကြီးဟာ အိုင်စီအက်များလို စည်းနဲ့ ကမ်းနဲ့ သောက်တတ်တယ်ဆိုပြီး နောက်ဆုံးမှာ ဘာဖြစ်လို့ ဒီလို လုပ်နေရသေးသလဲ ။

ရွှေ ။ ။ အကြောင်းတွေက တော်တော်များပါတယ်ဘုရား ။ ပထမအကြောင်းက တပည့်တော်ဟာ ခပ်ရွယ်ရွယ်တုန်းကတော့သူတစ်ပါးကို မထိခိုက်လျှင် ဘယ်သူကဘာထင်ထင် လုပ်ချင်တဲ့ ၀ါသနာရှိသော်လည်း အဘိုးကြီးပိုင်းရောက်လာတော့ ထပ်ပြီး စဉ်းစားလာတယ်ဘုရား ။ ကိုယ်က တရားသမားလည်းဆိုသေး ဒင်နာပါတီလေး ဘာလေးမှာ တစ်ခွက်တစ်လေ သောက်လိုက်မိတယ်ဆိုလျှင် လူကို အထင်သေးတာထက် တရားကို အထင်သေးသွားမှာ စိုးတဲ့အတွက် ဒုက္ခခံပြီး ဟင်းရွက်ပြုတ်နဲ့ ဖြတ်ရတာပါဘုရား ။

ဇင်း ။ ။ သာဓုပါဗျာ ၊ ဒီ့ပြင်ကောဗျ ၊ ဒီဟာက ဇိမ်တစ်မျိုးရှိတယ်ဆို ။

ရွှေ ။ ။ ငယ်စဉ်တုန်းကတော့ အဲဒီဇိမ်ကိုလည်း ကြိုက်ခဲ့ဖူးပါတယ် ။ တရားအားထုတ်ပြီးတဲ့နောက်တော့ အလိုရှိတဲ့အခါမှာအဲဒီ ဇိမ်ထက် ကြည်လင် သန့်ရှင်း အပြစ်ကင်းတဲ့ ဇိမ်မျိုးကို ခံစားနိုင်လေတော့ သူ့ ဇိမ် အတွက် မမက်မောတော့ပါဘူးဘုရား ။

ဇင်း ။ ။ ဒါဖြစ့်လည်းဗျာ အဲဒီ ဇိမ် နဲ့ပဲ ဖြတ်ပါတော့လား ၊ အစားဆင်းရဲခံပြီး ဟင်းရွက်ပြုတ် လုပ်နေရသေးသလား ။

ရွှေ ။ ။ ဒီ ဇိမ် နဲ့ချည်း ၂၄ နာရီနေလို့ မရဘူးပေါ့ဘုရား ။ စားတဲ့အချိန်မှာ မျက်မျက်ကောင်းကောင်း စားချင်တဲ့ လောဘကရှိသေးတာကိုး ဘုရား ။

ဇင်း ။ ။ အကြောင်းအမျိုးမျိုးလို့ ပြောပါတယ် ။ ဒီ့ပြင် အကြောင်း များကော တကာကြီး ။

ရွှေ ။ ။ ဒုတိယအကြောင်းတစ်ခုကတော့ တရားအားထုတ်တဲ့အခါမှာ အနှောင့်အယှက် နည်းနည်း တွေ့ရလို့ပါဘုရား ။

ဇင်း ။ ။ သိပ်မမူးဘဲ စားကောင်းရုံလောက်ဆိုလျှင် ကိစ္စမရှိဘူးဟုတ်လား ။

ရွှေ ။ ။ တရားအားထုတ်ဖို့ အလုပ်မရှိတဲ့ လူများအဖို့မှာတော့ မှန်ပါတယ် ။ တရားအားထုတ်နေတဲ့ လူများအဖို့မှာတော့နည်းနည်းလောက် သောက်မိလျှင်ပဲ စိတ်ထဲမှာသိပ်ပြီး မသန့်ရှင်းဘူးဘုရား ။ ကြည်လင်မှုလည်း နည်းနည်းလျော့တယ် ။ တပည့်တော်က အတွေးနဲ့ ပြောခြင်း မဟုတ်ပါဘူး ။ ကိုယ်တွေ့ပါဘုရား ။ သတိနည်းနည်း လွတ်တတ်ပါတယ် ။

ဇင်း ။ ။ သိပ်မူးမှ သတိလစ်တာ မဟုတ်လား ။

ရွှေ ။ ။ အဲဒီ သတိမျိုးကို မဆိုလိုပါဘုရား ၊ နာမ်ရုပ်ကို ရှုဆင်ခြင်တဲ့ သမ္မာသတိ လို့ ဆိုလိုပါတယ် ။

ဇင်း ။ ။ ဟုတ်ပြီ ၊ ပမာဒတရားကို ဆိုလိုတာပေါ့ ။ ဒါကြောင့် မြတ်စွာဘုရားက ဟောခဲ့တာကိုးဗျ ။ သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာတဲ့ ဗျနော် ။

ရွှေ ။ ။ စောစောကတည်းက တပည့်တော်က ဒါကို လျှောက်လိုခြင်းပါဘုရား ။ မေ့လျော့ရုံ သက်သက် နဲ့တော့ အကုသိုလ်မဟုတ်ဘူး ။ သို့သော် တရားအားထုတ်ရေးအတွက်တော့ အနှောင့်အယှက် ဖြစ်ပါတယ် ။

ဇင်း ။ ။ ကြိုက်ပါ့ဗျာ ၊ ဦးပဉ္ဇင်းတို့ကတော့ ဒီလို ၀န်ခံလျှင် သဘောကျတာပါပဲ ။

ရွှေ ။ ။ တကာကြီး ရွှေဥဒေါင်းက အရက်သောက်တာ အပြစ်မရှိဘူးလို့ ရေးတယ်ဆိုတဲ့ လူများကို ရှင်းပြလိုက်ပါဘုရား ။စလောင်းဖုံး ၂ ချပ်ကို တီးလျှင် ကွဲတတ်တာမှန်တယ် ၊ ကျားကိုက်တတ်တယ်ဆိုတာတော့ မမှန်ဘူးလို့ ဆိုလိုခြင်းပါ ။ ဒီအကြောင်းတွေကို တပည့်တော် ဖြောင့်ချက်ထဲမှာ ရေးပြရခြင်း အကြောင်းတစ်ခုကတော့ မသောက်တတ်တဲ့ လူတွေကို သောက်ချင်အောင် မဟုတ် ၊

အရက်ကလေးတစ်ခု ရှောင်ပြီး ကိုယ်ချင်းစာတရား မကပ်ဘဲ လုပ်ချင်ရာတွေလုပ်တဲ့ လူများက အသားယူနေကြတာတွေကို ရွံ့တွံတွံရှိလို့ မှန်တဲ့အတိုင်း တင်ပြခြင်းပါဘုရား ။

ဇင်း ။ ။ ကျေနပ်ပါပြီ တကာကြီး ၊ လိပ်ပတ်လည်သွားပါပြီ ။

ပြီးပါပြီ

ကဲ ....မိတ်ဆွေတို့ ကော ဟိုဦးပဉ္ဇင်းလို လိပ်ပတ်လည်ပါရဲ့လား ။

ရွှေဥဒေါင်း ၏ လူဖြစ်ရကျိုးနပ်ပါစေ နှင့် အတွေးအမြင် ဆောင်းပါးများ မှ ကောက်နှုတ်ဖော်ပြပါသည်။

မေးထဲရောက်လာတဲ့ဆောင်းပါးကို သဘောကျလို့ ကူးယူတင်ပြလိုက်ပါတယ်။

Read more...

ဒေါက်တာအမ်ဘေဒကာ သို့မဟုတ် ဗုဒ္ဓရင်ခွင်သို့ ပြန်လာသူ

>> Monday, August 22, 2011





ဘီမရာအို ရာမ်ဂျိ အမ်ဘေဒကာဟာ တရားသူကြီး၊ နိုင်ငံရေးခေါင်းဆောင်၊ ဒဿနပညာရှင်၊ တက္ကိက၀ါဒီ၊ အရေးသွက်သော စာရေးဆရာ၊ စီးပွားရေးပညာရှင်၊ တော်လှန်ရေးသမားနှင့် အိန္ဒိယမှာ ဗုဒ္ဓဘာသာ ပြန်လည်တည်ဆောက်သူ စသော ဂုဏ်ထူးဝိသေသမျိုးစုံဖြင့် ကျော်ကြားလှပါတယ်။ သူဟာ အိန္ဒိယနိုင်ငံ ဥပဒေရေးဆွဲရေးအဖွဲ့ရဲ့ အဓိကပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။
အိန္ဒိယမှာ ဆင်းရဲတဲ့ မဟာဆိုတဲ့ အမျိုးအနွယ်တစ်စု ရှိပါတယ်။ နောင်ပိုင်းမှာ မသတီစရာလို့ သက်မှတ်ခံရပြီး အများသူငှါ မထိကောင်းတဲ့ အနွယ်အဖြစ် သက်မှတ်ခံရပါတယ်။ ဒီလို အမျိုးအနွယ်မှာ သူ့ကို မွေးဖွားခဲ့ပါတယ်။ သူဟာ လူမူရေး ချိုးနှိမ်မှုတွေ၊ ဟိန္ဒူတွေရဲ့ အမျိုးလေးပါး(ဘုရင်၊ ပုဏ်ဏား၊ သူကြွယ်၊ သူဆင်းရဲ)စနစ်တွေကို သူ့ဘ၀တစ်လျှောက်လုံး တိုက်ခိုက်ဆန့်ကျင်လာခဲ့ပါတယ်။ သူဟာ အများသူငှါ မထိကောင်းတဲ့အနွယ်(လူမျိုး)များလို့ သက်မှတ်ခံထားရတဲ့ ဇာတ်နိမ့် သိန်းပေါင်းများစွာကို ဗုဒ္ဓဘာသာအဖြစ် ပြန်လည်သွတ်သွင်းပေးတဲ့နေရာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ အိန္ဒိယသားမြောက်များစွာက သူ့ကို ဘုရားလောင်းအဖြစ် သတ်မှတ်ပြောဆိုကြပါတယ်။ ဒါပေမယ့် သူကိုယ်တိုင်ကတော့ တစ်ခါမှ သူ့ကိုသူ ဘုရားလောင်းလို့ မပြောခဲ့ပါဘူး။

“ဗီဇာတစ်ခုကို စောင့်နေခြင်း”လို့ အမည်ပေးထားတဲ့ သူ့ရဲ့ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်ထဲမှာ ဇာတ်နိမ့်တစ်ယောက်ရဲ့ အတွေ့အကြုံတွေကို အသေးစိတ် ရေးပြထားပါတယ်။

“အိန္ဒိယသား ၁၂-ယောက်လောက်ရှိတယ်။ သူတို့က အန္တရာယ်ပြုမယ့်ပုံစံနဲ့ ကျွန်တော့်ရှေ့မှာ။ ဒုတ်တွေကိုင်ပြီး တန်းစီနေကြတယ်။ ကျွန်တော်ကတော့ ကြောက်ကြောက်လန့်လန့်၊ အသနားခံနေတဲ့ မျက်နှာပေးလေးနဲ့ပေါ့။ ဒါက လွန်ခဲ့တဲ့ ၁၈-နှစ်လောက်ကပေါ့။ ဒါပေမယ့် ကျွန်တော် ဒီမြင်ကွင်းကို ဖျောက်လို့ မရနိုင်ခဲ့ဘူး။ ကျွန်တော့်မျက်စိထဲမှာ ရှင်းရှင်းလင်းလင်းကြီးကို မြင်ယောင်နေဆဲပဲ။ ဒါကို မြင်ယောင်မိတိုင်း ကျွန်တော့်မျက်စိထဲမှာ ကြောက်ရွံ့မှုတွေနဲ့ ပြည့်နှက်နေဆဲပဲ။ ဒီအဖြစ်အပျက်လေးဟာ ကျွန်တော့ဘ၀မှာ အများသူငှါ မထိကောင်းတဲ့ ဇာတ်နိမ့်တစ်ယောက်ရဲ့ ပထမဆုံး အတွေ့အကြုံပါပဲ”

သူဟာ ၁၉၁၈-ခုနှစ်မှာ ဘောဂဗေဒ ဆစ်ဒန်ဟန်ကောလိပ် (Sydenham college)က နိုင်ငံရေးဘောဂဗေဒဌာနမှာ ပါမောက္ခရာထူးတာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။ သူဟာ ကျောင်းမှာ အတော်အောင်မြင်တဲ့ ပါမောက္ခတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ကျောင်းသားတွေနဲ့လည်း အတော်ကို အဆင်ပြေပါတယ်။ ဒါပေမယ့် အခြားပါမောက္ခတွေက သူတို့ အသုံးပြုတဲ့ သောက်ရေခွက်ကို အသုံးပြုဖို့ ပိတ်ပင်ခဲ့ပါတယ်။ သူဟာ ကိုယ်ပိုင်သောက်ရေခွက်ကိုသာ အသုံးပြုခဲ့ရတယ်။

ဗုဒ္ဓဘာသာသို့ ပြောင်းလာခြင်း

ပညာရှင်တစ်ယောက်အနေနဲ့ သူဟာ ပညာရပ်မျိုးစုံကို လေ့လာတယ်။ ဘာသာပေါင်းစုံနဲ့ ဒဿန(အတွေးအခေါ်)ပေါင်းစုံကို လေ့လာတယ်။ မက်စ်ဝါဒကိုလည်း လေ့လာတယ်။ နောက်ပိုင်းမှာ ဗုဒ္ဓဘာသာ ပိဋကတ်သုံးပုံကိုလည်း လေ့လာဖတ်ရှုတယ်။ သူဟာ မြတ်ဗုဒ္ဓရဲ့ ပိဋကတ်တွေမှာ နက်နက်နဲနဲ စိတ်ဝင်စားသွားခဲ့တယ်။

၁၉၃၅-ခုနှစ်၊ အောက်တိုဘာလ၊ ၁၃-ရက်နေ့မှာ ဒေါက်တာအမ်ဘေဒကာဟာ “ကျွန်တော်ဟာ ဟိန္ဒူတစ်ယောက်အနေနဲ့ မွေးဖွားလာတယ်။ ဒါပေမယ့် ကျွန်တော် ဟိန္ဒူတစ်ယောက်လို သေမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်ရင်ထဲက စွမ်းအားတစ်ခုကြောင့်ပါ”လို့ ပြောကြားရင်း ဟိန္ဒူဘာသာကို စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း လူသိရှင်ကြား ကြေငြာခဲ့ပါတယ်။

ဆစ်ခ်ဘာသာ၊ အစ္စလာဟ်ဘာသာနဲ့ ခရစ်ယာန်ဘာသာတွေက ချက်ချင်းပဲ သူတို့ဘာသာထဲကို ၀င်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒေါက်တာအမ်ဘေဒကာနဲ့ သူ့နောက်လိုက်များစွာကို ငွေကြေးမြောက်မြားစွာနဲ့ ဘ၀အာမခံချက်တွေကို ကမ်းလှမ်းရင်း ဆွဲဆောင်စည်းရုံးကြပါတယ်။ ဘယ်လိုပဲ ကမ်းလှမ်းဆွဲဆောင်ပါစေ၊ ဒေါက်တာအမ်ဘေဒကာနဲ့ သူ့တပည့်တွေဟာ ကမ်းလှမ်းချက်အားလုံးကို လုံးဝငြင်းဆန် ပယ်ချခဲ့ကြပါတယ်။ ဒါဟာ သူတို့ရင်ထဲမှာ ယုံကြည်စွဲမြဲနေတဲ့ ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးကြောင့်ပဲ ဖြစ်ပါတယ်။

ဒေါက်တာအမ်ဘေဒကာရဲ့ ဗုဒ္ဓဘာသာအပေါ် အလွန်တရာ စိတ်ဝင်စားစေခဲ့တယ်လို့ ဆိုနိုင်တဲ့ အချက်တစ်ခုက အောက်ပါစကားရပ်တွေပဲ ဖြစ်ပါတယ်။

“မြတ်ဗုဒ္ဓမှာ အခြားပုဂ္ဂိုလ် (ဘာသာရေးခေါင်းဆောင်)တွေထက် သာလွန်နေတဲ့ ထူးခြားချက်တစ်ခု ရှိပါတယ်။ အဲဒါကတော့ ကိုယ့်ကိုယ်ကိုယ် နှိမ်ချမှု(ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်မှု)ပါပဲ။ ယေရှုခရစ်ဟာ သူ့ကိုယ်သူ ဘုရားသားတော်လို့ အခိုင်အမာ ပြောကြားတယ်။ တမန်တော်မိုဟာမက်ဆိုရင်လည်း သူ့ထက် နည်းနည်းပိုပါတယ်။ သူဟာ ဘုရားသခင်က ကမ္ဘာမြေကြီးပေါ်ကို လွှတ်လိုက်တဲ့ တမန်တော်ဖြစ်ကြောင်း၊ သူဟာ နောက်ဆုံး တမန်တော်တစ်ပါးလည်းဖြစ်ကြောင်း ပြောကြားခဲ့တယ်။ ကရစ်ရှနားကတော့ ယေရှုနဲ့မိုဟာမက်ထက် ပိုကဲပြလိုက်ပါသေးတယ်။ သူက သူ့ကိုယ်သူ ဘုရားအားလုံးရဲ့ဘုရား (ပရမေရွှရ)ဖြစ်တယ်လို့ ဆိုပါတယ်။ မြတ်ဗုဒ္ဓဟာ သူ့ကိုယ်သူ မြင့်မြတ်သူတစ်ယောက်ဖြစ်ကြောင်း၊ ထိုထိုအီအီ (ဘုရားသားတွေ၊ ဘုရားကိုယ်စားလှယ်တွေ၊ တမန်တော်တွေ)တွေဖြစ်ကြောင်း တစ်ခုမှ ပိုင်စိုးပိုင်နင်း မပြောကြားခဲ့ပါဘူး။ သူ(မြတ်ဗုဒ္ဓ)ဟာ လူသားကနေ မွေးလာတယ်၊ လူတစ်ယောက်လို အသက်ရှင်နေထိုင်တယ်၊ သူ့တရားတော်တွေကိုလည်း လူသားတစ်ယောက်အနေနဲ့ပဲ ဟောကြားတယ်။ ယေရှု၊ မိုဟာမက်နဲ့ ကရစ်ရှနားတို့ဟာ သူတို့ကိုယ်သူတို့ ကယ်တင်ရှင်များအနေနဲ့ ကြွေးကြော်ခဲ့ကြတယ်။ မြတ်ဗုဒ္ဓကတော့ သူ့ကိုယ်သူ အသိဉာဏ်ပညာ မျှဝေသူတစ်ဦးအနေနဲ့ပဲ ပြောကြားခဲ့တယ်”

သူ ဘာကြောင့် ဗုဒ္ဓဘာသာကို ရွေးချယ်ခဲ့သလဲဆိုတာကို ခြေရာကောက်ကြည့်ရင် မနုဿဗေဒပညာရပ်ကို သူလေ့လာတဲ့နေရာမှာ တွေ့ရှိလာတဲ့ အချက်တွေကြောင့်လို့ ဆိုနိုင်မယ် ထင်ပါတယ်။ အမ်ဘေဒကာဟာ ထူးခြားပြီးအသိအမှတ်ပြုလိုက်တဲ့ အချက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒါကတော့ အိန္ဒိယမှာရှိတဲ့ အပယ်ခံ (သူတို့လို) မဟာလူမျိုးနွယ် ဇာတ်နိမ့်တွေဟာ ယခင်က ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ခဲ့ကြတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ပထမတော့ သူတို့ဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်လိမ့်မယ်။ နောက်ပိုင်းမှာ ဗုဒ္ဓဘာသာကျင့်စဉ်တွေကို အတင်းအဓမ္မ စွန့်လွှတ်ခိုင်းမယ်။ မစွန့်လွှတ်နိုင်ကြတဲ့အခါကျတော့ သူတို့ကို လူ့အဖွဲ့အစည်းအပြင်ဘက်ကို တွန်းပို့ခဲ့ကြမယ်။ တဖြည်းဖြည်း အပယ်ခံဘ၀နဲ့နေလာရင်း နောက်ပိုင်းမှာ မထိကောင်းတဲ့ ရွံရှာဖွယ်လူမျိုး ဇာတ်နိမ့်တွေအဖြစ် သက်မှတ်ခံခဲ့ကြရတယ်။ သူဟာ ဒီအကြောင်းတွေကို သုတေသနဆန်ဆန် ပြုစုပြီး စာအုပ်ရေးခဲ့တယ်။ စာအုပ်ထဲမှာ သုဒ္ဒ(သူဆင်းရဲမျိုး၊ ဇာတ်နိမ့်)တွေဟာ ဘယ်သူတွေလဲဆိုတာနဲ့ သူတို့ဟာ အများအနှိမ်ခံဘ၀ကို ဘယ်လို ရောက်လာခဲ့ကြသလဲဆိုတာတွေကို သုတေသနပြု ရေးသားထားပါတယ်။

၁၉၅၀-ခုနှစ်မှာ ဒေါက်တာအမ်ဘေဒကာဟာ အိန္ဒိယမှာ ဗုဒ္ဓဘာသာကို ပြန်လည်တည်ထောင်ပြုစုဖို့ ဆုံးဖြတ်ထားကြောင်း လူသိရှင်ကြား ကြေငြာမောင်းခတ်ခဲ့ပါတယ်။ သူဟာ သူ့ပို့ချချက်တွေ၊ ပြုစုရေးသားထားတွေနဲ့ သူ့တပည့်နောက်လိုက်တွေကို ဗုဒ္ဓကျမ်းစာများ ဂရုတစိုက် လေ့လာကြဖို့ သတိပေးညွှန်ကြားပါတယ်။ ဗုဒ္ဓမြတ်စွာရဲ့ ညွှန်ကြားချက်၊ နည်းလမ်းအားဖြင့်သာလျှင် လူမှုရေးသာတူညီမျှမှုကို ရနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

၁၉၅၆-ခုနှစ်၊ မေလ၊ ၁၂-ရက်နေ့၊ လန်ဒန်မြို့၊ ဘီဘီစီအသံလွှင့်ဌာနမှာ “ဗုဒ္ဓဘာသာကို ကျွန်ုပ် ဘာကြောင့် ကြိုက်သလဲ”ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောခဲ့ပါတယ်။ သူ့ဟောပြောချက်ထဲမှာ

“ဗုဒ္ဓဘာသာကို ကျွန်ုပ် ဘာသာအားလုံးထက် ပိုနှစ်သက်တယ်။ ဘာကြောင့်လဲဆိုတော့ အခြားဘယ်ဘာသာကမှ မပေးနိုင်တဲ့ မူသုံးရပ်ကို ပေးနိုင်လို့ပါပဲ။ အခြားဘာသာတွေအားလုံးဟာ ထာဝရဘုရား၊ အနန္တ၀ိဉာဏ်နဲ့ သေပြီးနောက်ဘ၀အခြေအနေသုံးရပ်နဲ့ သူတို့ကိုယ်သူတို့ အနှောက်အယှက်ပေးနေကြပါတယ်။ ဗုဒ္ဓဘာသာက ပညာ(အယူသီးမှုနဲ့ သဘာဝလွန်ယုံကြည်မှုဝါဒနဲ့ လားလားမှမဆိုင်တဲ့ နားလည်သဘောပေါက်မှုပညာ)ကို သင်ပေးတယ်။ သနားကရုဏာတရားကို သင်ပေးတယ်။ လူသားအားလုံးဟာ တန်းတူညီမျှဖြစ်ကြောင်း (လူဟာ လူသာဖြစ်ကြောင်း) ပြောပြတယ်။ ကမ္ဘာမြေပြင်မှာ ဒီသုံးရပ် (ပညာ၊ ကရုဏာနဲ့ တန်းတူညီမျှဖြစ်မှု)သာ ဖြစ်ထွန်းလို့ကတော့ ကောင်းမွန်တဲ့၊ ပျော်ရွှင်တဲ့ဘ၀ကို ရရှိနိုင်ပါတယ်။ လူသားတွေ လိုအပ်နေတာလည်း ဒါပဲ မဟုတ်လား။ ဗုဒ္ဓဘာသာက ကမ်းလှမ်းလာတဲ့ ဒီသုံးရပ်က ကျွန်ုပ်ကို ကြည်နူးစေတယ်။ ကမ္ဘာကြီးကိုလည်း ဖျောင်းဖျပြောဆိုနေပါတယ်။ ဘယ်ထာဝရဘုရား၊ ဘယ်အနန္တ၀ိဉာဏ်တော်ကမှ ဥုံဖွဆိုပြီး ကမ္ဘာကြီးကို လာမကယ်တင်ဘူး”

“ဘာသာတရားလား၊ ဘာသာတရားဆိုတာ လူသားအတွက်ပဲ အသက်ရှင်တည်ရှိနေတာ ဖြစ်ရမယ်။ လူသားဟာ ဘာသာတရားအတွက် တည်ရှိနေတာမျိုး မဖြစ်ရဘူး။ လူမျိုးရေး ခွဲခြားဆက်ဆံမှု၊ အသားအရောင် ခွဲခြားမှု၊ လူအချင်းချင်း (အသိဉာဏ်ပညာ၊ အကျင့်သိက္ခာအားဖြင့် မဟုတ်ဘဲ၊ အမျိုးဇာတ်အားဖြင့်) နိမ့်ကျသူ၊ မြင့်မြတ်သူအဖြစ် ခွဲခြားမှု စတာတွေကို ထိထိရောက်ရောက် ဆန့်ကျင်ဟောပြောခဲ့သူ ဘာသာရေးခေါင်းဆောင်ဆိုတာ တစ်ဦးပဲ ရှိပါတယ်။ အဲဒါကတော့ မြတ်ဗုဒ္ဓပါပဲ”

ပါမောက္ခဒေါက်တာအမ်ဘေဒကာဟာ ၁၉၅၆-ခုနှစ်၊ အောက်တိုဘာလ၊ ၁၄-ရက်နေ့မှာ သူ့ရဲ့တပည့် ၅-သိန်း (၅၀၀၀၀၀)နဲ့အတူ ဗုဒ္ဓဘာသာအဖြစ် ခံယူခဲ့ကြပါတယ်။ လူဦးရေ ထူထပ်များပြားတဲ့ ခေတ်သစ်အိန္ဒိယမှာ သူ့နဲ့တပည့်များစွာ ဗုဒ္ဓဘာသာအဖြစ် ပြောင်းသွားကြတဲ့သတင်းဟာ အကြီးအကျယ် ကျော်ကြားခဲ့ပါတယ်။ ဒါဟာ ခေတ်သစ်အိန္ဒိယမှာ ဗုဒ္ဓတရားတော်တွေကို ပထမဆုံး အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။

ပါမောက္ခဒေါက်တာအမ်ဘေဒကာရဲ့ ထူးကဲမြင့်မြတ်တဲ့ ဦးဆောင်မှုနဲ့အတူ မြတ်ဗုဒ္ဓတရားတော်တွေဟာ အိန္ဒိယမှာ ပြန်လည်အားကောင်းမောင်းသန် ဖြစ်လာခဲ့ပါတယ်။ အပယ်ခံဘ၀ရောက်ခဲ့ရတဲ့ လူသားပေါင်းမြောက်မြားစွာဟာ သူတို့ရဲ့ ပျောက်ဆုံးခဲ့တဲ့ ဂုဏ်သိက္ခာကို ပြန်လည်အဖတ်ဆည်ရင်း အကြီးအကျယ် အောင်မြင်ခဲ့ကြပါတယ်။ နောက်ပိုင်း အိန္ဒိယနိုင်ငံ၊ နိုင်ငံရေးမှာပါ အင်အားကောင်းသော အစုအဖွဲ့ကြီး ဖြစ်လာခဲ့ပါတယ်။

“မြတ်ဗုဒ္ဓနှင့် သူ၏ ဓမ္မ (The Buddha and His Dhamma) ဆိုတဲ့ စာအုပ် အဆုံးသတ်ပြီး သုံးရက်အကြာ (၁၉၅၆-ခုနှစ်၊ ဒီဇင်ဘာလ၊ ၆-ရက်နေ့)မှာ ပါမောက္ခကြီး ဒေါက်တာအမ်ဘေဒကာ ကွယ်လွန်ခဲ့ပါတယ်။ နယူးဒေလီမြို့မှာရှိတဲ့ သူ့အိမ်မှာ အိပ်ပျော်နေရင်း ငြိမ်သက်အေးချမ်းစွာ ကွယ်လွန်သွားခဲ့ခြင်း ဖြစ်ပါတယ်။

ပါမောက္ခဒေါက်တာအမ်ဘေဒကာ၏ နောက်ဆုံးစကား

“ပညာသင်ပါ၊
တက်တက်ကြွကြွ တောင်းဆိုပါ၊
စည်းလုံးပါး၊
မိမိကိုယ်ကိုယ် ယုံကြည်ပါ၊
ငါတို့ဘက်မှာ တရားမျှတမှုဆိုတာ ရှိနေရင်
ရှုံးနိမ့်မယ့်တိုက်ပွဲဆိုတာကို ငါ မမြင်ဘူး၊
(တရားမျှတမှုဆိုတာ ရှိနေတော့)
တိုက်ပွဲဆိုတာ ငါ့အတွက် ပျော်စရာ၊
(တရားမျှတမှု) တိုက်ပွဲထဲမှာ
ငါ့စိတ်ငါ့နှလုံးသားဟာ စူးစိုက်နစ်မြုပ်လို့။
ဒီတိုက်ပွဲဟာ စည်းစိမ်အတွက်လည်း မဟုတ်ပေဘူး၊
အာဏာအတွက်လည်း မဟုတ်ဘူး၊
(တရားမျှတ) လွတ်လပ်ခြင်းအတွက်သက်သက်ရယ်ပါ။
ဒီတိုက်ပွဲဟာ
လူသားရဲ့ ပင်ကိုယ်အရည်အသွေးကို ပြန်လည်ရယူဖို့ အတွက်ပဲ။

Ref:
Voice of Buddhism (A publication of Buddhist Missionary Society, Malaysia)
Dr. Ambedkhar: Back to Buddhism
Unknow author
ဦးကုသလသာမိ (ပျော်ဘွယ်) ထံမှ ကူးယူလာတာဖြစ်ပါတယ်ခင်မျာ။

Read more...

ဒီလိုလေး လုပ်ကြည့်ရင် ကောင်းမလား?

>> Friday, August 19, 2011

မေတ္တာရပ်ခံ ပန်ကြားတောင်းပန်ခြင်း

ဆရာတော် သံဃာတော်တွေ အများဆုံး ရေးကြ ဖတ်ကြတဲ့ ဒီလို မဂ္ဂဇင်းမျိုးမှာ တပည့်တော် လူဝတ်ကြောင်က အူကြောင်ကြောင်နှင့် မဆီမဆိုင် ဆောင်းပါးလာရေးတဲ့အတွက် သည်းခံခွင့်လွှတ်တော်မူပါရန်နှင့် တကယ်လို့ များ အမှားအယွင်းတစ်စုံတရာများရှိခဲ့ပါလျင်လည်း မေတ္တာ ကရုဏာရှေ့ ထားပြီး အမိုက်အမဲအဖြစ် ဗွေမယူဘဲ သည်းငြီးခံတော်မူပါရန် တပည့်တော် ရိုသေစွာ လျှောက်ထားတောင်းပန်အပ်ပါတယ် အရှင်သူမြတ်အပေါင်းတို့ ဘုရား။

နိဒါန်း

၂၀၀၉ ခု။ ဒီဇင်ဘာလထဲမှာ တစ်ရက်တော့ အားအားရှိတာနှင့် မြို့ ထဲက ဘုန်းဘုန်း တစ်ပါးဆီ အလည်သွားရင်း စကားစမြည် ပြောဆိုဖြစ်ခဲ့ပါတယ်။ အဲဒီနေ့ က အကြောင်းအရာ တော်တော်များများကို ဦးဇင်းနှင့် ပြောဖြစ်ခဲ့ကြပြီး Brain Storming တွေလည်း လုပ်ခဲ့ပါတယ်။ ပြောဖြစ်ခဲ့တဲ့ အကြောင်းတွေထဲမှာ ပြည်တွင်းက သံဃာတော်တွေ အရေးလည်း ပါဝင်ခဲ့ပါတယ်။ မြန်မာပြည်မှာရှိနေတဲ့ သံဃာတော်တွေကို ဒီလိုမျိုးလေး လုပ်ကြည့်ကောင်းမလား ဆိုပြီး နှစ်ဦးသား ဆင်ကြံကြံမိခဲ့ကြပါတယ်။

ရေးဖြစ်ဖို့ ဖန်လာခြင်း

ဟိုးတစ်ပတ်က အယ်ချုပ်ကြီး ဓမ္မဂင်္ဂါနှင့် အွန်လိုင်းမှာ တွေ့ တော့ သံဃာတော်တွေရဲ့ ပညာရေးနှင့်ပတ်သတ်ပြီး ကိုယ်တော်က သူပို့ စ်တင်နေတဲ့ နေရဉ္ဖရာမှတ်တမ်းတွေကို သွားဖတ်ကြည့်ဖို့ ပြောပါတယ်။ ဖတ်ကြည့်လိုက်တော့ ကျွန်တော်နှင့် ဒီကဦးဇင်းလေးတို့ ပြောဖြစ်ကြတဲ့အကြောင်းအရာတွေပြန်ပါနေတာကို တွေ့ လိုက်ရပါတယ်။ နောက် မမဝေ (MMWAI) အကြောင်းကိုပါ သိလိုက်ရပါတယ်။ အရင်က ဒီလို မမဝေ လိုအဖွဲ့ အစည်းမျိုး ရှိနေလိမ့်မယ်လို့  မသိထားခဲ့ပါဘူး။ အခု ဖတ်ကြည့်လိုက်တော့မှ တယ်ဟုတ်ပါလားလို့  ချီးကျူးထောမနာ ပီတိဖြစ်ရပါတယ်။

ဒါနဲ့ ဒီအကြောင်းလေးတွေ အားလုံးစပ်ဆက်ပြီး ပို့ စ်တစ်ခုတော့ရေးတင်အုံးမယ်စိတ်ကူးနေတုန်း မမဝေနှစ်ပတ်လည်မဂ္ဂဇင်းအတွက် စာမူတောင်းနေတာတွေ့ လိုက်တော့ ငါလည်း ၀င်နှမ်းဖြူးလိုက်မဟဲ့လို့  အယ်ချုပ်ကိုယ်တော် အားကိုးနှင့် ဒီဆောင်းပါးကို ရေးဖြစ်လိုက်ပါတယ်။

ယတ်လား ပတ်လား

မြန်မာပြည်မှာ သံဃာတော် အရှင်မြတ် လေးသိန်းပတ်ချာလည်လောက် သီတင်းသုံးနေထိုင်တော်မူနေကြတယ်လို့ သိရပါတယ်။ အဲဒီလေးသိန်းသော သံဃာတော်များအားလုံးဟာ မြတ်စွာဘုရားရှင် ချမှတ်ခဲ့တဲ့ သုံးရပ်သော သာသနာတော်ကို မိမိတို့  ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ကြိုးပမ်းအားထုတ်ရွက်ဆောင်တော် မူနေကြပါသလားလို့  တစ်စုံတစ်ယောက်ကမေးလာခဲ့လျင် ကျွန်တော် ဘယ်လိုဖြေသင့်ပါသလဲ။

သံဃာတော်များအနေနှင့် စာသင်စာချတဲ့ ပရိယတ္တိလုပ်ငန်းကို လုပ်ချင်လုပ်၊ သို့ မဟုတ် သံသရာမှ မိမိရော သူတစ်ပါးပါ လွတ်မြောက်ကြောင်းဖြစ်တဲ့ ပဋိပတ္တိကို လုပ်ချင်လုပ်။ ဒီနှစ်မျိုးကို မဖြစ်မနေလုပ်ရမယ်လို့ ဆိုထားသော်လည်း အကြောင်းကြောင်း အဖုံဖုံတွေကြောင့် ဒီနှစ်မျိုးနှင့် ကင်းကွာနေကြတဲ့ သံဃာတော်တွေ ဒီလေးသိန်းသော သံဃာထုထဲမှာများ ရှိမနေနိုင်ဘူးလား။ တကယ်လို့ များ ရှိနေခဲ့ရင် သူတို့ မှာ ဘယ်လိုမျိုး အခက်အခဲ၊ အဆင်မပြေမှုတွေရှိနေလို့ လဲ။ ဘယ်လိုမျိုး အဆင်ပြေသွားအောင် ဒီသံဃာတော်တွေကို ကူညီဖြေရှင်းပေးနိုင်မလဲ။ နောက်ပြီး ပရိယတ် ပဋိပတ်မလုပ်တိုင်းကော ဒီသံဃာတော်တွေကို သာသနာတော်အတွက် လောကအတွက် အချည်းနှီးလို့  ပြောရတော့မလား။

ဒီမေးခွန်းတွေနှင့် စလိုက်ချင်ပါတယ်။

သာသနာ့ဘောင် ၀င်ကြရာဝယ်

သံဃာတော်များ သာသနာ့ဘောင်သို့  ၀င်ရောက်လာကြရာမှာ ကျောထောက်နောက်ခံ Background တွေ မတူညီကြသလို၊ ရည်ရွယ်ချက် ခံယူချက်တွေလည်း မတူညီနိုင်ကြပါဘူး။

ပထမတန်းစား အနေနှင့်ကတော့ သာသနာတော်ကို ကြည်ညိုလို့ ၊ တကယ်ကို သဒ္ဓါတရားထက်သန်အားကောင်းပြီး ၀င်လာကြတဲ့ သံဃာတော်တွေပါ။ ဒီသံဃာတော်များနှင့်ပတ်သတ်ပြီးတော့ အထွေအထူးပြောစရာမရှိပါဘူး။ ဘုန်းကြီးလုပ်ချင်လို့ ကို လုပ်တာဆိုတော့ ဘုန်းကြီးဖြစ်ရင် ဘုန်းကြီးအလုပ်ကို လုပ်ကို လုပ်တော့မှာပါ။

ဒုတိယတစ်မျိုးက အောက်တန်းအဆင့်အနေနှင့် သာသနာတော်မှာ အနေချောင်လို့  (ဒါကသူ့ အထင်ပေါ့) ၀င်လာတဲ့ သံဃာတွေပါ။ သူတို့ ကတော့ ပေါ့ပေါ့ပါးပါးနှင့်ဘဲ နေလို့ ရသလောက် သံဃာ့အဖွဲ့ အစည်းထဲမှာ နေနေကြမယ့် သူတွေပါဘဲ။

နောက်တတိယတစ်မျိုးကတော့ သာသနာထဲမှာနေရတာလည်းပျော်တယ်။ ဒါပေမယ့် ပရိယတ်နှင့်ပဋိပတ်ကို ဒီလောက်ကြီးအားမသန်ဘဲ လူမှုအကျိုးပြုနှင့် ပရဟိတလုပ်ငန်းတွေကို လုပ်ချင်တဲ့ဆန္ဒတွေအထူးပြင်းပြနေကြတဲ့ကိုယ်တော်တွေလည်း ရှိနေပါတယ်။ ဒါပေမယ့်လည်း အကြောင်းမညီညွတ်မှုနှင့် အခွင့်အလမ်းမပေါ်လာမှုတွေကြောင့် စိတ်သွားတိုင်းကိုယ်မပါနိုင်ဘဲ ပရိယတ်လိုလို၊ ပဋိပတ်လိုလိုနှင့် အချိန်ကုန်လွန်အောင် နေနေကြရတဲ့ သံဃာတော်တွေဖြစ်ပါတယ်။

နောက်စတုတ္ထတစ်မျိုးကကျတော့ မိဘနှင့်မိသားစု၊ ဆွေမျိုးအသိုင်းအ၀ိုင်းက စီမံလို့  ဘုမသိဘမသိနှင့် သာသနာတော်ထဲရောက်လာကြတဲ့သံဃာတွေပါ။ ဒီအမျိုးအစား သံဃာတော်တွေကိုတော့ တော်တော်လေးတွေ့ ရတတ်ပါတယ်။ အဲဒီထဲမှာမှ တချို့ လည်း စိတ်ပါသွားပြီး ပထမတန်းစားအုပ်စုထဲ ၀င်သွားကြတာတွေလည်း အများကြီးရှိပါတယ်။ တော်တော်များများကတော့ သာသနာမှာလည်းမပျော်၊ လူလည်းထွက်လို့ မရနှင့် တော်တော်လေး အဆင်မပြေဖြစ်ကြရတဲ့ အုပ်စုပါ။

တချို့ သော သံဃာတော်များဟာ ငယ်ငယ်က မိဘက ချို့ တဲ့နွမ်းပါးတဲ့အတွက် သားသမီးကို ကျောင်းလည်း မထားနိုင်၊ ကျွေးမွေးစောင့်ရှောက်ဖို့ လည်း ခက်တော့ နီးစပ်ရာ ဘုန်းကြီးကျောင်းမှာ ကိုရင်ဝတ်ပေးလိုက်ကြပါတယ်။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် မိမိသားလည်း စာတတ်၊ စားဖို့ သောက်ဖို့  နေဖို့ အတွက်လည်း မစိုးရိမ်ရတော့တဲ့အခြေအနေမျိုးရောက်သွားပါတယ်။ ဒီလိုနှင့် ဒီသားလေးဟာ သာသနာ့ဘောင်မှာ ဘုန်းကြီးစာတွေသင်ရင်း ကိုရင်ဘ၀ကနေ ရဟန်းဘ၀တက်၊ စာမေးပွဲတွေအဆင့်ဆင့်ဖြေရင်း အောင်တာလည်းရှိ၊ မအောင်တာလည်းရှိနှင့် သာသနာ့ဝန်ကို မနိုင်မနင်း ထမ်းရပါတော့တယ်။ ဒါပေမယ့် ရဟန်းရဲ့ စိတ်ထဲမှာတော့ ဖြစ်ချင်တဲ့ ဆန္ဒက တစ်ခုဖြစ်နေမှာပါ။

အိမ်မှာ ကျွန်တော်ငယ်ငယ်က ဆွမ်းခံကြွတဲ့ ကိုယ်တော်လေးက ပြောဖူးတယ်။ ကျွန်တော့်ကို တော်တော်လေးခင်တော့ သူကစိတ်ထဲရှိတာကို ပွင့်ပွင့်လင်းလင်းဘဲပြောတယ်။ တကယ်လို့ များ အခုအချိန်မှာ တစ်နေရာရာက ထီသော်လည်းကောင်း အမွေလိုမျိုးသော်လည်းကောင်း ပစ္စည်းဥစ္စာတော်တော်လေးရခဲ့ရင်တော့ လူထွက်မှာဘဲတဲ့။

တခါက ရန်ကုန်သာသနာ့တက္ကသိုလ်မှာ ကျောင်းတက်နေတဲ့ ရဟန်းတော်တစ်ပါးနှင့် စကားစမြည်ပြောဖြစ်ခဲ့ဖူးတယ်။ အဲဒီကိုယ်တော်က သူ့ သူငယ်ချင်းရဟန်းတစ်ပါး ကျောင်းကိုလာလည်တဲ့ ဂျပန်မနှင့်တွေ့ ကြ၊ ကြိုက်ကြပြီး လူထွက်လို့  အိမ်ထောင်ပြု ဂျပန်လိုက်သွားရတဲ့အကြောင်းကို မြိန်ရည်ရှက်ရည် ပြောပြတာကို နားထောင်ခဲ့ရဖူးပါတယ်။ ဒီပြောနေတဲ့ ရဟန်းရဲ့ စိတ်ထဲမှာ ဘာတွေများတွေးနေမလဲလို့  စဉ်းစားကြည့်မိခဲ့ဖူးပါတယ်။

တလောကလည်း နိုင်ငံခြားမှာ မဟာတန်းတက်နေတဲ့ ရဟန်းတော်တစ်ပါး လူထွက်ချင်လို့  အကြံအိုက်နေတာလေးကို ကြားလိုက်မိပါသေးတယ်။ လူထွက်ပြီး ဘာဆက်လုပ်ရမလဲ၊ ဘယ်လို ရပ်တည်နေထိုင်မလဲ။ ပတ်ဝန်းကျင်နှင့် ဘယ်လို Dealing လုပ်မလဲ။ ဒီမေးခွန်းတွေနှင့် ယောင်ချာစိုင်းရင်းနှင့်ဘဲ သာသနာထဲ တ၀ဲလည်လည်ဖြစ်နေကြတဲ့ သံဃာတော်တွေ ဘယ်လောက်များများ ရှိနေမလဲဆိုတာ သုတေသနလုပ်ချင်စရာ အကြောင်းကိစ္စရပ်တစ်ခုပါ။

Risk မယူရဲတာ ဘာကြောင့်များလဲ

ဘုန်းကြီးအဖြစ်ကနေ အကြောင်းကြောင်းတွေနှင့် လူဝတ်လဲလိုက်ကြပြီဆိုရင် အဓိကရင်ဆိုင်ကြရတာ ပတ်ဝန်ကျင်အသိုင်းအ၀ိုင်းပါ။ ကျွန်တော်တို့ ရဲ့လူ့ အဖွဲ့ အစည်းက လူတွေအများစုရဲ့  mindset မှာလည်း ဘုန်းကြီးလူထွက်ဆိုရင် Look Down နဲနဲလေးလုပ်ချင်ကြသလားလို့ ။ လူ့ အသိုင်းအ၀ိုင်းက ဒီလူထွက်ပုဂ္ဂိုလ်တစ်ယောက်ကို နွေးထွေးတဲ့ဆက်ဆံမှုမျိုးနှင့် လက်ခံဆက်ဆံနိုင်မှုအားနည်းတဲ့အခါ လူထွက်လာရတဲ့သူတွေမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုမျိုး ဖြစ်စရာရှိသွားနိုင်ပါတယ်။ နောက်ပြဿနာက လူဝတ်ကြောင်ဘ၀နှင့် စားဝတ်နေရေးကိစ္စတွေ စတင်ရုန်းကန်ရတော့တဲ့အခါမှာ တစ်သက်လုံးက လူမှုကိစ္စတွေနှင့် ကင်းကွာလာခဲ့တော့ ဘာပဲဖြစ်ဖြစ် အခက်အခဲတွေ၊ အဆင်မပြေမှုတွေကတော့ အထိုက်အလျောက်က ကြုံကိုကြုံကြရမှာဖြစ်ပါတယ်။ ပိုဆိုးတာကတော့ စားဝတ်နေရေးရပ်တည်မှုအတွက် ပညာပိုင်းဆိုင်ရာလိုအပ်မှုတွေ မပြည့်စုံတော့ ဘ၀ရပ်တည်မှုမှာ အခက်အခဲတွေ့ ကြရတော့တာပါ။ အဲဒီထဲမှာမှ လူနည်းစု ရာခိုင်နှုန်းအနည်းငယ်လောက်ကတော့ သူတို့ နှင့်သင့်တော်ဆီလျော်တဲ့ နေရာဌာနမျိုးမှာ အလုပ်ရရှိအဆင်ပြေသွားကြတာမျိုးတော့ ရှိပါတယ်။

ဘာပဲပြောပြော ဒီလူဝတ်ကြောင်ဘ၀ နေထိုင်ရပ်တည်အသက်မွေးရတဲ့ Risk ယူရမှုဟာ နှစ်ပေါင်းများစွာ ဘာသာရေးစာပေလေ့လာဆည်းပူးအားထုတ်မှုတွေနှင့် အချိန်ကုန်လွန်လာခဲ့ကြတဲ့ ရဟန်းတစ်ပါးအတွက်တော့ တော်တော်မလွယ်ကူတဲ့ စွန့် စားမှုတစ်ခုပါဘဲ။


တကယ်လို့ များ

တကယ်လို့ များ သံဃာတော်တွေကို ကိုရင်ဘ၀ထဲမှာကတည်းက ပရိယတ္တိစာပေသင်ယူလေ့လာခြင်းအပြင် လောကီကျောင်းများမှာသင်ကြားနေတဲ့ ဘာသာရပ်တွေထဲက တစ်ချို့ အရေးကြီးတဲ့ ဘာသာများကို အချိန်နည်းနည်း ခွဲပေးပြီး သင်ကြားပို့ ချလိုက်လျင် ဘယ်လိုဖြစ်နိုင်မလဲ တွေးကြည့်မိပါတယ်။ ဥပမာ ကိုရင်ငယ်ဘ၀မှာ သင်္ချာနှင့် အင်္ဂလိပ်စာကို နည်းနည်းစီ သင်ရိုးထဲထည့်ပြီး သင်ပေးလိုက်မယ်ဆိုပါစို့ ။ နောက်အတန်းနဲနဲကြီးလာတဲ့ ကိုရင်ကြီးအရွယ်ကျတော့ ရူပဗေဒအခြေခံ၊ ဓါတုဗေဒအခြေခံ၊ ဇီဝဗေဒ၊ ပထ၀ီဝင်အခြခံ လေးတွေ ထည့်သင်ပေးထားလိုက်မယ်။ ဒီလိုနှင့် နှစ်တိုင်းမှာ အပြင်လောကီစာကို နည်းနည်းချင်းစီ ထည့်ထည့်သင်ပေးလိုက်ခြင်းဖြင့် ဒီကိုရင်ငယ်ဟာ လောကီဘာသာရပ်တွေနှင့် စိမ်းမနေတော့ဘူးပေါ့။ နောက်ပိုင်းအတန်းကြီးလာတာနှင့်အမျှ အဆင့်မြင့်အင်္ဂလိပ်စာတွေ၊ နည်းပညာပိုင်းဆိုင်ရာ ပညာရပ်တွေ၊ စာရင်းအင်းပညာ အခြေခံတွေကိုပါ Minor ဘာသာရပ်တွေအဖြစ်နှင့် လေ့လာခိုင်းမယ်။ နောက်ပိုင်း ပထမကြီးလို၊ ဓမ္မာစရိယလို ကျောင်းသားများအတွက် နိုင်ငံရေး၊ စိတ်ပညာ၊ အတွေးအခေါ်ပညာ၊ စီမံခန့် ခွဲမှုပညာရပ်တွေကို ထည့်သွင်းလေ့လာစေမယ်။

ဒီလိုသာ လုပ်ပေးနိုင်ခဲ့မယ်ဆိုရင် ဒီသံဃာတစ်ပါးအနေနှင့် ကိုရင်ငယ်ဘ၀ကနေ ရဟန်းပျိုဖြစ်လာတဲ့အချိန်တလျှောက်လုံးမှာတင်ကိုဘဲ သူ့ ဖာသာ သူ ချိန်လို့ ရနိုင်တယ်။ သူ ဘယ်ဘက်ကို အားသန်လဲ။ လောကီလား၊ လောကုတ်လား။ လောကီဘက်အားသန်နေတယ်ဆိုရင် အဲဒီအချိန်မှာကတည်းက ကိုယ်စိတ်ဝင်စားတာကို ဖိပြီးလေ့လာထားလို့ ရပါတယ်။

နောက်တစ်မျိုး ဘာကောင်းနိုင်မလဲဆိုတော့ တကယ်သာသနာတော်မှာပျော်ပြီး သာသနာပြုစိတ်ဓါတ်ပြင်းထန်နေတဲ့ သံဃာတော်တွေအတွက်ဆိုရင်လည်း သူ့ အနေနှင့် သာသနာပြုလုပ်ငန်းတွေလုပ်ရာမှာ လက်နက်တွေဖြစ်တဲ့ အင်္ဂလိပ်စာ၊ ကွန်ပျူတာပညာ၊ စိတ်ပညာ၊ အတွေးအခေါ်ပညာ စတဲ့ ပညာရပ်တွေကို ပရိယတ္တိသင်ယူရင်း တခါတည်း လေ့လာပြီးသားဖြစ်သွားနိုင်ပါတယ်

နောက်ပြီး ပရဟိတလုပ်ငန်းတွေလုပ်ချင်ကြတဲ့ သံဃာတွေအတွက်ဆိုရင်လည်း လိုအပ်တဲ့ စီမံခန့် ခွဲမှုပညာ၊ နည်းပညာပိုင်းဆိုင်ရာနှင့် အင်္ဂလိပ်စာတို့ ဟာ သူတို့ လုပ်ချင်တဲ့ လုပ်ငန်းတွေအတွက် အခြေခံအနေနှင့် အထောက်အကူပြုပေးနိုင်ပြန်ပါတယ်။

ထွက်ချင်ထွက်ပေါ့

ဒီတော့ သာသနာ့ဘောင်မှ မပျော်တော့တဲ့ သံဃာတော်များ အတွက် လူ့ အဖွဲ့ အစည်းအတွင်း ၀င်ရောက်ရပ်တည်ရှင်သန်ဖို့ အတွက်လိုအပ်မယ့် အသက်မွေးဝမ်းကျောင်းခြင်းဆိုင်ရာ ပညာရပ်များ၊ ကြိုတင်ပြင်ဆင်မှုများအတွက် Capacity Building သင်တန်းတွေစီစဉ်ပြီး နားလည်တတ်ကျွမ်းတဲ့ ပညာရှင်များက ပို့ ချသင်ကြားပေးမယ်။ လူထွက်ပြီး သင်တန်းကို အရင်မတက်မဖြစ် တက်ကြ။ အချိန် အတိုင်းအတာတစ်ခုတော့ ယူရမှာပေါ့။ ဒီသင်တန်းတွေကပြီးသွားတဲ့ သူတွေကို သက်ဆိုင်ရာ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် ဌာနတွေက အလုပ်နေရာတွေစီစဉ်ပေးမယ်။ ဒါမှမဟုတ် သူတို့ ကိုယ်တိုင် ကိုယ်ပိုင်လုပ်ငန်း လုပ်ချင်ရင်လည်း လုပ်ကြပေါ့။

နောက်ပြီး လူ့ အဖွဲ့ အစည်းက လူတွေကိုလည်း ဘုန်းကြီးလူထွက်ပုဂ္ဂိုလ်များအပေါ် စာနာနားလည်မှုများနှင့် လက်တွဲဖေးမကူဖို့ အတွက် Educate လုပ်ပေးမယ်။ နဲနဲတော့ အချိန်တစ်ခုယူရမှာပေါ့လေ။

လူထွက်ချင်တဲ့ သံဃာတွေအနေနှင့် ဒီလိုသာစီစဉ်ပေးနိုင်ခဲ့ရင် ဘာဘဲပြောပြော သူတို့ တွေ တွေးပူနေတဲ့ ကိစ္စအတော်များများ ပြေလည်သွားမှာတော့ အမှန်ပါဘဲ။ မိမိကိုယ်မိမိ စိတ်ချယုံကြည်မှုအပြည့်အ၀နှင့် လူ့ အဖွဲ့ အစည်းအတွင်းကို ရဲရဲ တိုးဝင်နိုင်သွားမယ်။

ပရ ဘုန်းဘုန်းများ

ပရဟိတလုပ်ငန်းတွေ လုပ်ချင်တဲ့ သံဃာများအတွက်လည်း သူတို့ လုပ်ချင်တဲ့ လုပ်ငန်းနှင့် ပက်သတ်တဲ့ လိုအပ်တဲ့ ကျွမ်းကျင်မှုနှင့် ပညာရပ်ဆိုင်ရာ ဖြည့်ဆည်းပံ့ပိုးမှုတွေကို ဆိုင်ရာလုပ်ငန်းအလိုက် သီးခြားသင်တန်းများ၊ Workshop များ ပြုလုပ်ပေးပြီး နည်းပညာဖြန့် ဖြူးပေးမယ်။ Donor တွေနှင့် ချိတ်ဆက်ပေးမယ်ဆိုရင် ဒီသံဃာများမှာလည်း သူတို့ ရဲ့  ရင်ထဲက Talent တွေကို မြေတောင်မြှောက်ခွင့် ရသွားနိုင်ပါတယ်။

ဘာရှုံးနိုင်လဲ

အဲဒီတော့ ကျွန်တော်တို့ တွေ စဉ်းစားရမှာ သံဃာတော်တွေ သာသနာ့ဘောင်ထဲကနေထွက်တဲ့သူကထွက်၊ သုံးတန်သောသာသနာ့တာဝန်ကို မထမ်းဘဲ လူမှုရေးလုပ်ငန်းတွေ လုပ်တဲ့သူကလုပ်ကြတော့ သာသနာတော်အတွက် ဆုံးရှုံးမှုဖြစ်နိုင်၊ မဖြစ်နိုင် စဉ်းစားကြရပါမယ်။

ဒါဆိုရင် ယခုလက်ရှိအနေအထားအတိုင်းဆိုရင်ကော သာသနာတော်မှာ အကျိုးဖြစ်ထွန်းမှုများနိုင်ပါသလား။ သုံးတန်သော သာသနာကို စိတ်လက်ရွှင်ပျစွာ လိုလိုချင်ချင် ထမ်းဆောင်နေတဲ့ သံဃာအရည်အတွက် နှင့် သာသနာမှာအခြေအနေအရပ်ရပ်တွေကြောင့် မပျော်ပိုက်ဘဲ သာသနာ့ဝန်လည်း မဆောင်ဘဲ နေနေကြတဲ့ သံဃာအရည်အတွက်။ ဒီ နှစ်ခုကို ယှဉ်ထိုးစဉ်းစားကြည့်ကြမယ်ဆိုရင် အဖြေတစ်ခု တော့ ထွက်လာမှာပါ။

ဒီတော့ အရည်အတွက်မှသည် အရည်အချင်းဆီသို့ သွားမှာလား။ ဒါမှမဟုတ် အရည်အချင်းမှသည် အရည်အတွက်ဆီသို့ သွားမှာလား။ ဒါကို ပြန်လည်သုံးသပ်ကြည့်သင့်ပါတယ်။

အောက်ထစ်ဆုံး အနာဂါမ်ဖြစ်ပြီးမှသာ သာသနာတော်မှာ စိတ်ချစွာမြဲနိုင်တယ်။ အောက်အရိယာအဆင့်တွေတောင် သာသနာတော်မှာ အမြဲမပျော်နိုင်ဘူးလို့  ဒီလို တရားစကားမှတ်သားမိတာရှိပါတယ်။ တကယ်လို့ များ သောတာပန် သံဃာတစ်ပါး လူထွက်သွားတာဟာ သာသနာတော်အတွက် ဆုံးရှုံးမှုဖြစ်သွားတယ်လို့ ဆိုနိုင်ပါ့မလား။ သာသနာတော်ကြီး ဆုံးရှုံးမှု အကျိုးဖြစ်ထွန်းအောင်မြင်မှုဟာ ဘယ် Criteria တွေပေါ်မှာ အခြေခံပြီး တွက်ချက်မှာလဲ။

သာသနာကို ခဏထားလို့  နိုင်ငံအတွက်စဉ်းစားကြည့်မယ်ဆိုပါတော့။ နိုင်ငံအတွက် လူသားအရင်းအမြစ်စွမ်းအားထဲက လေးသိန်းကျော်ကို သာသနာတော်အတွက် အသုံးပြုလှူဒါန်းထားတယ်။ တကယ်လို့  အဲဒီလေးသိန်းဆီက သာသနာတော်စည်ပင်ထွန်းကားပြန့် ပွားဖို့ အတွက် လိုအပ်တဲ့လုပ်အား အရင်းအမြစ်ကိုလည်း အပြည့်အ၀မရသလို ဒီဘက်က နိုင်ငံတော်တည်ဆောက်ရေးအတွက်မှာလည်း စွမ်းအားလစ်ဟာမှုဖြစ်သွားမယ်ဆိုရင်..။

တကယ်လို့ သာသနာ့ဘောင်မပျော်တဲ့ရဟန်း လူထွက်ပြီး နိုင်ငံတော်တည်ဆောက်ရေးရဲ့ အခန်းကဏ္ဍထဲမှာ သူနိုင်တဲ့တာဝန်ဝင်ထမ်းပြီဆိုတဲ့အခါကျတော့ သာသနာဘက်မှာလည်း Quality Percentage တက်သွားသလို၊ နိုင်ငံဘက်မှာလည်း HR Percentage အပေါင်းဖြစ်သွားနိုင်ပါတယ်။ ပရဟိတလုပ်ငန်း လုပ်ကြမယ့် သံဃာတော်တွေဆိုရင်လည်း ဒီသဘောအတိုင်းပါဘဲ။ သာသနာဘက်လည်း တန်ဖိုးတက်သလို၊ နိုင်ငံအတွက်လည်း အကျိုးထွက်တယ်လို့ ယူဆလို့ ရနိုင်ပါတယ်။

အဆုံးသပ်

ကျွန်တော် အခုရေးခဲ့တာတွေအားလုံးကတော့ ဒီလိုလုပ်ကြည့်ရင် ကောင်းမလားဆိုပြီး စိတ်ကူးကြည့်ရုံသက်သက်ပါ။ စိတ်ကူးတယ်ဆိုတဲ့အတိုင်း ဖြစ်ချင်တာဘဲ စောင်းပေးထားတာပေါ့။ တကယ့်လက်တွေ့ မှာတော့ လုပ်ကြည့်ရင် လုပ်လို့ ရချင်မှလည်း ရမယ်။ ရရင်လည်း အခုလိုမျိုးလွယ်လွယ်ကူကူချည်းဘဲတော့ ဘယ်ဖြစ်လိမ့်မလဲပေါ့နော်။

ဘာဘဲဖြစ်ဖြစ်ပေါ့။ ကိစ္စတစ်ခုကို မျက်နှာစာတွေအများကြီးရှိတဲ့ထဲက မျက်နှာစာတစ်ဘက်ကနေ မြင်ကြည့်လိုက်တဲ့သဘောပါဘဲ။ တခြားလူတွေကလည်း ဒီကိစ္စကို တခြားအမြင်တွေနှင့် မြင်ကြည့်နိုင်ကြအုံးမှာပါဘဲ။ အားလုံးလွတ်လပ်စွာ မြင်ကြည့်တော် မူကြပါကုန်။

ဒီဆောင်းပါးရေးရင်း The Beatles အဖွဲ့ က John Lennon ရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ Imagine ထဲက သီချင်းစာသားလေးကို သတိရမိပါတယ်။

You may say that I am a dreamer.
But I'm not the only one.
I hope someday you'll join us.
And the world will be as one.

အားလုံး ချမ်းသာသုခနှင့် ပြည့်စုံနိုင်ကြပါစေ။

ဝိမုတ္တိသုခ
တိုကျို၊ ဂျပန်။
၁၅၊ ၁၊ ၂၀၁၀။

(ဤဆောင်းပါးရေးဖြစ်ရန် အတွေးကုန်ကြမ်းများပေးတော်မူသော တိုကျိုမြို့ မှ အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်းတာဝန်ခံဆရာတော် အရှင်ဓမ္မဇောတိ နှင့် ဘုန်းဘုန်းဓမ္မဂင်္ဂါ (အယ်ချုပ်) တို့ အား ကျေးဇူးတင်စွာဖြင့် ရိုသေစွာ ဦးနှိမ်ရှိခိုးကန်တော့လိုက်ပါသည် အရှင်မြတ်တို့ ဘုရား။ )
သဘောကျလို့ ကူးယူတင်ပေးလိုက်တာပါ။

Read more...

About This Blog

Lorem Ipsum

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP