စာပလွေ မောင်းမှာပိုက်ပါလို့

>> Monday, September 19, 2011


အပိုင်း (၂)
ရန်ဝင်း (တောင်တံခါး)
သြဂုတ် ၁၊ ၂၀၁၁

စာပေကျမ်းဂန် ပိဋကတ်တွေ သိုမှီးထားတဲ့ စာတိုက်သေတ္တာနဲ့ စာတိုက်ဘီရိုတွေကို ဘုန်းတော်ကြီးကျောင်းတွေထဲက ဇေတ၀န်ဆောင် ပိဋကတ်တိုက်တွေထဲမှာ သိမ်းရပါတယ်။ ထေရ၀ါဒ ဗုဒ္ဓဘာသာ စည်ပင်ဖွံ့ဖြိုးတိုးတက်ထွန်းကားခဲ့တဲ့ ပုဂံခေတ်တုန်းက ဘုန်းတော်ကြီးကျောင်းတွေ မှာတင်မကပဲ ပိဋကတ်တိုက် သီခြားတည်ဆောက်ပြီး သိမ်းဆည်းရလောက်အောင်အထိ စာပေကျမ်းဂန် ပိဋကတ်တွေ များများစားစား ရှိခဲ့ဖူးတယ်လို့ မှန်းဆရပါတယ်။


ယွန်းပန်းချီရေး စာတိုက်သေတ္တာ

သားရိုးကိုင် ရွှေချ စာတိုက်သေတ္တာ


ပန်းပု ရုပ်လုံးတွေနဲ့ စာတိုက်ဘီရို

ရာစုနှစ်ပေါင်းများစွာ ကြာခဲ့ပြီဆိုတော့ အထဲမှာ သိုမှီးထားတဲ့ စာပေကျမ်းဂန်တွေကို မဆိုထားနဲ့ ကျောက်၊ အုတ်နဲ့ တည်ဆောက်ထားတဲ့ ပိဋကတ် တိုက် အဆောက်အဦးကြီးတွေတောင်မှ မူလ ပကတိအတိုင်းမရှိနိုင်တော့ပြီ။ လုံးဝဥဿုံ ပျောက်ကွယ်သွားခဲ့တဲ့ ပုဂံမြို့ဟောင်း မြကန်အရပ်က ထိလိုင်မင်းကြီး (ကျန်စစ်သား) ကောင်းမှု စက္ကူတိုက်နဲ့ နှောင်းခေတ်တွေရဲ့ လက်ရာအသစ်က ဖုံးလွှမ်းသွားလို့ နာမည်လောက်ပဲ အနိုင်နိုင် ကျန်ခဲ့ တော့တဲ့ ပုဂံမြို့ဟောင်းက အနိရုဒ္ဓမင်းကြီးကောင်းမှု ပိဋကတ်တိုက်တွေက ခေတ်တွေရဲ့ ပြောင်းလဲမှု သရုပ်သကန်ကို သက်သေပြနေကြတယ်။

ထိလိုင်မင်းကြီး (ကျန်းစစ်သား) ကောင်းမှု စက္ကူတိုက်၊ မြကန်၊ ပုဂံမြို့ဟောင်း (၁၉၀၅ ခုနှစ်က နောက်ဆုံးမြင်ကွင်း)


အနိရုဒ္ဓမင်းကြီးကောင်းမှု ပိဋကတ်တိုက်၊ ပုဂံမြို့ဟောင်း

ကန့်ကူဆံနဲ့ရေးတဲ့ ရေးစရာပစ္စည်း နောက်တမျိုးကတော့ သစ်သားသင်ပုန်းဖြစ်ပါတယ်။ ကျောက်သင်ပုန်းနဲ့ ကျောက်တံကို တွင်တွင်ကျယ်ကျယ် မသုံးကြသေးခင်အချိန်အထိ ဘုန်းတော်ကြီးကျောင်းသားတွေမှာ သစ်သားသင်ပုန်းကို အဓိကထားပြီး သုံးခဲ့ကြရတယ်။ ဒီဒူး၊ လက်ပံ၊ ပိန္နဲ စတဲ့ ဘိုင်သား ခေါ် သစ်သားအပွတွေနဲ့ လုပ်လေ့ရှိတဲ့ သစ်သားသင်ပုန်းတွေက ထု ၁ လက်မသာသာ၊ အလျား ၁ တောင်ထွာ၊ အနံ ၁ ထွာလောက်ရှိ ပါတယ်။ အပေါ်ပိုင်းမှာ ကြိုးတပ်ပြီး ချိတ်ဆွဲထားဖို့ အပေါက်တခုပါတဲ့ ‘‘သင်ပုန်းခေါင်း” ပါပါတယ်။ ကိုယ်ရေးမယ့်စာ အနည်းအများပေါ်မှာ မူတည်ပြီး လုပ်ကြတာဆိုတော့ သစ်သားသင်ပုန်းရဲ့အရွယ်အစားက အမျိုးမျိုးပါ။

ပထမဦးဆုံး သစ်သားသင်ပုန်းအသစ်ရဲ့ မျက်နှာနှစ်ဖက်စလုံးကို တတ်နိုင်သမျှ အချောတိုက်ထားတယ်။ အသားပွပွ မရိုးပင်၊ ကနခိုပင်တွေကရတဲ့ မီးသွေး အမှုန့်ကို ထမင်းရည်ပျစ်ပျစ်ဖြစ်ဖြစ်၊ ထမင်းစေ့ပျော့ပျော့တွေနဲ့ဖြစ်ဖြစ် ညက်နေအောင် ကျိတ်နယ်ပြီး တေးထားတဲ့ကော်ကို သစ်သားသင်ပုန်း ပေါ်မှာ အစာတင်တယ်။ နေပူပူမှာလှန်းလို့ သွေ့သွေ့ခြောက်ရင် ကျောက်နဲ့ချောအောင်တိုက်ရတယ်။ နေမပူပဲ မိုးစွေနေတဲ့အခါမျိုးမှာတော့ သင်ပုန်းကို မီးကင်ရပါတယ်။ အဲဒီလိုနဲ့ အစာတင်လိုက်၊ နေပူလှန်းလိုက်၊ ကျောက်တိုင်လိုက် အထပ်ထပ်လုပ်ပြီးတဲ့အခါမှာတော့ စိတ်တိုင်းကျ ချောမွေ့ ပြောင်တင်းနေတဲ့ မျက်နှာပြင်နဲ့ အနက်ရောင် သစ်သားသင်ပုန်းတခု ရပါပြီ။ အဲဒီသစ်သားသင်ပုန်းက ကိုင်ရင်လည်း လက်ကို မပေပါ။

သစ်သားသင်ပုန်း

ကန့်ကူဆံက သဘာဝတွင်းထွက် ပစ္စည်းဆိုတော့ အရွယ်အစားစား၊ အရောင်နဲ့ ပုံစံကလည်းအမျိုးမျိုးပါ။ ကန့်ကူဆံကို သဲနဲ့ ကျောက်ခဲအစ အနတွေမပါအောင် သေသေချာချာရွေးပြီးမှ သတ္တုစွပ်တံမှာဖြစ်စေ၊ ၀ါးတံတခုရဲ့ ထိပ်မှာညှပ်ပြီး ကြိုးနဲ့စည်းလို့ဖြစ်စေ ရေးလို့ရအောင်လုပ်ရတယ်။ ‘‘ကန့်ကူတံ’’ လို့ခေါ်ပါတယ်။

သင်ပုန်းခေါင်းကို ကိုယ်ရဲ့ ဘယ်ဘက်မှာထားပြီး အလျားလိုက် စာရေးရတယ်။ စာလုံးတွေရေးဖို့ စပြီး လေ့ကျင့်ချိန်မှာတော့ ကျောင်းသားရဲ့လက် က မငြိမ်သေးတော့ သင်ပေးတဲ့ဆရာက ကျောင်းသားရဲ့လက်ကိုကိုင်ပြီး စာလုံးတွေရေးတဲ့အခါ ကန့်ကူတံကို ဘယ်လိုလှည့်ရမယ်ဆိုတာ သင်ပြပေးရပါတယ်။ အဲဒီလက်ဦးဆရာကို ကန့်ကူလက်လှည့် ငယ်ဆရာလို့ ခေါ်တာပါပဲ။

‘‘သင်ပုန်း ထန်းရွက်
ပေထက်စီကာ

ရေးသောခါလည်း

အက္ခရာကို

သေချာလှစေ
စာလုံးကိုလည်း လှလှစေ’’

တိတေလာက ဆုံးမစာ
ရှင်မဟာသီလ၀ံသ
(မြန်မာသက္ကရာဇ် ၈၁၅ - ၈၈၀)


ကန့်ကူလက်လှည့် ငယ်ဆရာဘုန်းတော်ကြီးနှင့် သင်ပုန်းကိုယ်စီနှင့် စာသင်သားများ

စာဝါတက်ချိန်ကိုရောက်ရင် ဘုန်းတော်ကြီးရှေ့မှာ စာအံရ၊ စာပြန်ကြရတယ်။ စာကျေရင် ဆက်ပြီး စာတက်ရမယ်။ မကျေညက်သေးရင်တော့ အရင်နေ့ကစာကို ပြန်ပြီး စာအံကြရပြန်တယ်။

ကိုယ်တိုင်ကူးရေးတဲ့ ‘‘ရေး သင်ပုန်း’’ က စာကိုဖြစ်စေ၊ “ဆို သင်ပုန်း’’ မှာ ဆရာက အသင့်ရေးပေးထားတာကို ကျက်မှတ် စာအံရတာဖြစ်စေ၊ တနေ့တာ စာဝါလိုက်ပြီးလို့ စာကျေပြီဆိုတဲ့အခါ နောက်တနေ့ စာရေးဖို့အတွက် သစ်သားသင်ပုန်းပေါ်က စာတွေကို ဖျက်ပစ်ပြီး သင်ပုန်းချေရတယ်။ ထမင်းရည်နဲ့ မီးသွေးမှုန့် တေထားတာကို သင်ပုန်းပေါ်မှာ သုတ်လိုက်၊ နေပူလှန်းလိုက်၊ ကျောက်နဲ့ အချောတိုက်လိုက်နဲ့ သင်ပုန်းချေပြီးတဲ့အခါ အရင်တုန်းက ရေးခဲ့သမျှ စာဟောင်းတွေ လုံးဝပျောက်ကွယ်သွားပြီး မျက်နှာပြင် အသစ်တခုဖြစ်လာတာပါပဲ။ ဒီကနေ့ ပြောဆို သုံးစွဲနေကြတဲ့ ‘‘သင်ပုန်းချေတယ်’’ ဆိုတဲ့စကားရဲ့ အရင်းအမြစ်ဖြစ်ပါတယ်။

ဘယ်စာ ဘယ်နှစ်ဝါ မောင်သင်မတုန်း

ရှေးခေတ်အခါက အိမ်ကနေပြီး ကျောင်းတက်တဲ့ နေ့ကျောင်းသားမျိုးက ရှားပါးပါတယ်။ ကိုရင်၊ ဦးပဉ္စင်းတွေလိုပဲ စာသင်သား၊ ကျောင်းသားတွေ က ဘုန်းတော်ကြီးကျောင်းတွေမှာ နေထိုင်ကြပြီး စာသင်ကြတယ်။ ဆွမ်းခံချိန်မှာ သံဃာတော်တွေ စီတန်းလို့ ရပ်ထဲရွာထဲကို ဆွမ်းခံကြွကြတဲ့အခါ ကျောင်းသားတွေက ဆွမ်းတော်ဗျို့လို့ ဟစ်ကြရပေလိမ့်မယ်။

ဆွမ်းတော်ဗျို့

ရှင်ပြုပြီးတဲ့အခါ ငယ်ရွယ်သူတွေက ‘‘မောင်ရင်’’၊ ရွယ်တူတွေက ‘‘ကိုရင်’’၊ ကြီးသူတွေက ‘‘ဦးရင်’’ ရယ်လို့ ဖြစ်သွားကြပြီ။ အဲဒီအခါ အိမ်မှာမနေရတော့ ပဲ ဘုန်းတော်ကြီးကျောင်းကို သွားနေရပြီ။ ဦးပဉ္စင်းတွေနဲ့အတူ မောင်ရင်၊ ကိုရင်၊ ဦးရင်တို့လည်း သပိတ်ကိုပိုက်လို့ ကျောင်းကိုလိုက်ကြရပေမယ်။

သပိတ်ကိုပိုက် ကျောင်းကိုလိုက်

ဘုန်းတော်ကြီးကျောင်းဆိုတာ ကျောင်းသစ်၊ တိုက်သစ်၊ ကျောင်းဟောင်း၊ တိုက်ဟောင်း အမျိုးမျိုးရှိလေတော့ တခါတလေလည်း ကျောင်းကြီးက အို၊ ကျောင်းလက်ရန်းတွေကပြို၊ ကျောင်းခေါင်မိုးကလည်း မလုံလေတော့ မိုးတွေက တခြိမ့်ခြိမ့်နဲ့ စွေ့ပြီးရွာလာရင် မိုးရေးရွှဲရွှဲစုတဲ့အတိုင်းပဲ နေကြ ရပြန်တယ်။

‘‘လက်ရန်းငယ်ပြို
ရှင်လူပျိုးတည်းကတည်းက

ကျောင်း စိုလို့ရွှဲ”

ဗျောညွှန့်


လက်ရန်းငယ်ပြို ကျောင်းကြီးကအို

ရည်းစားအရာ မရောက်တရောက်မှာ ခွဲထားခဲ့ရတဲ့ မမလေးအတွက် သံယောဇဉ်တွေ တလှေကြီးနဲ့ နောက်ဆံတင်းနေမိသူ ပုထုဇဉ် ဦးရင်အဖို့မှာ တော့ ကျောင်းဆီကိုသွားရာလမ်းတလျှောက်လုံး လွမ်းစရာတွေချည်းပဲ ဖြစ်နေပေလိမ့်မည်။

အရှေ့ဆီကိုလျှောက်ပါလို့ အနောက်ကိုတဲ့ ပြန်ပြီး ရှုမျှော်လိုက်ရင်လည်း ဟိုးအဝေးအရပ် ရွာဦးဆီမှာ တံခွန်တိုင်တွေက တံခွန်လုံးတွေ၊ ကုက္ကားတွေ လေထဲမှာ တလွင့်လွင့်နဲ့ ဘုရားအဆူဆူကို လွမ်းမောစရာ မြင်ရပေလိမ့်မယ်။


အရှေ့ကိုလျှောက်ပါလို့ အနောက်ကိုတဲ့ မျှော်လိုက်ရင်

သားကိုရင်ကြီးကို ဆရာတော်ကျောင်းထိပ်အထိ လိုက်ပု့ပြီးတော့ ရွာအ၀င်လမ်း ဆီ ပြန်သွားလေ တဲ့ မွေးသ မိခင်က မျှော်လင့်တကြီးနဲ့ ဘယ်စာ ဘယ်နှစ်ဝါ မောင်သင်မတုန်းရယ်လို့ မှတ်မှတ်ရရ သတိပေး လို့ မေးခဲ့သေးတယ်။

မမလေးတို့ ပျို့ဦးရင် ခမျာမှာတော့ မွေးသမိခင် အမြတ်တနိုးပေးလိုက်ရှာတဲ့ စာပလွေကို လက်မောင်းမှာ ကျပ်ကျပ်ပိုက်ပြီး သာတောင်းသာယာရှိလှတဲ့ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း လှမ်းဝင်ခဲ့ရရှာလေပြီ။

အ၀င်မှာ သာပေတောင်း ဗောဓိရွှေကျောင်း

“မြို့လယ်က မဏ္ဍပ်
အရပ်မှာတဲ့ ကုသိုလ်
ကျောင်းကြီးရယ်အို။

လက်ရန်းငယ်ပြို
ရှင်လူပျိုတည်း ကတည်းက
ကျောင်းစိုလို့ရွှဲ။

အရှေ့ကိုလျှောက်ပါလို့
အနောက်ကယ်တဲ့ မျှော်လိုက်ရင်
တံခွန်တိုင် ရွှေကုက္ကားနဲ့ ဘုရားကိုမြင်။

စာပလွေမောင်းမှာ ပိုက်ပါလို့
ကျောင်းတော်ကိုတဲ့ လိုက်မယ့်ပြင်
ဘယ်စာ ဘယ်နှစ်ပါ မောင်သင်မတုန်း
မေလေးကို သံချိုနှောလို့ ပြောခဲ့ပါဦး။

မမလေးတို့ ပျို့ဦးရင်
အ၀င်မှာ သာပေတောင်း
ဗောဓိရွှေကျောင်း’’

ဗျောညွှန့်၊ ကျေးလက်တေး
အမည်မသိ ရှေးစာဆို

အထူးကျေးဇူးတင်စွာနဲ့ ကိုးကားခြင်း

  • ၁။ မြန်မာ့ရိုးရာ ကျေးလက် မြန်မာမှုဓလေ့များ၊ အတွဲ - ၁၊ ဆင်ဖြူကျွန်းအောင်သိန်း၊ ဒီဇင်ဘာ၊ ၂၀၀၉။
  • ၂။ သမိုင်းတံခွန်ဂျာနယ်၊ အတွဲ - ၂၊ မြန်မာနိုင်ငံ သမိုင်းကော်မရှင်၊ ၁၉၆၀
  • ၃။ Pictorial Guide to Pagan: 1971
  • ၄။ ဗျောညွှန့်၊ ကျေးလက်တေး အသံဖိုင်၊ သီဆိုသူ - ရွာစားကြီး စိန်ဗေဒါ
  • ၅။ ဗျောညွှန့်၊ ကျေးလက်တေး အသံဖိုင်၊ သီဆိုသူ - တယော ဦးတင်ရီ
  • ၆။ ဘုန်းကြီးကျောင်း၊ ဘုရားစေတီ၊ ပေစာ ဓာတ်ပုံများ၊ အင်တာနက်

မိုးမခမှ ကူးယူလာပါတယ်ခင်မျာ

Read more...

စာပလွေ မောင်းမှာပိုက်ပါလို့

>> Friday, September 9, 2011


အပိုင်း (၁)
ရန်ဝင်း (တောင်တံခါး)
ဇူလိုင် ၂၉၊ ၂၀၁၁

‘စာပလွေမောင်းမှာ ပိုက်ပါလို့
ကျောင်းတော်ကိုတဲ့ လိုက်မယ့်ပြင်

ဘယ်စာ ဘယ်နှစ်ဝါ မောင်သင်မတုန်း


ဗျောညွှန့်၊ ကျေးလက်တေး

အမည်မသိ ရှေးစာဆို


မြန်မာ့ရိုးရာ ပေစာထုပ်ရဲ့အပေါ်ဆုံးက ရစ်ပတ်ပြီးထုပ်ပိုးထားတဲ့ ယင်းလိပ်လိုအ၀တ်ကို စစာပလွေလို့ခေါ်ပါတယ်။ ကပလွေ။ ကမ္ပလွေ လို့ လည်းခေါ်ပါတယ်။ ၀ါးတုတ်ချောင်းကလေးတွေကို ‘အတိုင်’ အနေနဲ့ထားပြီး အရောင်အမျိုးမျိုးဆိုးထားတဲ့ ၀ါချည်ကို ‘အဖေါက်’ အဖြစ် ရောစပ် ယက်လုပ်ထားတဲ့ပစ္စည်းပါ။


 စာပလွေ

ယက်လုပ်တဲ့ ပညာရှင်ရဲ့ စိတ်တိုင်းကျ နှစ်သက်သလို ပုံစံတွေဖေါ်ထားတော့ စာပလွေတွေမှာ တခုနဲ့တခု လုံးဝဥဿုံ ဆင်တူတာမျိုးကို တွေ့နိုင်ဖို့ မလွယ်ကူပါ။ တချို့စာပလွေတွေကတော့ ယင်းလိပ်အကြမ်းထည်အပေါ်မှာ အ၀တ်စကိုကပ်ပြီး ချုပ်ထားပါတယ်။
စာဝါတက်ဖို့ သွားကြတဲ့အခါမှာ ကျောင်းသား၊ ဦးပဉ္စင်းတွေက စာပလွေနဲ့ထုပ်ထားတဲ့ သဒ္ဒါ၊ သဂြိုဟ်၊ ဆန်း၊ အလင်္ကာ၊ အဘိဓာန်၊ ယမိုက်၊ ပဌာန်း စတဲ့ ပေစာထုတ်ကျမ်းတွေကို ပွေ့ပိုက်လို့ ယူသွားကြရတယ်။ ကိုယ်နဲ့သက်ဆိုင်တဲ့ စာပလွေကို တရိုတသေ၊ မြတ်မြတ်နိုးနိုးနဲ့ ရင်ခွင် မှာ ပိုက်တဲ့သူကပိုက်၊ လက်မောင်းမှာ ပိုက်တဲ့သူကပိုက်ပြီး စာသင်ခန်းဆီကို ယူသွားကြတယ်။ ကျေးလက်တေးတွေမှာ စာပလွေရင်မှာပိုက်ပါလို့၊ စာပလွေ မောင်းမှာပိုက်ပါလို့၊ စာပလွေ မောင်မှာပိုက်ပါလို့ စသည်ဖြင့် သီဆိုကြတဲ့ မူကွဲတွေလည်း ရှိပါတယ်။

စာချဆရာတော် ဘုန်းတော်ကြီးကို အရင်ဆုံးဦးချ ၀တ်ဖြည့်ပြီးရင် ကိုယ်ယူလာတဲ့ပေစာထုတ်ကိုပါ ဆရာတဆူအနေနဲ့ မှတ်ယူပြီး ဦးချ ကန်တော့ကြပါတယ်။ ပြီးတော့မှ စာပြန်ဖို့၊ စာဝါတက်ဖို့အတွက် ပေစာကိုထုပ်ထားတဲ့ စာပလွေကို ဖြည်ပြီး ရှေ့မှာခင်းပါတယ်။ ရှေးမြန်မာ ၁၂ ရာသီပွဲစဉ်အရ နယုန်လမှာ စာပြန်ပွဲတွေ ကျင်းပကြတာမို့ စာပလွေခင်းတယ်လို့ အမှတ်အသားထားခဲ့ပါတယ်။


‘‘သင်္ကြန် တာကူး
နှစ်ဦး ညောင်ရေ
စာပလွေခင်း
ပဉ္စင်းတော်ခံ
စာရေးတံနှင့်’’

သာဓိနုပျို့ လက်ဝဲသုန္ဒရ
(မြန်မာသက္ကရာဇာ် ၁၀၈၅ - ၁၁၆၀)

စာပလွေကိုဖြည်လိုက်တဲ့အခါ ပေစာကြိုးနဲ့ ရစ်ပတ်စည်းနှောင်ထားတဲ့ ပေစာထုတ်ကိုတွေ့ရပါမယ်။ အဲ့ဒီပေစာကြိုးက ရောင်စုံချည်နဲ့ ဂျပ်ခုပ်ယက်ထားတဲ့ ဗြက်တလက် မလောက် အ၀တ်ကြိုးပြားပါ။ အစွန်းတဖက်မှာ ကွင်းလျောတခုကို တပါတည်း ယက်ထားပါသေးတယ်။ ပေစာကျမ်းရဲ့ နာမည်၊ လှူဒါန်းထားတဲ့ ကုသိုလ်ရှင်နဲ့ ဆုတောင်းစာေ တွကို အင်မတန်မှ လက်ရာမြောက်အောင် ယက်လုပ်ထားပါတယ်။


ပေစာထုပ်ကြီးနဲ့ စည်းထားတဲ့ ကြိုးပြား
ပေစာထုပ်ရဲ့ အပေါ်ဆုံးနဲ့ အောက်ဆုံးမှာ သစ်သားပြားတချပ်စီနဲ့ ညှပ်ထားပါတယ်။ အဲဒီသစ်သားပြားတွေကို ‘ကျမ်း’၊ တချို့ကလည်း ‘ကျမ်းဖုံး’ လို့ခေါ်ပါတယ်။

ပေစာထုပ်၊ ကျမ်းဖုံးနှစ်ချပ်နဲ့ စည်းထားတဲ့ ကွင်းလျောပါ ကြိုးပြား

အဲ့ဒီစည်းထားတဲ့ ကြိုးပြားကိုဖြည်ပြီး သစ်သားပြား ကျမ်းဖုံးနှစ်ချပ်ကို ဖယ်လိုက်ရင် အထပ်လိုက်စီထားတဲ့ ‘စာပလ္လင်’ ပေစာချပ်တွေကို တွေ့ရ မယ်။ ပေစာလို့ခေါ်တဲ့အ တိုင်း ပေပင်ရဲ့ ထိပ်ဆုံး ပေဖူးကရတဲ့ပေရွက်နဲ့ ပေစာချပ်တွေကိုလုပ်ပါတယ်။ ဒါကြောင့်ပဲ တချို့က ‘ပေဖူးလွှာ’ လို့ ခေါ်ကြတာပါ။ ထန်းရွက်နဲ့လည်း လုပ်နိုင်ပါတယ်။ ဒါပေမယ့် ပေရွက်က ထန်းရွက်ထက် အရွယ်ပိုကြီးတာရယ်၊ ပိုပြီး အသားထူတာရယ်ကြောင့် စာရေးဖို့အတွက် ပိုကောင်းပါတယ်။ ထန်းရွက်ကိုတော့ အထပ်ထပ် ချည်ကြိုးနဲ့ချုပ်ပြီး မြန်မာ့ရိုးရာ ဇာတာနဲ့ ရက်ချုပ်တွေလုပ်ရာမှာ အဓိကသုံးပါတယ်။


ပေစာနဲ့ ပလ္လင်ပေါက်

ပေလွှာချပ်တွေရဲ့ အဖျားနှစ်ဖက်စီက သုံးပုံတပုံအကွာအဝေးမှာ ‘ပလ္လင်ပေါက်’ လို့ခေါ်တဲ့ အပေါက်ငယ်နှစ်ခုစီပါပါတယ်။ အောက်ခံကျမ်းဖုံး သစ်သားပြားမှ ‘ပလ္လင်တိုင်’ လို့ခေါ်တဲ့ ၀ါးတိုင်ငုတ်ကလေးနှစ်ခုရှိတယ်။ စာရေးပြီးတဲ့ ပေစာချပ်တွေရဲ့ ‘ပလ္လင်ပေါက်’ တွေကို အဲဒီ ‘ပလ္လင်တိုင်’ တွေမှာ စွပ်လိုက်တဲ့အခါ အစီအစဉ်မပျက် ထိန်းသိမ်းပြီးဖြစ်ပါတယ်။

စာလုံးတွေ ရေးမထားတဲ့ ပေချပ်အလွတ်တွေကို အပေါ်ဆုံးနဲ့အောက်ဆုံးမှာ ခံထားပါသေးတယ်။ အဲဒါကို ‘ပလ္လင်ခံ’ တယ်လို့ ခေါ်တာပါပဲ။ ပြီးတော့မှ နိဒါန်းရေးထားတဲ့ ‘ပလ္လင်ချပ်’၊ အဲဒီအောက်က အဓိကကျမ်းစာ ‘စာပလ္လင်’၊ ပြီးတော့ နိဂုံး ‘ပလ္လင်ချပ်’၊ အောက်ဆုံးမှာမှ ပလ္လင်ခံပေချပ်အလွတ်တွေကို ထပ်ပြီးထည့်ရတယ်။ တချို့ပေစာထုပ်ကြီးတွေမှတော့ ချည်ကျစ်ကြိုးတချောင်းစီကို ပလ္လင်ပေါက် တွေမှာသွင်းပြီး ချည်ထားတတ်ပါတယ်။


ပေစာထုပ်နဲ့ သီတဲ့ကြိုး
ပေစာတွေမှာ ၀မ်းဖမ်း၊ ကျော်ဖက်မျက်နှာနှစ်ဖက်စလုံး စာရေးထားပါတယ်။ ပေစာ တမျက်နှာမှာ စာကြောင်းရေ (၇) ကြောင်းကနေ (၁၂) ကြောင်းထိ ရှိတတ်တယ်။ ‘၇ ကြောင်းပေ’၊ ‘၉ ကြောင်းပေ’ စသဖြင့် ခေါ်ပါတယ်။ ရေးပြီးပေစာ ၁၂ ရွက်၊ ၂၄ မျက်နှာကို ၁ အင်္ဂါ လို့ခေါ်ပါတယ်။ အဲဒီ စာမျက်နှာတွေကို အမှတ်စဉ် မှတ်ရာမှာ ၁၊ ၂၊ ၃၊ ၄ လို့ မရေးထိုးပဲ ‘က၊ ကာ၊ ကိ၊ ကီ၊ ကု၊ ကူ၊ ကေ၊ ကဲ၊ ကော့၊ ကော်၊ ကံ၊ ကား’ အစဉ်အတိုင်း ရေးထိုးလေ့ရှိပါတယ်။ ‘က’ ပြီးရင် ‘ခ’ ကို အဲဒီလိုပဲ ဆက်ထိုးပါတယ်။ ‘အ’ ကနေ ‘အား’ ကို ရောက်တဲ့အထိ စာမပြီးသေးရင်လည်း ‘ကျ၊ ကျာ၊ ကျား’ လို့ ဆက်မှတ်ရပါတယ်။


စာလုံးတွေကိုဖတ်ရတာ မှေးမှိန်နေရင်လည်း ရေနံကြီးသုတ်ထားတဲ့ အ၀တ်နဲ့ ညင်ညင်သာသာတို့ကာ သုတ်ကာ ဖတ်ရပါတယ်။ ဖတ်ပြီးတဲ့ ပေစာတချပ်ချင်းစီကို ၀မ်းဖက်က အောက်မှာထားလို့ မှောက်လျက် ထပ်ထားရပါတယ်။ အဲဒါမှ ပေစာကို ပြန်သိမ်းလိုက်တဲ့အခါ မူလ အစီ အစဉ်အတိုင်းပဲ ဖြစ်ပါမယ်။

အသားသေအောင် ပြုပြင်ထားတဲ့ ပေရွက်ကို ‘စာစဉ်ခုံ’ ပေါ်မှာတင်ပြီး သတ္တုတမျိုးမျိုးနဲ့ လုပ်ထားတဲ့ ‘ကညစ်’ နဲ့ စာလုံးတွေရေးတဲ့အခါ ပေရွက်ရဲ့အသားကို ကွဲပြဲ မထိခိုက်အောင် စာလုံးဝိုင်းတွေကိုပဲ ရေးပါတယ်။ အလှဆင်ထားတဲ့ ကညစ်ပုံစံအမျိုးမျိုးရှိကြပေမယ့် ၁ လက်မ ရဲ့ ၈ ပုံ ၁ ပုံလောက် အလုံး၊ ၆ လက်မလောက် အရှည်နဲ့ အဖျားနှစ်ဖက်ချွန်၊ အလယ်က ၀မ်းပူပူ ခပ်ရိုးရိုး သံချောင်ကညစ်ကို သုံးကြတာ များပါတယ်။ နွားရဲ့ နားအတွင်းက အမွှေးနဲ့လုပ်ထားတဲ့ စုတ်တံကို သုံးပြီး မင်နဲ့ရေးထားတဲ့ ပေစာတွေမှာတော့ မန်ကျည်းစေ့ပုံ စာလုံးတွေကို တွေ့နိုင်ပါတယ်။ ကမ္မ၀ါစာမှာပါတဲ့ စာလုံးမျိုးတွေပါ။


က ကညစ် ပေမှာခြစ်
ရှေးခေတ် မြန်မာ့ရိုးရာ စာပေကျမ်းဂန်တွေကို ရေးသားမှတ်တမ်းတင်စရာ ပစ္စည်းတမျိုးကတော့ ပုရပိုက်ဖြစ်ပါတယ်။ ပုရပိုက်ဆိုတာ ကောက်ရိုးနဲ့လျှော်ပင်တွေကို အခြေခံပြီးလုပ်ထားတဲ့ ရိုးရာလက်ဖြစ် စက္ကူအထူ စာအုပ်မျိုးပါ။ ‘သာလဲ’ လို့ခေါ်တဲ့ လျှော်ပင်တမျိုးကို လုပ်တဲ့ ပုရပိုက်က အဖြူရောင်ဖြစ်ပါတယ်။ ကောက်ရိုးကို လုပ်ရင်တော့ ပုရပိုက်အညိုကို ရပါတယ်။ အဲဒီပုရပိုက်အညိုကု မင်ဆိုးပြီး အမည်းရောင်လုပ်ယူပါတယ်။ ပုရပိုက်အဖြူရောင်အပေါ်မှာ မင်နဲ့ရေးပြီး၊ ပုရပိုက်အမည်းရောင်အပေါ်မှာတော့ ကန့်ကူဆံနဲ့ ရေးပါတယ်။

‘ပုရပိုက်တဆူ
ကန့်ကူ တစ်တံနှင့်
ရကန် နောက်ပေါ်
မနော် ကာရန်’

မွေ့နွန်းရကန်
ရွှေတောင် နန္ဒသူ
(မြန်မာသက္ကရာဇ် ၁၁၀၀-၁၁၅၀)

မင်ရေး ပုရပိုက်

Linkပုရပိုက်အဖုံး

ပုရပိုက်တွေ၊ ပေစာထုပ်တွေကို စာတိုက်သေတ္တာနဲ့ စာတိုက်ဘီရိုတွေမှာ သိမ်းထားလေ့ရှိပါတယ်။ စာတိုက်သေတ္တာတွေကို အများအားဖြင့် သစ်စီးသုတ် ယွန်းပစ္စည်းသစ်သား သေတ္တတွေပါ။ စာတိုက်သေတ္တာတွေအပေါ်မှာ ယွန်းပန်းချီရေး၊ ရွှေဇ၀ါရေး၊ ရွှေပိန်းချ သာရိုးကိုင် ရုပ်ကြွ နိပါတ်တော်တွေ ပါလေ့ရှိပါတယ်။ စာတိုက်ဘီရိုတွေကတော့ ပန်းပုလက်ရာတွေနဲ့ အသေးစိတ် ထုလုပ်ထားတဲ့ သစ်သားဘီရိုကြီးတွေပါ။

‘ပိဋကတ် နိကာယ်
ကိုးကွယ်ရေးသား သွင်းထားရန်
စာတိုက်နှင့်တကွ’

မောင်အိ ဘုန်းကြီးပင့် မေတ္တာစာ
စလေဦးပုည
(မြန်မာသက္ကရာဇ် ၁၁၇၄ -၁၂၂၉)

မင်းတုန်းမင်းကြီး ရတနာပုံ မန္တလေးမြို့သစ်တည်တုန်းက စာတိုက်သေတ္တာနဲ့ စာတိုက်ဘီရိုတွေ လုပ်ကိုင်တဲ့ပညာရှင်တွေအတွက် စာတိုက် တန်းရပ်ဆိုပြီး ရပ်ကွက်နေရာချထားပေးခဲ့တော့ ဒီကနေ့အထိ ပရိဘောဂတွေ လုပ်နေဆဲ အဲဒီနာမည်နဲ့ ရပ်ကွက်တခု မန္တလေးမြို့မှာ ရှိနေပါသေးတယ်။

မိုးမခမှကူးယူဖော်ပြပါတယ်ခင်မျာ။

Read more...

အမျှ ဘာကြောင့်ယူရတယ်


အရှင်ဉာဏိကာဘိဝံသ
စက်တင်ဘာ ၈၊ ၂၀၁၁

ရွာဦးကျောင်းက ခေါင်းလောင်းသံ၊

ဒိုးဒိုးဒေါင်ဒေါင်ညံ။
ခေါင်းလောင်းသံ ငါတို့ကြား၊

အမျှယူစို့လား။
အမျှဘာကြောင့် ယူရတယ်/

ကုသိုလ်ရဖို့ကွယ်။
ကုသိုလ်သည် ဘယ်မှာလဲ၊

ခေါင်းလောင်းထိုးနေဆဲ။

အလွန်တရာလေးနက်တဲ့ပဋ္ဌာန်း စတဲ့အဘိဓမ္မာကျမ်းတွေ၊ နိကာယ်အရပ်ရပ်တွေကို ပို့ချသင်ကြားနေတဲ့ ရတနာ့ဂုဏ်ရည် ဓမ္မစာပေသင် တန်းရဲ့သုံးနှစ်ပတ် လည်အဖြစ်ကျင်းပတဲ့ပွဲမျိုးမှာ သြဝါဒစကားမိန့်ကြားဖို့ လျှောက်ထားတယ်ဆိုပါမှ ဘာဖြစ်လို့ခုလို မူလတန်းကလေးတွေ အတွက်ပြဌာန်းထားတဲ့ မူလတန်းဖတ်စာထဲက ကဗျာတစ်ပုဒ်ကို လာရွတ်နေရတာလဲလို့ တွေးကောင်းတွေးမိလိုက်လေမလားပါ။ နောက်ပြီး ဒို့ကိုများ မူလတန်းအရွယ် သူငယ်နှပ်စား ထင်ပြီး စော်ကားမော် ကားလုပ်လေသလားလို့ တွေးကောင်းလည်းတွေးလေမလားပါ။ ဟုတ်တယ်။ ဒီကဗျာလေးကို ဦးဇင်းတို့ငယ်ငယ် တတိယတန်းလား။ စတုတုတ္ထတန်း လားတော့ တိတိကျ ကျမမှတ်မိတော့ဘူး။ မြန်မာဖတ်စာစာအုပ်ထဲ မှာ ဖတ်ခဲ့ရတယ်။

ဒီကဗျာလေးထဲကပဲ စာပိုဒ်တစ်ပိုဒ်ကိုယူပြီး ဟိုတနေ့ကပဲ “ခေါင်းလောင်းသံ ငါတို့ကြား” ဆိုတဲ့ ခေါင်းစဉ်နဲ့ စာတစ်ပုဒ် ရေးဖြစ်လိုက်သေးတယ်။ ဒီထဲကတချို့ကတော့ ဖတ်ပြီးကောင်းဖတ်ပြီးဖြစ်လိမ့်မယ်။ အဲဒီဆောင်းပါးထဲမှာတော့ အသက်အရွယ်လေးတော်တော်ရလာတော့ ဇရာဆို တဲ့လက်နဲ့ ထိုးနှက်ခဲ့တဲ့အတွက်ကြောင့် နာကျင်မှု (ဗျာဓိ) သံစဉ်ထွက်လာတဲ့အကြောင်းကို ရေးဖြစ်ခဲ့တယ်။ အဲဒီဆောင်းပါးရေးနေရင်းပဲ ဒီကဗျာလေးနဲ့ ပတ်သတ်တဲ့တခြားတွေးတောစရာလေးတွေလည်း စိတ်ထဲပေါ်လာလို့ အနည်းအကျဉ်းချဲ့ပြီးတွေးဖြစ်ခဲ့တယ်။

အဲဒီလိုတွေးခဲ့တဲ့အတွေးက ဒီနေ့ ဒီမှာပြောလိုတဲ့အကြောင်းအရာနဲ့ ဆက်စပ်နေတယ်ထင်မိလို့ ဒီနေရာမှာနည်း နည်းပြောပြချင်ပါတယ်။

ကဗျာလေးထဲမှာ “ခေါင်းလောင်းသံ ငါတို့ကြား၊ အမျှယူစို့လား”လို့ပါတယ်။ ဒါ မြန်မာရိုးရာဓလေ့နဲ့ ဆက်စပ်နေတယ်။ ဦးဇင်းတို့ငယ်စဉ်က ရွာဦးကျောင်းမှာ တော်တော်ကြီးတဲ့ခေါင်းလောင်းကြီးတွေရှိတယ်။ မင်းဖြူမှန်မှန်ပြောလို့ ဆိုကြတဲ့ အလေးချိန် ငါးသောင်း ငါးထောင် ငါးရာ ငါးဆယ် ငါးပိဿာ အလေးချိန်ရှိတယ်လို့ဆိုတဲ့ မင်းကွန်းခေါင်းလောင်းကြီးလောက် မကြီးမားပေမယ့် ရွှေတိဂုံဘုရားကုန်းတော် ရာဟု ထောင့်ကဓမ္မာရုံထဲမှာ ချိတ်ဆွဲထားတဲ့ ခေါင်းလောင်းကြီးလောက်တော့ ရှိမယ်ထင်တယ်။ ရွာကျောင်းမှာ အဲဒီခေါင်းလောင်းမျိုး သုံးလေးလုံး ရှိတယ်။

ညစဉ်ညတိုင်း ၇ နာရီလောက်အချိန်မှာ ဆရာတော်အပါအဝင် ကျောင်းမှာရှိတဲ့ကျောင်းသားကိုရင်အားလုံး ဘုရားဝတ်ကြတယ်။ ဝတ်မ တက်မီမှာ အချက်ပေးတဲ့အနေနဲ့ အဲဒီခေါင်းလောင်းကြီးတွေကိုထိုးနှက်တယ်။ ခေါင်းလောင်းသံကို တစ်မိုင်ကျော်ကျော် နှစ်မိုင်လောက်က အထိ ကြားရတယ်။

အဲဒီလိုခေါင်းလောင်းကြီးတွေထိုးနှက်ရင် ရွာဦးကျောင်းက ဝတ်တက်ကြတော့မယ်လို့သိတာနဲ့ ရွာထဲက ဘုရားတရားဝါသနာထုံတဲ့ လူကြီး သူမများကလည်း ကိုယ့်အိမ်က ဘုရားစင်ရှေ့မှာ ဘုရားဝတ်တက်ကြတယ်။ အိမ်မှာရှိတဲ့သားသမီးတွေမြေးတွေကိုလည်း ဘုရားရှိခိုးဖို့ တိုက်တွန်းကြတယ်။ ဒီတော့ ခေါင်းလောင်းထိုးသံက ကုသိုလ်ပြုလုပ်ဖို့ အချက်ပေးခေါင်းလောင်းသံလို ဖြစ်နေတယ်။

နောက်တစ်နာရီလောက်နေလို့ ဘုရားဝတ်တက်ပြီးချိန်မှာတော့ အလှည့်ကျတဲ့ ကိုရင်ကြီးတစ်ပါးပါးက ဖြစ်စေ၊ ကျောင်းသားကြီးတစ်ဦးဦးက ဖြစ်စေ၊ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လောလို့ အသံကျယ်ကျယ်နဲ့ အမျှဝေရတယ်။ အခြားသော ကျောင်းသားကြီးတစ်ဦးကတော့ အမျှတစ်ခါဝေပြီးတိုင်း ခေါင်းလောင်းကြီးကို ထိုးနှက်တယ်။ အဲဒီလို ညဦးယံမှာ ဒုတိယအကြိမ်ထိုးတဲ့ ခေါင်းလောင်းသံကိုကြားပြီဆိုလျင် တော့ ကျောင်းကသံဃာတော်များနဲ့ ကျောင်းသားတွေဝတ်တက်ပြီးလို့ အမျှဝေနေပြီဆိုတာ ကြားသူများကသိထားကြတယ်။ ဒါကြောင့် ခေါင်းလောင်းသံကိုကြားတဲ့သူများက သာဓု သာဓု သာဓု လို့ ကြားရာအရပ်ကနေ ကျောင်းဆီမှန်းမျှော်ကာ သာဓုခေါ်ကြတယ်။

အဲဒီလိုအလေ့အကျင့်ဟာ လူကြီးတွေပါမက ကစားနေတဲ့ကစားဝိုင်းက ကလေးတွေအထိတောင်သက်ရောက်လို့ တလင်းပြင်မှာ စုပေါင်းက စားနေလျင်တောင် ကစားတာကိုခဏရပ်လို့ သာဓုခေါ်ကြတယ်။ လူကြီးမိဘများ ကလည်း ကိုယ့်ရဲ့သားသမီးတွေ မြေးတွေကို သာဓုခေါ်ဖို့ တိုက်တွန်းကြတယ်။
လူတွေတွင်မ က ကျောင်းမှာရှိတဲ့ခွေးတွေ၊ ရပ်ရွာထဲရှိ ခွေးတွေလည်း အော်ကြ အူကြတယ်။ အခြားအချိန်မှာ ခွေးတွေအူတာကို သိပ်သဘော မကျကျပေမယ့် ဒီအချိန် ခွေးတွေအော်တာအူတာကိုတော့ ခွေးတွေသာဓုခေါ် တာပဲလို့ လက်ခံနားလည်ပြီး ဝမ်းမြောက်ကျေနပ်ကြတယ်။ ဒါက တောရွာဓလေ့ ချစ်စရာလေးတစ်ခုပေါ့။

ဒီမှာ ဘာတွေ့ရလဲဆိုတော့ ကောင်းမှုကောင်းရာလုပ်တဲ့သူတွေရဲ့လုပ်ငန်းကို ကိုယ်ကိုတိုင်မလုပ်နိုင်တောင် ကျေနပ်တတ်ရမယ်။ အားပေး တတ်ရမယ်။ ဝမ်းမြောက်ဝမ်းသာ ဖြစ်တတ်ရမယ်။ သာဓုအနုမောဒနာ ခေါ်တတ်ရ မယ်ဆိုတဲ့ ဓလေ့ကောင်းတစ်ခုကိုပါ။ ဒီကတဆင့်တက်ကာ သူများတွေကောင်းမှုကောင်းရာပြုလုပ်နေတာကို အတုယူပြီး ကိုယ်ကိုတိုင်လည်း သူတို့လိုပဲ ကောင်းတဲ့အလုပ်တွေကိုလုပ်မယ်ဆိုတဲ့ အသိမျိုးကို ဖြစ်စေနိုင်တယ်။

အဲဒီလို သူများတွေရဲ့ကောင်းတဲ့လုပ်ရပ်တွေကို အားပေးလိုတဲ့စိတ်ထား၊ ကိုယ်တိုင်လည်း ကောင်းတဲ့အလုပ်တွေကိုလုပ်လိုတဲ့စိတ်ထား တွေထွန်းကားလာပါမှ ကိုယ်နေထိုင်တဲ့လူ့အဖွဲ့အစည်း၊ ကိုယ့်ပတ်ဝန်းကျင်နဲ့လောကကြီး ပိုမိုတိုးတက်လာမယ်။ ဒါကြောင့် ကောင်းတဲ့လုပ် ရပ်ဆိုလျင် အားပေးရမယ်။ ကူညီရမယ်။ ဖျက်လိုဖျက်ဆီး မလုပ်ရဘူး။ ကောင်းတဲ့လုပ်ရပ်ကို ဖျက်လိုဖျက်ဆီးလုပ်တဲ့သူရဲ့သန္တာန်မှာ ဘယ် လိုမှ သူတော်ကောင်းစိတ်ဓာတ် မကိန်းတည်နိုင်ဘူး။

နောက်ပြီး ကဗျာလေးထဲမှာ “အမျှ ဘာကြောင့်ယူရတယ်။ ကုသိုလ်ရဖို့ကွယ်” တဲ့။ ဒီတော့ ကုသိုလ်ရဖို့ရန်အတွက် ကုသိုလ်ကောင်းမှုပြု လုပ်ကြသူ၊ သာသာသာသနာအတွက်၊ တိုင်းပြည်နဲ့လူမျိုးအတွက်၊ သက်ရှိကမ္ဘာလောကသားတွေနဲ့ သက်မဲ့ကမ္ဘာလောကကြီးအတွက် ကောင်းရာကောင်းကြောင်း လုပ်ဆောင်ကြတဲ့သူတွေရဲ့ လုပ်ရပ်အားလုံးအပေါ်မှာ ကြည်နူးဝမ်းသာဖြစ်နိုင်ရမယ်။ သူလုပ်တာပဲ။ ငါလုပ်တာ မှမဟုတ်တာဆိုပြီး မနာလိုစိတ်ထားမထားရဘူး။ ဒါဟာ အရေးကြီးပါတယ်။

နောက်ပြီး “ကုသိုလ်သည် ဘယ်မှာလဲ။ ခေါင်းလောင်းထိုးနေဆဲ” တဲ့။ ခု ဒီမှာ သင်တန်းတွေကိုအပင်ပန်းခံကာ ကိုယ့်ရဲ့ကိုယ်ပိုင်အချိန်တွေနဲ့ ငွေကြေးတွေကိုရင်းနှီးမြှပ်နှံကာ ဦးဆောင်ပြုလုပ်ကြတယ်။

ခုလိုသင်တန်းတွေဖွင့်လှစ်နေတဲ့အကြောင်းကိုလည်း အများတကာတွေ သိ အောင်ကြေငြာအသိပေးနေတယ်။ ကြားသိသူတွေ သင်တန်းကို ကိုယ်တိုင်တက်ရောက်ပြီး ကုသိုလ်အမျှတွေရယူနိင်ကြပါစေ။ ကိုယ်တိုင်မ တက်ရောက်နိုင်လည်း အင်တာနက်ကနေတိတ်ခွေတွေကတဆင့် နာကြားနိုင်ကြပါစေ။ တတ်အားသမျှ လှူးဒါန်းမှုတွေပြုလုပ်ကာ ကု သိုလ်ပါဝင်နိုင်ကြပါစေဆိုပြီး ကုသိုလ်ယူနိုင်ခွင့်လမ်းတွေကိုဖွင့်လှစ်ပေးနေကြတယ်။ ဒါကို သာဓုခေါ်နိုင်မယ့်သူတွေအတွက်တော့ ကုသိုလ် တွေရကြမှာ မလွဲပါဘူး။

ဒီတော့ ခုလိုသင်တန်းမှ ဦးဆောင်ဝေယျာဝစ္စပြုလုပ်ကြေသူတွေဟာ ခေါင်းလောင်းထိုးနေတဲ့ ကုသိုလ်အမျှရကြပါစေရယ်လို့ ပေးဝေနေတဲ့ ကုသိုလ်သည်တွေဖြစ်ကြပါတယ်။

သို့ပေမယ့် အထူးသတိထားရမှာက ခုလို ကုသိုလ်အမျှပေးဝေနေသူတွေဆီက ကုသိုလ်ဖြစ်စေမယ့် ကောင်းတဲ့အရာတွေ၊ ကုသိုလ်သံတွေကို သာ ထွက်ပေါ်ပြန့်နှံ့စေဖို့လိုပါတယ်။ ကုသိုလ်အမျှပေးဝေနေတယ်ဆိုပြီး အချင်းချင်းမသင့်တင့် မညီညွတ်ဖြစ်တယ်ဆိုတဲ့အသံတွေ၊ မတ ရားအလုပ်တွေ လုပ်နေတယ်ဆိုတဲ့အသံတွေကို ဖြန့်ဝေ ပေးသလိုမျိုးဖြစ်ခဲ့မယ်ဆိုလျင်တော့ ဒီအသင်းကိုမှီပြီး ဘယ်သူတစ်ဦးတစ်ယောက်မှ ကုသိုလ်ရနိုင်မယ်မဟုတ်ပေဘူး။ အသင်းကို ဦးဆောင်နေသူတွေကလည်း ကုသိုလ်သည်တွေဖြစ်နိုင်မယ်မဟုတ်ပေဘူး။ အကုသိုလ်သည် တွေသာ ဖြစ်ပေလိမ့်မယ်။

ဒါကြောင့် ကိုယ်ကိုယ်တိုင်လည်း သူတစ်ပါးတွေကို ကောင်းမှုတွေမျှဝေနိုင်အောင် ဖြည့်ဆည်းနိုင်တဲ့သူတွေ ဖြစ်ကြပါစေ။ ကိုယ့်ဆီမှာရှိနေတဲ့ ကောင်းမှုကောင်းရာတွေကို ကိုယ်တစ်ယောက်တည်း သိမ်းဆည်းထားတာမျိုးမဟုတ်ပဲ သူတစ်ပါးကိုမျှဝေနိုင်တဲ့စိတ်ထားတွေ မွေးမြူနိုင် ကြပါစေ။ ကုသိုလ်အမျှကိုသာပေးဝေနေတဲ့ ခေါင်းလောင်းထိုးနေသူတွေဖြစ်နိုင်ကြပါစေ။ ကုသိုလ်သည်တွေသာ ဖြစ်ကြပါစေ။ အကုသိုလ် သည်တွေမဖြစ်ကြပါစေနဲ့။

နောက်ပြီး သူတစ်ပါးတွေရဲ့ကောင်းမှုကောင်းရာလုပ်ငန်းစဉ်တွေကို ကြည်နူးကျေနပ်စွာ ဝမ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာ ခေါ်ဆိုနိုင် တဲ့သူတွေ ဖြစ်ကြပါစေ။ ကုသိုလ်ဝယ်သူတွေသာ ဖြစ်ကြပါစေ။ အကုသိုလ်ဝယ်သူတွေလည်း မဖြစ်ကြပါစေနဲ့။ မုဒိတာစိတ်ထား အပြည့်အဝ ထားနိုင်တဲ့သူတွေဖြစ်ကြပါစေလို့ တိုက်တွန်းစကားဆိုရင်း နိဂုမ်းချုပ်ပါတယ်။

မှတ်ချက်။ ။ သြဝါဒအချိန်က ငါးမိနစ်ခန့်သာသတ်မှတ်ပေးထားလို့ မပြောနိုင်ခဲ့တဲ့ငယ်စဉ်က ရပ်ဓလေ့ရွာဓလေ့ ခေါင်းလောင်းထိုးကာ အမျှ ဝေတဲ့အကြောင်းကို အနည်းငယ်ထပ်ဖြည့်လိုက်ပါတယ်။


သရုပ်ဖော်ပန်းချီ - ဦးမြင့်အောင်
မိုးမခမှကူးယူလာပါကြောင်းခင်မျာ

Read more...

About This Blog

Lorem Ipsum

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP